အပိုင်း-၂၃

4.9K 634 58
                                    

Unicode

တေးဂီတသံများဖြင့် မြိုင်ဆိုင်‌ချင်တိုင်း မြိုင်ဆိုင်နေသော ရိပ်မြုံအဖွဲ့အစည်း၏ နှစ်ပတ်လည်အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ညစာစားပွဲတွင်ဖြစ်သည်။ နိုင်ဝေသည် ရှေ့ပိုင်းမကျတကျရှိ ခုံဝိုင်းတစ်ခုတွင် နေရာချပေးထားသည့်အတိုင်းထိုင်ရင်း စင်ပေါ်မှ ဖျော်ဖြေရေးကဏ္ဍကို ကြည့်နေမိသည်။အဆိုရှင်သီးသန့်မပါသည့် ဝါသနာရှင်များရဲ့ အလှည့်ကျတင်ဆက်မှုတွေကို စိတ်ပါလွန်း၍တော့မဟုတ်ပါ။ ဝတ္တရားအရ မဖြစ်မနေရောက်လာခဲ့ပြီးတဲ့နောက် ပြန်ရမည်ကိုစောင့်ရင်း အချိန်ဖြုန်းနေခြင်းသာဖြစ်၏။

ရက်အတော်ကြာပျောက်နေသည်ဆိုသော ဒေါ်သက်သင်းခိုင်ကလည်း ဒီကနေ့မှ နိုင်ဝေ့အနားတဝဲလည်လည်နှင့်။ ဘာမှမက်စရာမရှိသည့်သူကို ဘာကြောင့်များ မျက်စိကျနေသည်တော့မသိပါ။ ထိုအမျိုးသမီးက ပြီးခဲ့သည့်ရက်တွေမှာ နိုင်ဝေနှင့်စကားရောကာ ကောင်လေးအကြောင်းတွေ မေးမြန်းတတ်သည်။ မသိကြောင်း‌ပြောလျှင်လည်း "အမျိုးမကင်းလို့ မေးပေးရတာပါ ဒေါက်တာရယ်။အဲ့ဒီကလေး ဆိုးတာဒေါက်တာလည်းအသိပဲ" ဆိုကာ မဆီမဆိုင်ပြော‌သေးပြန်၏။

ယခုလည်း ပွဲရောက်ရောက်ချင်း နိုင်ဝေ့ကိုဆွဲကာ ဒီခုံမှာလာချထားတာသာကြည့်။ ကျန်‌တဲ့သူတွေကလည်း နိုင်ဝေဟာ ဒေါ်သက်သင်းခိုင်၏ ပစားပေးမှုနှင့် ဝင်လာသူဟုသာ တပြေးညီသတ်မှတ်ထားကြသည်မို့ ထိုအမျိုးသမီးအနားမှာရှိလျှငါ မည်သူကမျှ အထူးတလည်စကားလာပြောတာမျိုး မလုပ်ကြပေ။ တကယ့်တကယ်မှာတော့ နိုင်ဝေ စိတ်ညစ်ပါသည်။ ယုန်ထင်ကြောင်ထင် အထင်ခံရတာကို အသားကျနေပေမဲ့ ထပ်ပြီးသိက္ခာထိခိုက်မည့် ကိစ္စမျိုးကိုတော့ လက်မခံချင်ပါ။ ရိပ်မြုံကို နိုင်ဝေလာတာ ဆရာ့‌ထောက်ခံချက်ကြောင့်သာဖြစ်ကာ တခြားအမျိုးသမီးတစ်ယောက်ရဲ့ လောင်းရိပ်မိနေတာမျိုး‌ လုံးဝမဖြစ်ချင်ပါ။

ဒါတင်မကသေး တစ်ဝိုင်းအကျော်လောက်မှာရှိသည့် လူစု၏အရိပ်အငွေ့တွေကလည်း နိုင်ဝေ့ကိုစိတ်ကျဉ်းကျပ်စေသည်။ သူစိမ်းတွေ ဘယ်လိုထင်သည်ထက် ရင်းနှီးဖူးသူတွေဆီမှ သို့လောသို့လောအကြည့်တွေက ပိုလို့တောင်ခံရခက်စေ၏။ ထိုအထဲမှာ နိုင်ဝေ့ကို ယုံကြည်နေမည့်သူက တစ်ယောက်သာရှိသည်။ ထိုသူက သူရ... ဟိန်းသူရကိုတော့ နိုင်ဝေကောင်းကောင်းသိသည်။ ပထမနှစ်ကတည်းက ပေါင်းလာသူမို့ ခွန်းနစ်ကိစ္စသာမရှိခဲ့လျှင် ဘဝတစ်လျှောက်လုံး အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြလိမ့်မည်။ ထိုကိစ္စနောက်ပိုင်း သူရခံစားချက်အမှန်ကို သိခဲ့ပြီးတဲ့နောက် နှစ်ယောက်ကြားမှာ အတော်လေးဝေးကွာသွားခဲ့ကြပေမဲ့ နိုင်ဝေဘယ်တုန်းကမှ သူရကို မမုန်းတီးခဲ့ဖူးပါ။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now