Chapter - 12

19K 1.2K 268
                                    

သုံးရက်ကြာပြီးနောက် နေ့လယ်ခင်းအချိန်တွင် ဖြစ်၏။ သျှန်ယုတစ်ယောက် ကျောက်စိမ်းရတနာမိသားစု၏ အိမ်ရာအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုအချိန်၌ သူဟာ ဦးရစ်ချက်ဟေဗယ်နှင့်အတူ အောက်ထပ်ရှိ ဧည့်ခန်းအတွင်း၌ ရှိနေကြလေသည်။

ရတနာလုပ်ငန်းများကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်ခဲ့ကြသော မိသားစုဖြစ်သည်မို့ နေအိမ်အတွင်း အလှဆင်ထားမှုများ၌ တန်ဖိုးကြီးရတနာများက သူ့နေရာနှင့်သူ ထည်ဝါစွာ ပံ့ပိုးပေးနေကြလျက်ရှိ၏။ နံရံထက်တို့မှ ပန်းချီကားတို့၏ဘောင်များနှင့် ပန်းအိုးတို့တွင် အလှဆင်ထားသော ကျောက်များဟာ အရည်လဲ့နေကြလျက်ရှိပြီး ၎င်းတို့အား တစ်ချက်ကြည့်ရုံမျှနှင့်ပင် အရည်အသွေးမီ ကျောက်မျက်ရတနာများ ဖြစ်ကြသည်မှန်း သိသိသာသာပါပင်။

သည်အိမ်ကြီး၏ ဒုတိယသခင်ဖြစ်သူ ဦးရစ်ချက်ဟေဗယ်က အဖြူရောင်ကို ကြိုက်နှစ်သက်သူမို့ နေအိမ်တစ်ခုလုံးအတွင်း၌ အခြေခံအရောင်အဖြစ် အသုံးပြုထားသည်များမှာ အဖြူရောင်နှင့် ငွေရောင်တို့သာ ဖြစ်ကြပါသည်။ ဤသည်ကို ကြည့်ရုံနှင့်ပင် ဤအိမ်၌ အလိုလိုက်အခံရဆုံးသူမှာ မည်သူဖြစ်သည်ဆိုတာကို အလိုအလျောက် သိနိုင်ပါပေ၏။

"ဒီဇိုင်းတွေကိုတော့ ထုံးစံအတိုင်း အန်ကယ်လေးကိုယ်တိုင်ပဲ ဆွဲပေးလိုက်ပါတော့ဗျာ၊ အဘွားတော်က အန်ကယ်လေး ဆွဲပေးသမျှ အကုန်ကြိုက်တာဆိုတော့ ဒီတစ်ခေါက်လည်း သဘောကျမှာပဲ၊ ကျွန်တော်ကကျတော့ ကိုယ်တိုင်အတွက်ပဲ ရွေးပြီးဝတ်တတ်တာ၊ အယ်.. ဒါလေး အရမ်းလှတာပဲ၊ ဒါလေးဆို သျှန်တီနဲ့ တော်တော်လိုက်မှာနော်"

ဦးရစ်ချက်နှင့် သျှန်ယုတို့ဟာ ဆိုဖာခုံရှည်ကြီးတစ်လုံးထက်၌ ဘေးချင်းကပ်ထိုင်နေကြခြင်းဖြစ်ပြီး သူတို့၏ လက်တို့ထဲတွင်တော့ ရတနာပစ္စည်းများနှင့်ပတ်သက်သော ဒီဇိုင်းစာအုပ်များ ရှိနေကြ၏။ သူတို့ဟာ ထိုစာအုပ်များထဲမှ ဒီဇိုင်းများကို လိုက်ကြည့်နေကြခြင်းဖြစ်ပြီး ယခုတွင်တော့ သျှန်ယုဟာ သူနှစ်သက်သော ဒီဇိုင်းလေးတစ်ခုကို မြင်လိုက်ရသည်မို့ စကားတို့ပြောနေရင်းမှ နံဘေးရှိ ဦးရစ်ချက်ဘက်သို့ စာအုပ်ကိုတိုးကာ ပြလိုက်​ခြင်း။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now