Chapter 27

498 75 1
                                    

Chapter 27
December 7, 2023 by Myat Thiri
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 27
 
“သူ့ဆန်ပြုတ်ထဲ တစ်ခုခု ပါနေတယ်”
 
မုမင်ထန်လည်း ပင်ပန်းလွန်းတာကြောင့် အခန်းထဲရောက်တာနဲ့ ခပ်မြန်မြန်ပဲ အိပ်ပျော်သွားတော့တယ်။ အထိန်းတော်တွေ အစေခံတွေလည်း မရှိ၊ အခန်းထဲလည်း နေရောင်မဝင်တာကြောင့် မနက်ခင်းရောက်နေမှန်း မသိရဘူး။ နေက ဝါးသုံးပြန်စာလောက် မြင့်လာချိန်ကျမှ သူမ နိုးလာခဲ့တယ်။
သူမ မျက်စိနှစ်လုံးပွင့်လို့ ဘယ်နှစ်နာရီထိုးနေပြီလဲ သိတဲ့အခါ လန့်ဖျပ်သွားတယ်။ သူမ အမြန်ပဲ မျက်နှာသစ်ပြု အဝတ်အစားလဲလိုက်တယ်။ အဝတ်အစားလဲရင်း မုမင်ထန် တိတ်တိတ်လေး သက်ပြင်းချမိတယ်။ တော်သေးတယ် သူမမှာ ယောက္ခမတွေ ရှိမနေလို့။ မဟုတ်ရင် မင်္ဂလာဆောင်ပြီး နောက်တစ်ရက်မှာတင် နေဖင်ထိုးအောင် အိပ်မိလို့ သူမ တစ်သက်လုံး အပြစ်တင်ခံရတော့မှာဖြစ်တယ်။
သူမ အဝတ်အစားလဲပြီးတဲ့နောက် ပြဿနာတစ်ခုတွေ့နေတယ်။ အဲ့တာက မှန်တင်ခုံ မရှိတာပဲ။ ကြည့်ရတာ ဒီအိမ်တော်ကို ဆောက်တုန်းက ရှဲ့ရွှမ်းချန်က အိမ်ထောင်မပြုရသေးတာမို့ မှန်တင်ခုံတွေ မထည့်ထားခဲ့တာဖြစ်မယ်။
 
ဒါပေါ့ မှန်မရှိလည်း မုမင်ထန် ခေါင်းဖြီးတတ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ အဆင်မပြေနိုင်ဘူး။ သူမရဲ့ အိမ်တော်ပါမင်္ဂလာလက်ဖွဲ့ထဲ မှန်တင်ခုံနဲ့ ပရိဘောဂတွေ အပြည့်အစုံပါလာတာ သတိရတဲ့အခါ သူမ အချိန်ရရင် သွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။
 
ရှဲ့ရွှမ်းချန်ဆီမှာလည်း ဘာမှအခြေအနေထူးခြားတာ မတွေ့ရဘူး။ သူ့အခြေအနေက မနေ့ကအတိုင်းပဲ။ သူမ သူ့ကို မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီးနောက် သူ့ပုံစံက ကောင်ချောလေးတစ်ယောက်ပုံစံကို ပြောင်းလဲလာတယ်။
 
မုမင်ထန် သူ့မျက်နှာကို လက်ကိုင်ပဝါနဲ့ ထပ်သုတ်ပေးလိုက်ပြီး ဆေးတွေလည်း ပြောင်းထားပေးတယ်။ အဲ့ဒီနောက် သူမမှာ ဘာမှလုပ်စရာ မရှိတော့ပြန်ဘူး။
 
ကျန်းအိမ်တော်မှာ နေခဲ့ရတုန်းကတောင် သူမရဲ့အားလပ်ချိန်တွေ အကုန်လုံးကို လောကဝတ်အပြုအမူတွေနဲ့ ကဗျာစာပေတွေသင်ရင်း ကုန်ဆုံးခဲ့ရတယ်။ အိမ်ထောင်ကျပြီးသွားတဲ့နောက် သူမဘဝက ပြောင်းပြန်ဖြစ်သွားပြန်တယ်။
 
သူမ အိပ်ရာဘေးမှာ ခဏကြာ ထိုင်နေမိတယ်။ ရှဲ့ရွှမ်းချန်ရဲ့မျက်နှာကို ဆက်ကြည့်နေရမှာ ရှက်လာတာနဲ့ သူမ ထလာခဲ့ပြီး စံအိမ်တော်ထဲ သန့်ရှင်းရေးလုပ်ဖို့ လမ်းလျှောက်ထွက်လာခဲ့လိုက်တယ်။
 
အရှေ့ဘက်အစွန်ဆုံးအခန်းမှာ သူမ ဖုန်တွေနဲ့ အလုပ်ရှုပ်နေချိန် တံခါးဝကနေ အသံတစ်ခုကြားလိုက်ရတယ်။ မုမင်ထန် အမြန်ပဲ ထလာပြီး အင်္ကျီဘာညာ သုတ်ပြုပြီးနောက် တံခါးကို ဖွင့်ပေးလိုက်တယ်။ အရှေ့ရက်တုန်းက အစေခံမလေးနှစ်ယောက်က အပြင်ဘက်မှာ စောင့်နေတာကို တွေ့လိုက်ရတယ်။
 
အခု သူမရောက်နေတဲ့နေရာက ကျန်းအိမ်တော်နဲ့ လုံးဝကို ကွာခြားတယ်။ သူမနောက်ကို တကောက်ကောက်လိုက်နေတဲ့ အစေခံတွေ မရှိဘူး၊ ဒီအတွက်လည်း သူမ အပြစ်မတင်ပါဘူး။ သူမလိုပဲ သူတို့လည်း အသက်ရှင်ဖို့ ရုန်းကန်နေရတာပါပဲ။
သူတို့တွေကို သူမနဲ့အတူ သေသည်အထိ အလုပ်အကျွေးပြုခိုင်းစရာမလိုပါဘူး။ ဒါကြောင့်မို့ သူမ အစေခံတွေ မလိုကြောင်း ကျန်းသခင်မကို မုမင်ထန် ပြောလိုက်တယ်။ ဒါပေမဲ့ ကျန်းသခင်မကတော့ အစေခံနှစ်ယောက်ကို ရအောင် ထည့်ပေးလိုက်တုန်းပဲ။
 
 
 
 
ဒီအစေခံနှစ်ယောက်က အိမ်တော်ပါအစေခံတွေ ဆိုတာထက် ကျန်းမိသားစုရဲ့သူလျှိုတွေမှန်း မုမင်ထန် သိနေခဲ့ပြီးသား။ သူတို့ စကားလာပြောပေမဲ့ အိပ်ခန်းထဲကိုတော့ တစ်ယောက်မှ မဝင်ရဲကြချေ။
သူမ ရုတ်တရက် တစ်ခုကို သွားသတိရသွားတယ်၊ သူမက ဝမ်ညန်ဝမ်ပါ့လိုပဲ ယွီလင်စံအိမ်က သူမရဲ့အကာအကွယ်ပဲ။ သူမသာ စံအိမ်တော်ထဲ နေနေသ၍ သူတို့တွေ ဘယ်လောက်ရဲတင်းပါစေ သူမကို ဘာမှမလုပ်နိုင်ဘူး။ ဒီအတွေးကြောင့် သူမ ခပ်ချေချေပဲ မတ်တတ်ရပ်နေလိုက်တယ်။
 
“နင်တို့နှစ်ယောက် ဒီကို ဘာကိစ္စရှိလို့လဲ”
 
“ဒီအစေခံက ဝမ်ဖေးကို နှုတ်ခွန်းဆက်ပါတယ်။ ဝမ်ဖေး ဘာများလိုအပ်တာရှိမလဲ၊ ကျွန်တော်မျိုးမတို့ ကူညီပေးနိုင်တာများရှိမလား လာကြည့်တာပါ”
 
မုမင်ထန် ခေါင်းညိတ်ပြလိုက်ပြီး
 
“ငါ့မင်္ဂလာလက်ဖွဲ့တွေက ချင်းရှီစံအိမ်တော်မှာ ရှိနေတုန်းပဲ။ အဲ့ကိုသွားပြီး ငါ့အတွက် မှန်တင်ခုံတစ်လုံး ယူလာခဲ့ချေ”
 
ထို့နောက် ခဏရပ်လိုက်ပြီး
 
“နောက်ပြီး ငါ့မင်္ဂလာလက်ဖွဲ့တွေကို ခိုးဖို့ မတွေးလိုက်နဲ့။ လက်ဖွဲ့စာရင်းက ငါ့ဆီမှာ ရှိပြီးသား။ ငါကိုယ်တိုင် တစ်ခုချင်းစီ အကုန် စာရင်းမှတ်ထားတာ။ တစ်ခုခု ပျောက်သွားတယ်ဆိုလို့ကတော့ နင်တို့အကုန်လုံး တာဝန်ယူရစေမယ်”
 
အစေခံနှစ်ယောက်လည်း အချင်းချင်း ကြည့်လိုက်ကြပြီးတဲ့နောက် မုမင်ထန်ဘက် ပြန်လည့်ကာ
 
“ဒီအစေခံ နားလည်ပါပြီ။ ဝမ်ဖေး ဝမ်ရယ်နဲ့ မင်္ဂလာဦးညက အဆင်ပြေချောမွေ့ခဲ့ပါရဲ့လား”
 
မုမင်ထန် နှာခေါင်းရှုံ့လိုက်တယ်။
 
“မနေ့ညက နင်တို့ နားထောင်နေကြတာပဲ မဟုတ်ဘူးလား။ အဆင်ပြေခဲ့လား မပြေခဲ့လား နင်တို့ သိနေပြီးသားလေ”
 
သူမစကားကြောင့် အစေခံတွေလည်း မျက်နှာနီရဲသွားတယ်။ သူတို့ အိပ်ဆောင်ထဲ မဝင်ရဲကြဘူး၊ ကျန်းသခင်မ ခိုင်းထားတာလည်း မလုပ်ပဲမနေရဲတာကြောင့် အဝေးကနေပဲ နားစွင့်နေခဲ့ရတယ်။ ဒါပေမဲ့လည်း ယွီလင်စံအိမ်တော်က ချီယန်အိမ်တော်ရဲ့ ပင်မပဲလေ၊ ဒီလိုစံအိမ်တော်ကို သာမန်လူလောက်က ခိုးနားထောင်လို့ ရမယ်တဲ့လား။
 
သေချာပေါက် ဘယ်ရပါ့မလဲ။
 
အချိန်အတော်ကြာ အိပ်ဆောင်က တိတ်ဆိတ်ငြိမ်သက်နေပြီး ဘာလှုပ်ရှားမှုမှလည်း မတွေ့တာကြောင့် ဒုတိယသခင်မလေး အသက်ရှင်နေသေးတယ်လို့ ယူဆပြီး သူတို့လည်း အိပ်လိုက်ကြတာဖြစ်တယ်။
 
ယွီလင်စံအိမ်‌တော်ရဲ့ ပင်မခြံဝန်းမှာ ဝင်ပေါက်တိုင်းကို စစ်သားတွေက တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြတာ ဖြစ်တယ်။ အစေခံနှစ်ယောက်လည်း လက်နက်အပြည့်နဲ့ ဒီစစ်သား‌တွေကို ကြောက်တယ်ဆိုပေမဲ့ ချီယန်ဝမ်ကိုတော့ ပိုကြောက်ကြတယ်။
________________________________________________________________________
 

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now