Chapter 8

1K 123 1
                                    

အခန်း ( ၈ )
 
 
ရွှီချောင်က သူ့ ဘေးတွင် ရပ်ရင်း အနည်းငယ် ရှက်နေကာ ရှန်ကို ပြုံးပြလိုက်သည်။
 
ရှန်က သူမရဲ့ ပါးစပ်ကို ဖုံးကွယ်၍ ပြောသည်။ “ယောက်မရေ၊ မရှက်ပါနဲ့၊ အကိုကြီး အမကို ကောင်းကောင်း ဆက်ဆံတာက ကောင်းချီးတစ်ခုပါပဲ၊ ဒါပေမဲ့ ယောက်မရေ၊ တကယ်လည်းပဲ အမရဲ့ ခန္ဓာကိုယ်ကို ကြီးထွားလာအောင် လုပ်သင့်တယ်နော်၊ ဒီလို ပိန်ပါးပါး ခန္ဓာကိုယ်လေးနဲ့ ကလေး တစ်ယောက်ကို ပျိုးထောင်ဖို့ မလွယ်ဘူးနော်”
 
ထိုသို့ ကြားလျှင် ရွှီချောင်က ဖူကွေ့ကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ ဦးခေါင်းကို အလျှင်အမြန် နှိမ့်လိုက်သည်။
 
ရှန်က ပြုံး၍ ဖူကွေ့ကို အပြင်ထွက်စေပြီး ရွှီချောင်ကို ခေါ်ထားခဲ့သည်။ ရွှီချောင်သည် ရှန်က ဥ ၁၀ လုံးကို အိုးကြီးထဲရှိ ရေဆူဆူထဲသို့ ထည့်လိုက်သည်နှင့် ကျန် ၁၀ လုံးကို ခွဲ၍ ပန်းကန် တစ်လုံးထဲသို့ ထည့်ကာ ဆား အနည်းငယ် ထည့်၍ ကြော်လိုက်သည်တို့ကို ကြည့်နေခဲ့သည်။
 
ရွှီချောင်က မီးဖိုထဲသို့ မီးထည့်ပေး နေခဲ့သည်။ ရှန်က မွှေထားသည့် ဥကို ကြော်လိုက်သည်။ ပြီးနောက် မီးဖိုချောင်ထောင့်ရှိ ဖရုံသီးပုံထဲမှ တစ်လုံးကို တစ်ဝက်ဝက်၍ အခွံ့နွှာကာ အတုံးသေးသေး တုံးလိုက်သည်။
 
ထိုအခိုက်တွင် အိုးထဲမှ ဥတို့က ပေါလော ပေါ်နေလေပြီ။ နောက်ထပ် အချိန် အနည်းငယ် ချက်ပြုတ် ပြီးချိန်တွင် ရှန်က ဥ အားလုံးကို ဆယ်လိုက်သည်။ ရှန်က ရွှီချောင်ကို မော့ကြည့်လိုက်သည်။ ဥတို့ကို ရေအေးထဲ စိမ်ပြီးနောက် ဖူကွေ့ ဥတို့ကို ထုပ်လာသည့် အဝတ်နှင့် ပြန်ထုပ်၍ ရွှီချောင့် လက်မောင်းထဲသို့ ထည့်ပေးရင်း “အစ်မ၊ မြန်မြန်၊ ဥတွေယူပြီး အခန်းပြန်တော့၊ အမေနဲ့ တတိယ ယောက်မတို့ တွေ့သွားရင် မကောင်းတာတွေ ပြောကြလိမ့်မယ်”
 
ရွှီချောင်က ခေါင်းညိတ်၍ “ ကောင်းပြီ၊ တစ်ချို့တစ်ဝက်ကို ရှောင်ကျွင်း အတွက် ချန်ထားပေးခဲ့မယ်”
 
ရှန်က ပြောလိုက်သည်။ “အဆင်ပြေပါတယ်၊ ကျွန်မ ရှောင်ကျွင်းကို အစ်မတို့ အခန်းဆီ ခေါ်လာခဲ့မယ်”
 
ရွှီချောင်က လက်ထဲတွင် ဥတို့ကို ပိုက်၍ အခန်းဆီ ပြန်လာခဲ့သည်။ သူမ မမျှော်လင့်မိသည်က သူမ မီးဖိုခန်းမှ ထွက်ထွက်ချင်းမှာပင် နျိုသည်လည်း သန်းဝေရင်း ရောက်လာမည်ကိုပင်။ သည်ပုဂ္ဂိုလ်က တော်တော်လေးလည်း အိပ်နိုင်ပြီး ခုချိန်ထိ မနိုးကြားသေးပေ။ ရွှီချောင်က သူမကို အလုပ်ရှုပ်ခံ၍ ဂရုစိုက်မနေပဲ သူမရဲ့ အခန်းဆီကိုသာ ဥတို့ကို ပိုက်ရင်း ပြန်ခဲ့သည်။
 
နျိုက ရွှီချောင်၏ လက်ထဲ ကိုင်ထားသည့် အရာကို ကြည့်၍ “အိုး၊ ယောက်မ လက်ထဲက ဘာတွေလဲ၊ ဖုံးထားတာပဲ၊ မီးဖိုခန်းထဲက စားစရာကို ခိုးလာတာတော့ မဟုတ်ဘူးမလား”
နျိုက နေရာမှာတင် ခြေဆောင့်လိုက်ပေမဲ့ ဘာ တစ်ခွန်းမှတော့ ပြန်မပြောရဲ။ ရွှီချောင်က ဖူကွေ့နောက်မှ လိုက်ကာ အခန်းဆီ ပြန်လာရင်း ထိုအကြောင်းကို ပြန်စဉ်းနေကာ အနည်းငယ် မကောင်းသလို ခံစားလိုက်ရသည်။ “ဖူကွေ့၊ နက်ဖြန် အားလုံးကို ဥ တစ်ယောက်တစ်လုံး ပေးလိုက်ရအောင်၊ ကျွန်မ တစ်ယောက်တည်းလည်း စားလို့ ကုန်မှာ မဟုတ်ဘူးလေ”
ဖူကွေ့က ပြန်ခံပြောသည်။ “မင်း ဘယ်လိုတောင် လုပ်နိုင်ရတာလဲ၊ ကိုယ် ဒီဥတွေကို မင်းအတွက် အထူးသီးသန့် ရှာလာခဲ့တာလေ၊ ဒါ့အပြင် ဂျူးမြစ် နှစ်ထုံး ရှိသေးတယ် မလား၊ တစ်ထုံးကို အိမ်မှာစားဖို့ ထားလိုက်၊ နောက်တစ်ထုံးကိုတော့ ကိုယ်ပြန်လာတဲ့ထိ စောင့်ဦး၊ ဒါတွေကို ပြန်ယူထားလိုက်ပါ၊ မင်းခန္ဓာကိုယ်က အရမ်း ပိန်နေတယ်၊ ဒီဥတွေကို စားဖို့ သိမ်းထား”
ရွှီချောင်က ဘာတစ်ခွန်းမှ ထပ်ပြောတော့မည် မဟုတ်ပေ။ ညနေစာ စားပြီးနောက် ရွှီချောင်က အခန်းဆီ ပြန်နားမည့် ဆဲဆဲတွင် အပြင်ဘက်မှ ရင်းနှီးနေသည့် ခွေးဟောင်သံကို ကြားလိုက်ရသည်။
ဟေး၊ ဒါက ရှောင်ပိုင့်အသံ မဟုတ်လား။ သူမက ထွက်ကြည့်ရန် သွားခဲ့ပြီး ဒါသည် အမှန်ပင် ခွေးဖြူလေး၏ ခန္ဓာကိုယ် သေးသေးလေး ဖြစ်နေသည်။ ရွှီချောင်က ဆောင့်ကြောင့်ထိုင်ချ၍ ခွေးဖြူလေးကို ထိလိုက်သည်။ “ရှောင်ပိုင် ဘာဖြစ်လို့ ဒီကို လိုက်လာတာလဲ၊ အမေ မင်းကို အနိုင်ကျင့်လို့လား”
အနီးစပ်ဆုံး ခန့်မှန်းရလျှင် သူမမရှိတုန်း သူမ မိခင်က ရှောင်ပိုင်ကို သတ်၍ ချက်စားချင်နေသည်ပဲ ဖြစ်ရမည်။ သူမ မိဘအိမ်တွင် ရှိစဉ်ကတည်းက ရှောင်ပိုင့်အပေါ် သူမအမေ၏ အာရုံစိုက်မှုမှာ တစ်ရက် နှစ်ရက် မကပေ။ ယခု သူမ လက်ထပ် ပြီးချိန်တွင် သူမ အမေက ရှောင်ပိုင့်ကို ချက်စားရန် သတ်ချင်နေခြင်း ဖြစ်ရမည်။ ဒါကြောင့်သာ ရောင်ပိုင်က သူမကို လာရှာခြင်း ဖြစ်မည်။
 
ရှောင်ပိုင်က နှစ်ကြိမ်လောက် ဟောင်သံ ပြုလိုက်သည်။ ထို့နောက် သူ၏ အမြီးနှင့် ရွှီချောင့် ခြေထောက်ကို ထိရမ်းနေခဲ့သည်။ ရွှီချောင်က သူမဘေးတွင် လှဲလျောင်းနေသည့် ဟေးကျီကို တစ်ချက်ကြည့်၍ ရှောင်ပိုင့်ကို ပြောလိုက်သည်။ “မင်း ဟေးကျီကို မကြောက်ဘူး ဆိုရင်တော့ ယန်မိသားစုမှာ နေလို့ရတယ်”
 
 
ရွှီချောင်က ရှောင်ပိုင်မှ သူမကို နှစ်ကြိမ် ဟောင်ပြသည်ကို တွေ့ရပြီးနောက် ရှောင်ပိုင်က ဟေးကျီဆီ လာ၍ သူ၏ အမြီးကိုထိကာ ခွင့်ပြုရန် တောင်းဆိုသည့်နှယ် ဖွဖွလေး ဟောင်လေသည်။ ဟေးကျီက မျက်ခွံတို့ကို ပင့်ကြည့်ပြီး နောက်တစ်ခဏ၌ ပြန်၍ မျက်လုံး ပိတ်သွားလေသည်။ ရှောင်ပိုင်က ပျော်ရွှင်စွာ နှစ်ကြိမ် ဟောင်၍ ဟေးကျီ၏ နံဘေးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။
 
ရွှီချောင်က ရယ်၍ အခန်းဆီသို့ ပြန်လာခဲ့သည်။ ဖူကွေ့က မြောင်မြောင်ကို သတိကြီးစွာနှင့် ချီထားလေသည်။ လူထွားကြီးသည် ကလေး တစ်ယောက်ကိုပင် မချီပိုးတတ်ပေ။ သူမ ဝင်လာသည်ကို မြင်လျှင် ပြုံး၍ “အဲ့ဒါ မင်းရဲ့ ခွေးဖြူလေးလား”
 
ရွှီချောင်က သူ့လက်ထဲမှ မြောင်မြောင့်ကို ခေါ်လိုက်ရင်း ပြုံးကာ “ကြည့်ရတာ အမေတော့ ရှောင်ပိုင် အာရုံစိုက်အောင် လုပ်လိုက်ပြန်ပြီ ထင်တယ်၊ ရှောင်ပိုင် ကျွန်မကို လာရှာတာ၊ ဖူကွေ့ .. တကယ်လို့ ရှောင်ပိုင်က အနာဂတ်မှာ ယန်မိသားစုမှာ နေမယ်ဆိုရင် ဝင်ရှုပ်ရာ မကျလောက်ပါဘူးနော်”
ဖူကွေ့က နှုတ်ခမ်း တစ်ဖက်ကို တွန့်၍ “ဘာပြဿနာရှိမှာလဲ၊ ဟေးကျီနောက်သာ လိုက်ခိုင်းလိုက်ပါ”
 
ရွှီချောင်က ထိုသို့ကြားလျှင် ပြုံးလိုက်သည်။ ထို့နောက် သူမ၏ အာရုံအလုံးစုံမှာ လက်မောင်းထဲရှိ မြောင်မြောင့်ထံ ရောက်သွားသည်။ “ မြောင်မြောင်ရေ အမေလို့ ခေါ်ပါဦး”
“လန်…”
 
ရွှီချောင်က အလွန်စိတ်ရှည်လေသည်။ “မြောင်မြောင်လေး.. အဲ့ဒါက နျန်ပါ၊ လန် မဟုတ်ဘူးနော်၊ အဲ့ဒါက နျန်…”
 
“နျ..”
“နျန်…” ရွှီချောင်က ဆက်၍ အမှန် ပြင်ပေးလိုက်သည်။
 
သူမက မြောင်မြောင့်ကို ညစာ ကျွေးခဲ့သည်။ မတိုင်ခင်က ဆိုလျှင် မြောင်မြောင့်ကို ညစာ စားပွဲတွင် မကျွေးခဲ့ပေ။ ချန်က နေ့တိုင်း ညစာ ကျွေးရန်‌ ရောက်လာပြီး နေ့တိုင်း ထိုသို့သာ ကျွေးလေသည်။
 
သည်ညတွင် မြောင်မြောင်က အတော်များများ စားခဲ့သည်။ ဖရုံသီးနှင့် ဥမွှေကြော် ပန်းကန် တစ်ဝက်မျှနှင့် ပေါက်စီ တစ်လုံး စားခဲ့ပြီး ယခု သူမလေး၏ ဗိုက်ဖောင်းဖောင်းလေးနှင့် ရွှီချောင့် လက်မောင်းထဲတွင် လှဲလျောင်းနေရင်း လန်ဟု အော်နေလေသည်။
 
၂ နှစ်သာ ရှိသေးသည့် ကလေးလေးက ဘာကိုမှ မမှတ်မိသေးပေ။ မြောင်မြောင်က ကြောက်တတ်သည့် ကလေးတော့ မဟုတ်ပေ။ ရွှီချောင်သည်လည်း သည်ကလေးကို စိတ်ရင်းနှင့် ဆက်ဆံပေးခဲ့သည်။ ကလေးလေးမှာ ကျိုးကြောင်း မဆီလျော်နိုင်သော်ငြား သူမကို မည်သူက စိတ်ရင်းနှင့် ဆက်ဆံကြောင်း ပြောနိုင်သေးသည်။ ဒီညနေက မြောင်မြောင်လေးသည် ရွှီချောင့်ထံသာ ကပ်နေခဲ့ပြီး ချန်ထိရန် ခွင့်မပြုခဲ့ပေ။
 
“ဇနီးလေးရေ မင်းက အရမ်း ကြင်နာတတ်တာပဲ” ဖူကွေ့ရဲ့ စိတ်နေစိတ်ထားမှာ ဖြောင့်မတ်ပေမဲ့ သူသည်လည်း မည်သူက စိတ်ရင်းမှန်၍ မည်သူက မလိုတမာစိတ် ရှိသည်ကိုတော့ ခွဲခြားတတ်သည်။ သူက ရွှီချောင့်ကို အတိတ်မှာ ကတည်းက အချိန်အတော်ကြာ သိနေခဲ့သည်။ သူမက ခေါင်းမာသော်လည်း ကြင်နာတတ်သည့် နှလုံးသားရှိသည်။ ရွှီချောင်က သူ၏ ဇနီးဟောင်းထက် အဆများစွာ သာသည်ကိုလည်း သိလေသည်။ သူ၏ ယခင် မိန်းမအကြောင်း တွေးမိလျှင် ဖူကွေ့က မျက်မှောင်ကြုတ်၍ ရွံ့ရှာမိတော့သည်။
 
“ဘာတွေ ပြောနေတာလဲ၊ ကျွန်မတို့က မိသားစုတွေပဲကို” ရွှီချောင်က ထိုသူကို ကြောင်အစွာ ငေးရင်း သူမ၏ ပါးမို့တို့မှာ အနီရောင် ပြောင်းလာ ခဲ့ပြန်သည်။
 
ရှက်နေသည့် ဇနီးလေးကို ကြည့်ပြီး ဖူကွေ့က စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဇနီးလေးက ပိန်လွန်းသည်။ သူ ဘယ်အချိန်မှ သုံးဆောင် ရမည်လဲ။
 
ရွှီချောင်ကတော့ သူမရှေ့ရှိ လူရိုးကြီး၏ အတွေးတို့ကို သိမနေခဲ့ပဲ သူမနှင့် မြောင်မြောင်တို့တွင် အချိန်ကောင်းလေးတွေ ရနေခဲ့လေသည်။
 
တစ်ညလုံးနီးပါး သင်ပေးပြီး နောက်ဆုံးတွင်တော့ ရှောင်မြောင်မြောင်က သူမကို အမေဟု ပီသစွာ ခေါ်ခဲ့လေသည်။ သူမက ရွှီချောင့်ကို ပြုံးပြနေခဲ့သည်။
 
ညအချိန်အခါတွင် ရှောင်မြောင်မြောင်က ခန်ပေါ်တွင် အိပ်ခဲ့သည်။ ဖူကွေ့မှာ သူ့ဇနီးလေးကို ဖက်ချင်သည့် ဆန္ဒတို့ မပြည့်ဝခဲ့ပေ။
 
ဒုတိယနေ့ ရွှီချောင် နိုးလာချိန်တွင် နျိုက မနက်စာ ပြင်ခဲ့သည်။ အစားအသောက်တို့က လုံးဝ သာမန်ဖြစ်ကာ လက်ခံနိုင်ဖွယ် အရသာ မရှိ‌ပေ။ သူမက ခေါက်ဆွဲ တစ်အိုး ပြုတ်ခဲ့ပြီး ရွှီချောင်မှာ တစ်ပန်းကန် ကုန်အောင် မနည်း တွန်းထိုး စားသောက်ခဲ့ရသည်။ ကျန် ယန်မိသားစုဝင်တို့ကို ကြည့်ရသည်မှာ အဆင်ပြေကြပုံ ပေါ်သည်။ နျိုက ခေါက်ဆွဲကို အနည်းငယ်ပင် မစားပေ။
 
မိသားစု အကြီးပိုင်းတို့ စားရန် အသင့်ဖြစ် နေကြသည်ကို မြင်လျှင် နျိုက ဖူကွေ့ထံ လျှောက်လာ၍ အပြုံးလေးနှင့် ပြောလိုက်သည်။ “အစ်ကိုကြီး၊ ကျွန်မ မြို့ထဲ သွားဦးမလို့၊ မနေ့က အကို ရခဲ့တဲ့ သားကောင်ကို ရောင်းချင်လား၊ ကျွန်မကို ပေးလိုက်လေ၊ ကျွန်မ ကူရောင်းပေးမယ်”
 
သူမ ဘေးရှိ လူတို့က နှာခေါင်းရှုံ့ကြသည်။ ‘သားကောင်ကို မင်း ယူသွားပြီး ရောင်းလို့ကတော့ ရသမျှ ပိုက်ဆံတွေ မင်းအိပ်ကပ်ထဲပဲ ရောက်ကုန်မှာ စိုးမိပါရဲ့’
 
ဒါကိုကြားလျှင် ဖူကွေ့က အမြန်‌ခေါင်းရမ်း၍ “မဟုတ်ဘူး၊ ငါ ခဏနေ မြို့ထဲသွားမှာ၊ ဒီသားကောင်ကို ငါကိုယ်တိုင်ပဲ ရောင်းလိုက်မယ်” သားကောင်က ခြေထောက် တစ်ဖက်တွင် နာနေပြီး ခုထိ အသက်ရှင်ဆဲ ဖြစ်သည်။ ဈေးနှုန်းမှာလည်း ၂ ဆင့်လောက် မြင့်တက်သွား နိုင်သည်။
 
နျိုက ထိုသို့ကြားလျှင် မပျော်မရွှင် ဖြစ်သွားပေမဲ့ ဘာမှတော့ မပြောရဲပေ။ သူက မေးရုံသာ မေးလေသည်။ “အကိုကြီး၊ သားကောင်က ရောင်းမှာမလား၊ ဒီ ယုန်ရိုင်း နှစ်ကောင်ကရော”
 
“တစ်ကောင်ကို ငါတို့အတွက် ချန်ထားပြီး တစ်ကောင်ကိုတော့ နက်ဖြန် ဇနီးလေးအိမ်ကို ပြန်တဲ့အခါ ယူသွားမယ်” ဖူကွေ့က ထိုသို့ ပြော၍ ရယ်ရင်း ရွှီချောင့်ကို ကြည့်နေခဲ့သည်။
 
မနက်ခင်းတွင် နျိုက ယာခင်းဆီ သွား၍ ပြောင်းဖူးချိုးရန် ငြင်းဆိုပြီး မြို့သို့ သွားခဲ့သည်။ ချန်က သူမကို ခါးသက်သက် အကြည့်တစ်ချက် ပေးလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ ဖူကွေ့က သားကောင်ကို သယ်၍ မြို့သို့ ထွက်သွားခဲ့သည်။ ရွှီချောင်က သူ့ကို စပျစ်ယို လုပ်ရန်အတွက် သကြားခဲနှင့် ပျားရည်တို့ကို မှာလိုက်သည်။
 
ထို့နောက်တွင် ကျန်လူများ အားလုံးက ယာခင်းဆီသို့ ထွက်လာခဲ့ကြသည်။ သို့ပေမဲ့ အရုပ်ကလေး နှစ်ရုပ်ကို အိမ်တွင် ထားခဲ့ပြီး ချန်ကို စောင့်ရှောက်ခိုင်း ခဲ့သည်။
 
ယာခင်းထဲတွင် တစ်ရက် ကုန်ဆုံးပြီးနောက် ရွှီချောင် အိမ်ပြန်လာချိန်တွင် အမေချန်ကို မဲမှောင်နေသည့် မျက်နှာနှင့် တွေ့လိုက်ရသည်။ ထပ်ကြည့်လိုက်လျှင် သူမရဲ့လူက စပျစ်ရိုင်း အိတ်ကြီးကို သယ်ထားပြီး လှုပ်ပြနေသည်ကို တွေ့လိုက်ရသည်။ သူက ရွှီချောင့်ကို မြင်လျှင် ပြုံး၍ ပြောလေသည်။ “ဇနီးလေး.. လာပြီး ကြည့်လိုက်ဦး၊ ဒီနေ့ခင်းက ကိုယ် မင်းအတွက် စပျစ်တွေ ကောက်ဖို့ တောင်ပေါ်ကို သွားခဲ့တာ၊ မင်းက ပျားရည် လိုချင်တယ်လို့ ပြောလို့ ကိုယ် ပျားလပို့ ယူလာခဲ့တယ်၊ တောရိုင်းဥ အလုံး ၃၀ လောက်လည်း ယူလာသေးတယ်၊ မင်း မနက်ဖြန် အိမ်ပြန်တဲ့အခါ ယူသွားလိုက်”
 
ရွှီချောင်က ထိုစကားတို့ကို ကြားပြီးနောက် သူမဘေးတွင် ကြီးမားသော ပျားလပို့ကြီးကို တွေ့လိုက်ရသည်။ သူမ အိမ်ထဲ မဝင်ရသေးသော်ငြား ပျားရည်နံ့ကို အပြင်ဘက်မှပင် ရနေသည်။
 
သည်စကားတို့ကို ပြောပြီးလျှင် ချန်၏ မျက်နှာမှာ ပို၍ပင် ကြည့်ရဆိုးလာပြီး သူမက အော်လိုက်သည်။ “မင်း ဒီနေ့လယ်က အမဲလိုက်ဖို့ ထွက်သွားပြီး ခရမ်းရောင်အသီး တစ်အိတ်ကြီးလည်း ပြန်ယူလာသေးတယ်၊ ဥရိုင်း အလုံး ၃၀ ကိုလည်း ငါမရပဲ သူတို့အိမ်ကို ပေးလိုက်မယ်ဆိုရင် ဒါ လက်ဖွာတာပဲ” သူမက ပြောပြီးနောက် နာမလည်နိုင် ဖြစ်နေပြီး အော်ပြောပြန်သည်။ “ဖူကွေ့၊ ပျားလပို့ကို ယူမသွားနဲ့၊ တစ်ချို့ကို ရှောင်ကျွင်း အားဆေး လုပ်ဖို့အတွက် ထားလိုက်”
 
ဖူကွေ့က လှည့်၍ ပြုံးကာ “မဖြစ်နိုင်လောက်ဘူး အမေ၊ ကျွန်တော့် ဇနီးက ပျားရည်နဲ့ ယို လုပ်မယ်လို့ ပြောတယ်၊ တကယ်လို့ ပိုခဲ့ရင်တော့ အမေ့ကို ပေးမှာပါ”
 
နင်သွားသည့် ချန်မှာ စကား တစ်ခွန်းပင် မဆိုနိုင်တော့ပေ။ ချန်က ရွှီချောင်ကို ဖူကွေ့ရှေ့တွင် မငေါက်ရဲပေ။ သူမရဲ့ သွေးမတော်သားက ရွှီချောင့်ကို အချိန်တို အတွင်းမှာပဲ ကာကွယ်ပေးမည်ကို သူမသိသည်။
 
ရွှီချောင်က ထိုစကားတို့ကို ကြားလျှင် ပြုံး၍ ပြေလေသည်။ “အမေ၊ ကျွန်မက ပျားရည်ကို ယိုလုပ်ရင် သုံးမလို့ပါ၊ ယိုကို မြို့မှာ သွားရောင်းမလို့လေ၊ ကျွန်မ ငွေတုံး အနည်းငယ်လောက် ရရင်လည်း ရလာနိုင်တယ်၊ စိတ်မဆိုးပါနဲ့၊ အဲ့ကျ ကျွန်မက ရှောင်ကျွင်းနဲ့ မြောင်မြောင့်အတွက် ပိတ်စဖြတ်ပြီး အထည် နှစ်စုံလောက် ချုပ်ပေးမှာပါ”
 
ချန်က ငြိမ်ကျသွားသည်။ “မင်းပြောတဲ့ အဲ့ဒါက ပိုက်ဆံ ရှာနိုင်မှာလား”
 
“ရမှာပါ၊ ပြဿနာ မရှိပါဘူး” ဒီစပျစ်ယိုရဲ့ ချိုချိုချဉ်ချဉ် အရသာမှာ လူကြိုက်များသည့် အမျိုးအစား ဖြစ်ပြီး လူတိုင်းနီးပါး စားလိမ့်မည်။ သို့ပေမဲ့ ယိုလုပ်ပြီးလျှင် ဈေးနှုန်းသည်တော့ အနည်းငယ် များလိမ့်မည်။ သူမသည် လူကုံထံအိမ်တို့ထံ တိုက်ရိုက် ရောင်းရန် စီစဉ်ထားသည်။
 
သူမ ပိုက်ဆံရှာနိုင်မည် ဆိုသည်ကို ကြားလျှင် ချန်က ပျော်ရွှင်သွားပြီး ဘာတစ်ခွန်းမျှ ထပ်၍ မပြောတော့ပေ။ ထို့နောက် သူမအခန်းဆီ ပြန်သွားခဲ့သည်။
 

တောင်သူကြီးရဲ့ ဇနီးလေးWhere stories live. Discover now