အပိုင်း-၃၅

6.7K 725 33
                                    

Unicode

ဆက်တိုက်မြည်နေသော ဖုန်းသံကြောင့် နိုင်ဝေအိပ်ရာမှာနိုးလာသည်။ညအိပ်မီးဝါဝါကလွဲလျှင် အခန်းထဲမှာ ဘာအလင်းမရှိသေး။ခဏကြာ‌တော့ဖုန်းသံငြိမ်ကျသွားသည်။ဝိုးတိုးဝါးတားနှင့် အခန်းခြေရင်းမှနာရီဆီကြည့်တော့ ငါးနာရီခွဲ။ ကလောမြို့ရဲ့ ဆောင်းရာသီနဲ့ယှဉ်ရင် ဒီအချိန်က သိပ်ကိုစောလွန်းနေသေးသည်။ နောက်ပြီး ခုလိုကာလကြီးဖုန်းဆက်ရလောက်တဲ့အကြောင်းကိုလည်း စဉ်းစားရခက်လှ၏။

ဘေးကိုငဲ့ကြည့်တော့ ကလေးက နိုင်ဝေ့ရင်ခွင်နှင့်မနီးမဝေးမှာ ခွေခွေလေး။ဂွမ်းအင်္ကျီအထူကြီးကိုဝတ်ထားတာကြောင့် ဂွမ်းလုံးကြီးလိုပင်ဖြစ်နေသည်။ ခေါင်းကိုအောက်ထိလျှေချကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ၏ မျက်နှာကို နိုင်ဝေကြည့်နေလိုက်သည်။

မန္တလေးမှာတုန်းက ညဉ့်နက်တဲ့အထိ ဖိုးသားနှင့်အပြင်ထွက်လိုက်၊ နေချိုမောင်နှင့် ဂိမ်းဆော့လိုက်လုပ်နေပြီး ကလောပြန်ရောက်မှဘဲ ငြိမ်သွားတော့တာပင်။ Htoo Kalawက အလုပ်တွေရှိပေမယ့် စိတ်မချတာကြောင့် နိုင်ဝေပေးမသွားသေး။ အဲရစ်ကနေတဆင့် လိုအပ်တာတွေကိုညွှန်ကြားကာ ပြီးခဲ့သည့်ဖြစ်ကြောင်းကုန်စင်အတွက် ဖြေရှင်းရမည့်နည်းလမ်းကိုရှာနေကြသည်။ ဒီတော့ ခုရက်ပိုင်းမှာ ကမ္ဘာသစ်မှူးက နိုင်ဝေနှင့်အတူ ရိပ်မြုံကိုလိုက်ချင်လိုက် ၊ မလိုက်ချင်လျှင် အိမ်မှာဘဲ Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေတတ်သည်။

ဒီး....ဒီး ဒီး...

ထပ်မံပေါ်ထွက်လာသည့် ဖုန်းသံကြောင့် အိပ်မောကျနေသူဟာ လူးလွန့်လာသည်။

"ကျွတ် ကျွတ် ကျွတ်..."ကောင်လေးရင်ဘတ်တွေကို ပုတ်ပေးကာ စောင်ကိုသေချာခြုံပေးပြီးမှ နိုင်ဝေထလာလိုက်၏။ သူ့အိပ်ရာက အရင်လိုခနော်နီခနော်နဲ့ သံကုတင်လေးမဟုတ်တော့။ ကမ္ဘာသစ်မှူးက ခိုင်ခံ့လွန်းသည်ဆိုသော ကျွန်းကုတင်ကြီးကို အခန်းသေးသေးလေးတစ်ခုလုံး ပြည့်မတတ်ထည့်ဆင်ထားတာကြောင့် ဘေးမှာ လူတစ်ယောက်သွားစာနေရာလွတ်သာကျန်သည်။

အိပ်ခန်းအပြင်ကို ရောက်သည်အထိ ဖုန်းကမြည်နေဆဲ။ နိုင်ဝေကောက်ကိုင်လိုက်တော့ ကောင်လေးဖုန်းဖြစ်နေသည်။ ဆက်သွယ်သူက *Aunty No No*၊ နောက်မှာ အသည်းပုံးလေးသုံးခုပင်ပါလိုက်သေး၏။ ကိုင်ရနိုး မကိုင်ရနိုးနှင့် အသံကိုပိတ်ပြီးတွေဝေနေဆဲမှာ ဖုန်းကကျသွားသည်။ သို့သော် ချက်ချင်းပင်ပြန်ခေါ်လာတာကြောင့် နိုင်ဝေကိုင်လိုက်ရ၏။ ဒီလောက်ထိ ဆက်တိုက်ခေါ်နေတာမို့ အရေးတကြီးဖြစ်မှာ သေချာသည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Unde poveștirile trăiesc. Descoperă acum