Five

94 16 2
                                    

Uni

အချိန်စက်ဝိုင်းတွေ တစ်ပတ်ပြန်လည်နေသကဲ့သို့ပင်။

"ဘာလေးမွေးလဲ ဘာလေးမွေးတာလဲ"

အိမ်ကြီးတစ်အိမ်လုံးမှာ အောက်လင်းဓာတ်မီး အလင်းရောင်တွေနဲ့ လင်းထိန်နေကြသည်။ လူတွေ ပျာယာခတ် ဖြတ်သွားချိန်တွင် လိုက်ပါ လွှဲရမ်းသွားရသော မီးအိမ်တို့ရဲ့ သဏ္ဌာန်က အိမ်ကြီးရှင်များ ဘယ်လောက် ပျာယာခတ်နေသလဲဆိုတာ သက်သေခံနေသည်။

ဒီနေ့က အရေးကြီးသည်။ သူတို့အားလုံး၏ သခင်မ တစ်‌ယောက် ကလေးမျက်နှာမြင်ရမယ့် နေ့ဖြစ်သလို ထိုကလေးကလည်း ပထမဆုံးကလေး။ Treora မြို့ရဲ့ လူချမ်းသာတွေဖြစ်တာမလို့ အစေခံတွေ ပျားပန်းခပ်နေပြန်သည်။ ဤကား ဒီည၌ လူအများစု လှုပ်လှုပ်ရှားရှား ဖြစ်နေရသော အကြောင်းအရင်းဖြစ်သည်။

မီးဖွားခန်းကို ပြန်သွားရလျှင် ကလေးကို အောင်မြင်စွာ မွေးထုတ်လိုက်နိုင်ပြီးဖြစ်သည်။ သို့သော် ကလေးကို ဆွဲထုတ်ယူလိုက်သည့် အစေခံက ခေါင်းအစခြေအဆုံးတောင့်တင်းနေတာ ဘာမေးခွန်းကိုမှ ပြန်မဖြေ။

"ဘာလေးမွေးတာလဲဆိုနေ"

အိမ်တော်ထိန်းက သခင်မ၏ နှဖူးမှ ချွေးစများအား သုတ်ပေး‌နေကာ သူမ ပင်ပန်းလွန်း၍ အိပ်ပျော်သွားသည်ကို မြင်တော့မှ ကလေးဆီ အူလျားဖားလျား လာကြည့်၏။

"ဒါ"

တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားသည်ဟု ဆိုရမည်။ တစ်ခန်းလုံးသည် ဆူညံကာ တစ်အိမ်လုံး၏ အာရုံစိုက်ရာဖြစ်နေရာမှ ရုတ်တရက် တိတ်ကျသွားသည်။ မီးအိမ်များ ထိန်လင်းနေသော်လည်း မြင်ကွင်း၏ ထိတ်လန့်စရာ ကောင်းမှုကို မလွှမ်းမိုးနိုင်ခဲ့။

သခင်မက သားလေးမွေးသည်။ ထိုအထိက ပျော်စရာအတိဆိုသော်ငြား... ကလေး၏ နှဖူးပေါ်မှ သေးငယ်သော်လည်း မြင်သာသော တတိယမျက်လုံးက သူတို့ပါးကို ဖျတ်ရိုက်လိုက်သလိုပင်။

သခင်မက မကောင်းဆိုးဝါးလေး မွေးထားတာပဲ။ မကောင်းတဲ့ အတတ်တွေ သင်ထားလို့နေမှာ။ သူက စုန်းမပဲ။

ကလေးမွေးပေးသည့် အစေခံနဲ့ အိမ်တော်ထိန်းကြား ထိုအတွေးက ဘုံလက်ခံယူမှုတစ်ခုအနေနဲ့ ဖျတ်သန်းသွား၏။

Not YouWhere stories live. Discover now