Extra - 4

15.7K 999 96
                                    

မိုးရာသီကာလဖြစ်၏။

အီသန်တစ်ယောက် သူတို့နေထိုင်ရာ အဆောက်အဦနှင့် မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ရှိ စတိုးဆိုင်မှ လိုအပ်သည်များကို ဝယ်ယူပြီး ပြန်ထွက်လာသည်။ သူဟာ မီးခိုးရောင်လည်ပိတ်ဆွယ်တာနှင့် အနက်ရောင်ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားပြီး သူ၏တင်ပါးကျော်သော ဆံပင်ကောက်အရှည်တို့အား နောက်၌ ခပ်ပြေပြေစည်းနှောင်ထား၏။

ပြင်ပ၌ မိုးက ဖွဲဖွဲကျနေသည်မို့ သူ၏ညာဘက်လက်၌ ထီးအနက်ရောင်ကို ကိုင်ထားလျက် ဘယ်ဘက်လက်ထဲတွင်တော့ ဝယ်ယူထားသော ပစ္စည်းများထည့်ထားသည့် အထုပ်အား ဆွဲထားသည်။

သူဝယ်ယူလာသည်တို့မှာ အမျိုးသားများ အခြေခံလိုအပ်သည့် ပစ္စည်းအချို့နှင့်အတူ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်ဥတစ်ကဒ်သာ ဖြစ်၏။

အချိန်သည်ကား ညနေ ၆ နာရီကျော်ရုံသာ ရှိသေးသော်ငြား ကောင်းကင်ယံထက် မိုးသားများနှင့် ပြည့်နှက်နေသည်မို့ ည ၈ နာရီလောက် ရှိနေသည့်နှယ် မှောင်နေလေသည်။ အီသန်ဟာ လမ်းကို ဂရုတစိုက်ဖြင့် ကူးလိုက်၏။ သူ၏လက်ရှိမျက်နှာထားက တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်နေသည့်အလား အတော်လေးတည်တင်းနေလေသည်။

'ငါဒီလောက်ကြာနေတာတောင် ဖုန်းတစ်ချက်မဆက်ဘူးပဲ။ ကောင်းလိုက်တဲ့ ဂုဏ်ပိုင်စိုး။ ရိုက်သတ်ပစ်ဖို့ပဲ ကောင်းတယ်။'

အီသန်သည် ထိုသို့ စိတ်တွင်းမှ ကြိမ်းဝါးလိုက်ရင်း မျက်နှာထားကလည်း ပို၍တင်းလာ၏။ အကြောင်းမှာတော့ လက်ထပ်ပြီးတာ နှစ်နှစ်ပဲကြာသေးသော်ငြား အချိုးများပြောင်းသွားသော တစ်စုံတစ်ယောက်ကြောင့်ပင်။

အခြေအနေများစွာ ဖြစ်ပျက်ပြီးသည့်နောက် စကြဝဠာ၏အလိုအရ နှစ်ဖက်ကမ္ဘာအကြားရှိ နယ်နိမိတ်စည်းဟာ လက်ရှိကောင်းချီးခံမျိုးဆက်နှစ်ဆက် သက်ရှိထင်ရှားရှိနေသေးချိန်အထိ ပွင့်နေမည်ဖြစ်သော်ငြား ကမ္ဘာနှစ်ခုကို အချိန်တိုင်း၊ စက္ကန့်တိုင်း ကူးလို့ရသည်ဟူ၍တော့ မဆိုလိုပါချေ။

ထိုသို့ပွင့်နေခြင်းမှာ ကောင်းချီးခံဝိဉာဉ်များ မည်သည့်ကမ္ဘာတွင်နေပါစေ၊ သူတို့ရရှိထားသော ကောင်းချီးများက အမိကမ္ဘာမြေကို သက်ရောက်စေရန်အတွက်သာ နယ်နိမိတ်စည်းက ပွင့်နေခြင်း ဖြစ်သည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now