Mesmeric- ညှို့ယူဖမ်းစားတတ်လေသော
Chapter 4
မေပယ်နှင့် နန်းခမ်းဖူးတို့ အတူနေသည့် တိုက်ခန်းလေးက သပ်သပ်ရပ်ရပ်ရှိလှသည်။ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်း၊ အိမ်သာတစ်ခန်းနှင့် မီးဖိုငယ်လေးတစ်ခန်းမျှသာ။ Minimalism ကိုသဘောကျကြသူများဖြစ်သည့်အတွက် တိုက်ခန်းအတွင်းတွင် ပစ္စည်းပစ္စယများများစားစားမရှိလှ။ အလှစိုက်ပန်းအိုးအချို့နှင့် စာအုပ်စင်ငယ်လေးတစ်ခုကို ဧည့်ခန်းတွင် တွေ့ရသည်။
ဧည့်ခန်းတွင် မည်သူမျှမရှိ။ သုတ၏ စိတ်ကလေး ခဏတဖြုတ်ပျော်သွားမိသည်။
"ထိုင်နော်"
သုတလည်း ဧည့်ခန်းက ဆိုဖာခုံတွင် အိတ်ကိုချကာ တိုက်ခန်းတွင်း အပြင်အဆင်ကို ငေးကြည့်နေမိသည်။
"မေပယ်"
အခန်းတစ်ခန်းထဲမှ ဆွဲငင်သည့် အော်သံကို သုတနှင့် မေပယ်တို့ နှစ်ဦးလုံးကြားလိုက်သည်။ သုတ၏ ဆန္ဒများမပြည့်ခဲ့။ သူ့အစ်မအသံမှ သူ့အစ်မအသံအစစ်။
"ဘာလဲ"
မေပယ်ကလည်း ပြန်ထူးကာ နန်းခမ်းဖူး၏ အခန်းဖြစ်ပုံရသည့် အခန်းသို့ လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်သည်။
"ငါနေမကောင်းဘူး"
ခမ်းဖူး၏ အသံက ခပ်ယဲ့ယဲ့။
"ဘာဖြစ်တာလဲ"
မေပယ်က နန်းခမ်းဖူးလှဲနေသည့် ကုတင်နံဘေးသို့ လျှောက်သွားကာ ကုတင်စွန်းတွင် ဝင်ထိုင်လိုက်သည်။
"ခေါင်းအရမ်းကိုက်နေတာ"
"ဆေးသောက်ထားပြီလား"
"အင်း"
"ငါဘာလုပ်ပေးရဦးမလဲ"
"ရတယ် အိပ်လိုက်ရင် သက်သာသွားမှာပါ"
"အင်း"
မေပယ်လည်း နန်းခမ်းဖူး၏ အခန်းထဲမှ ထွက်လာခဲ့သည်။ ဧည့်ခန်းသို့ရောက်လျှင် သုတကို တိုးတိုးလေး လှမ်းပြောသည်။
"သူနေမကောင်းဘူး"
သုတကလည်း "ဪ"ဟု ပါးစပ်လှုပ်ရုံမျှသာ လှုပ်ပြပြီး ဆက်ထိုင်နေသည်။
![](https://img.wattpad.com/cover/358064503-288-k366855.jpg)