Three

123 23 5
                                    

Uni

"Owen ထပ်ကြည့်မနေဘဲ အိပ်တော့လေ"

Lena က ဝရန်တာကြီးဆီမှ မခွာနိုင်ဖြစ်နေသည့် ကလေးအား တစ်ချက်လှမ်းအော်သည်။ အိမ်ထဲမှာ အသားစွပ်ပြုတ်နံ့က မွှေးနေကာ မီးရောင်နွေးနွေးနဲ့မလို့ သက်သောင့်သက်သာရှိလှသည်။ အိမ်အလယ်မှာ ထွန်းထားသော ဖယောင်းတိုင်မီးက ဟိုယိမ်းဒီယိမ်းရှိနေသော်လည်း မီးဖိုမှမီးရောင်နှင့်ပူးပေါင်းကာ အစွမ်းကုန် အလင်းရောင်ပေးနေသည်။

Lena က မြင်ရတစ်ချက်၊ မမြင်ရတစ်ချက်ဖြစ်နေသည်ကို စဉ်းစားကာ ခက်ခက်ခဲခဲသက်ပြင်းချလိုက်သည်။ ဒီညလုပ်ရမည့်အထည်တွေ အများကြီးရှိနေသေးသည်။ ညစာက ယခုလေးမှ စားပြီးသွားတာဖြစ်ပြီး အချိန်တွေအများကြီး ကျန်သေးတာက ကံကောင်းသည်ဟု ပြောနိုင်ပေမဲ့ ညက မှောင်လွန်းလှသည်။ သူမမျက်လုံးတွေက တစ်ခါတလေ ဘယ်လိုမှမမြင်ရအောင် မှုန်ဝါးသွားသည်လည်းရှိသည်။

မြို့ထဲကလူတန်းစားတချို့တွေလိုမျိုး မီးအိမ်လေးတစ်လုံးတော့ ဝယ်ထားရရင်ကောင်းလိမ့်မည်ဟု သူတွေးလိုက်‌ေသာ်ငြား ထိုအိပ်မက်က ဝေဝါးဝါးရယ်သာ။ သူတို့ဘဝမှာ ဘာကိုမှမတတ်နိုင်တာ ဘုရားသခင်သာ သိလိမ့်မည်။

"Mom သားအိပ်တော့မယ်"

Lena က လက်ထဲမှ အဝတ်များကိုချကာ ကုတင်ပေါ်ရှိ နှစ်လိုဖွယ်ကလေး၏ နှဖူးအား ဖွဖွကလေးနမ်းလိုက်သည်။

"ကောင်းသောညပါ Owen"

အိပ်ပျော်သွားပုံရသည့် သားထံမှ ပြန်လှန်နှုတ်ခွန်းဆက်စကားကို မကြားရပေ။ Lena ပြန်လှည့်ခါနီးမှာပဲ မနက်ကချိတ်ထားသည့် သား၏ကုတ်အင်္ကျီထဲမှ ထူးထူးဆန်းဆန်းအရာတစ်ခု ထိုးထွက်နေတာကို မြင်လိုက်ရသည်။ ဝရန်တာက တဟူးဟူးတိုက်နေသော လေကြောင့် အင်္ကျီကအနည်းငယ်ယမ်းခါနေသည်မလို့ သူ သတိထားမိခြင်းပင်။

တံခါးချပ်တွေကို ကပျာကယာသွားပိတ်လိုက်ရင်း ထိုအရာကို မီးဖိုရှေ့ယူလာခဲ့လိုက်သည်။

ကမာခွံကလေး...

အထဲမှာတစ်ခုခုရှိနေသလိုမျိုး ကလောက်ကလောက်မြည်နေပေမဲ့ အပြင်ပန်းက ညစ်ပတ်ပြီး ကြေးညှိရောင်တက်နေသည်။ ဖွင့်ကြည့်လို့တော့မရ။ ဒါလေးကို Owen က မြို့ထဲက ကောက်လာတာဖြစ်နိုင်သည်။ ကမာခွံဆိုလို့ ပင်လယ်ကိုသွားကစားဖို့ ကတိပေးထားတာကိုလည်း မတည်နိုင်သေးပေ။

Not YouWhere stories live. Discover now