39 7 0
                                    

အင်မော်တယ်ကမ္ဘာမှ အပြန်
မူရင်းရေးသားသူ Jing Ye Ji Si, 靜夜寄思
ဘာသာပြန်ဆိုသူ Charm.M.Nge

အခန်း (၅) ကိုယ့်ရဲ့မိသားစုကို ကာကွယ်ရလိမ့်မယ်

"ရှုအာ သားလေး.. အိပ်မက်ဆိုးတွေ မက်နေတာလား။ "

စုလင်းယွမ်သည် သားဖြစ်သူ၏အော်ဟစ်သံကြောင့် လန့်နိုးလာခဲ့သည်။ ထန်ရှုတစ်ယောက် ချွေးများစိုရွှဲနေသည်ကို ကြည့်ပြီး သူမ၏နှလုံးသားတစ်ခုလုံး တင်းကြပ်လာခဲ့ရသည်။

ပြင်းထန်သောနာကျင်မှုသည် ထန်ရှုအား သတိလစ်လုနီးပါးဖြစ်စေပြီး  အသက်အား ခက်ခက်ခဲခဲရှူနေရသည်။ သူ၏မိခင်ဖြစ်သူမျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုအား မြင်ရသောအခါ မိခင်၏ခန့်မှန်းမှု မှန်ကန်ကြောင်း ခေါင်းညိတ်မပြခင် တဒင်္ဂမျှ သူ တုံ့ဆိုင်းနေမိသည်။

ထန်ရှုသည် အင်မော်တယ်ကမ္ဘာမှ ကိစ္စများနှင့်စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောပြလိုစိတ် မရှိချေ။  သာမန်လူတစ်ဦးတစ်ယောက်တွင် မည်သည့်ပြဿနာမှ မရှိသော်ငြားလည်း အင်မော်တယ်ကမ္ဘာမှ သူများ တန်ဖိုးထားသော လျှို့ဝှက်ချက်တစ်ခုခုသာ ပေါ်ပေါက်လာမည်ဆိုပါက ပြဿနာရှိလာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် မည်သည့်အန္တရာယ်ကိုမျှ ဖိတ်ခေါ်လိုစိတ်မရှိပါချေ။

သူ၏မိခင်ဖြစ်သူသည် မည်သည့်အခါမျှ  သူ့အား  နာကျင်စေရန် မလုပ်ခဲ့ပါချေ။  သို့သော်လည်း သူ၏မိခင်အား ခုတုံးလုပ်၍ သူ့အား နာကျင်စေရန် ဆောင်ရွက်ခဲ့ပါက  မိခင်ဖြစ်သူ၏ တည်ငြိမ်အေးချမ်းသော ဘဝလေးပျက်စီးသွားမည်ကိုတော့  သူ လွန်စွာ ကြောက်မိသည်။

"သားလေးက လူညာလေးပဲ။ အိပ်ပျော်နေတာတောင် အိပ်မက်ထဲမှာ မရိုးသားဘူး။ ကြည့်စမ်း… ချွေးတွေ ဘယ်လောက်တောင် ထွက်နေတာလဲ။ ချွေးစော်တွေ နံလာလိမ့်မယ်။ ရေပတ်တိုက်ဖို့ အမေ ရေနွေးနွေးလေး သွားယူလိုက်ဦးမယ် "

သားဖြစ်သူအား စေ့စေ့စပ်စပ် စစ်ဆေးလိုက်ပြီး စုလင်းယွမ်သည်  နွေးထွေးသော အပြုံးတစ်ပွင့် ပြုံးပြကာ  ထွက်ခွာသွားသည်။

မိခင်ဖြစ်သူ ခပ်ဝေးဝေးသို့ ရောက်ရှိကြောင်း သေချာသွားချိန်တွင် ထန်ရှုသည် အိပ်ရာပေါ်တွင် ကွေး၍ လဲလျောင်းလိုက်သည်။
နာကျင်မှုကို သက်သာရန်အလို့ငှာ လေနုအေးတစ်ချက်ကို ရှူသွင်းလိုက်ပါသော်လည်း နာကျင်မှုက ပျောက်ပျက်မသွားပါချေ။ သို့သော် ထန်ရှု၏မျက်နှာတွင်  ပျော်ရွှင်နေသည့်ဟန်သည် ဖုံးမရပါချေ။

အင်မော်တယ်ကမ္ဘာမှအပြန်Where stories live. Discover now