Chapter-43
ထောင်ရှီးက ပန်းချီကားရောင်းရငွေ ယွမ်၂၀၀၀၀ကို မကြာခင် လက်ခံရရှိခဲ့ကာ ၎င်းတို့ထဲမှ ယွမ် ၁၀၀၀၀ကို ထောင်လဲ့ထံ လွှဲပေးလိုက်သည်။
တနင်္ဂနွေနေ့တွင် ပန်းချီသွားသင်သည့်အခါ သူ ချောင်ဟယ့်နျန်အား ပန်းချီကားဝယ်သွားသည့်သူအကြောင်းကို မေးကြည့်လိုက်သည်။ ထိုအခါမှ ဝယ်သူမှာ နာမည်သိပ်မရှိသေးသည့် အလားအလာကောင်းသော ပန်းချီကားများကို လိုက်ဝယ်ပြီး နောင်တစ်ချိန်တွင် ဈေးမြင့်မြင့်နှင့် ပြန်ရောင်းတတ်သည့် အပျော်တမ်း ရင်းနှီးမြှုပ်နှံသူ ပန်းချီဆရာတစ်ဦးဖြစ်နေကြောင်း သိလိုက်ရသည်။
အမှန်တွင် ချောင်ဟယ့်နျန်မှာ ထောင်ရှီး၏မိသားစုက ငွေရေးကြေးရေးအဆင်မပြေကြောင်း မြေးဖြစ်သူထံမှ သိလိုက်ရသောကြောင့် ထောင်ရှီးအတွက် နေရေးထိုင်ရေးနှင့် ပန်းချီအသုံးစရိတ်များ ကာမိစေရန် လူတစ်ယောက်အား အကူအညီတောင်းကာ ပန်းချီကားများကို ရောင်းချစေခဲ့ခြင်းဖြစ်သည်။ သို့သော် ထောင်ရှီးက ငွေမျက်နှာတစ်ခုတည်းသာ မြင်တော့မည်ကိုလည်း စိုးရိမ်မိသဖြင့် အလေးအနက်ထား၍ ဆိုဆုံးမလိုက်သည်။
" နောင်တစ်ချိန်မှာ မင်းရဲ့ ပန်းချီလက်ရာတွေက အတွေ့ကြုံပိုရင့်သန်လာခဲ့ရင် ဈေးကွက်ထဲ တစ်စတစ်စဝင်လာနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ အနုပညာကို ဈေးကွက်အလိုကျ ရောင်းချတာမျိုးမဖြစ်စေနဲ့။ ငွေနောက်ကို လုံးလုံးလျားလျား မပါသွားစေနဲ့၊ နားလည်လား..."
" ကျွန်တော်သိပါပြီ၊ အဖိုး..."
ထောင်ရှီးက ကျိုးနွံစွာ ပြောလိုက်သည်။ ချောင်ဟယ့်နျန်က သူ့အတွက် ဆရာကောင်းတစ်ယောက်ပင်။ ပန်းချီပညာကို သင်ပေးရုံသာမက ဘဝနေထိုင်ရေးနှင့် အလုပ်အကိုင်အတွက် ကျင့်ဝတ်နိယာမများကိုပါ သင်ကြားပေးသည်။ သူသည်လည်း ဆရာကြီးဟူသော အခေါ်အဝေါ်မှ အဖိုးဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
" ကဲ...ဒီနေ့တော့ ဒီလောက်ပဲ။ ရာသီဥတုလည်း ကောင်းနေတော့ ငါ့သူငယ်ချင်းဟောင်းတွေနဲ့ ငါးမြှားထွက်လိုက်ဦးမယ်။ မင်းလည်း အပြင်ထွက်ပြီး အနားလေးဘာလေးယူပေါ့..." ချောင်ဟယ့်နျန်က ပန်းချီပစ္စည်းကိရိယာများကို အောက်ချလိုက်သည်။
YOU ARE READING
လမင်းသော်တာ လှမ်းလို့လာ
Teen FictionUnicode Version အနာဂတ်မှာ ငါမင်းကို နေရာအနှံ့ခေါ်သွားမယ် ကမ္ဘာတစ်ဝှမ်းက လမင်းကြီးကို ရှုစားဖို့အတွက်ပေါ့~