အပိုင်း - (၁၇)

1K 133 11
                                    

ဒင်္ဂါး လယ်ထဲကိုရောက်‌တော့ ရန်ပွဲက အနည်းငယ်စဲသွားပြီဖြစ်သည်။ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ကိုဘမော်တို့အုပ်စုကလည်း ပစ်တိုင်းထောင်နဲ့သန်းဇော်ကို ဝိုင်းဆွဲနေကြသည်။ ဝိုင်းဆွဲနေကြတာတောင်မှ ဒေါသ‌ပြေပုံမရသေးတဲ့ ပစ်တိုင်းထောင်က သန်းဇော်ကို မမှီမကမ်းနဲ့ လှမ်းကန်နေသည်။

" ပစ်တိုင်းထောင် ... "

လှည့်ကြည့်လာတဲ့ ပစ်တိုင်းထောင်က မျက်ခုံးစွန်းနဲ့ နှုတ်ခမ်းထောင့်မှာ ကွဲနေကာ သွေးစို့နေပြီး ပါးတစ်ဖက်မှာလည်း အညိုအမဲစွဲနေသည်။ တစ်ဖက်က မူးနေပုံရတဲ့ သန်းဇော်ကတော့ ပိုအထိနာပြီး မျက်နှာတစ်ခုလုံး ဖူးရောင်နေသည်။ မိစွာနဲ့မိုက်မိုက်စန်းကလည်း ဝင်လက်စွမ်းပြထားတာကြောင့် အင်္ကျီတွေကပြဲနေပြီး ခြေထောက်မှာလည်း ခွေးကိုက်ရာကြီးက ထင်းနေသည်။

" တော်တော့နော် ပစ်တိုင်းထောင် ... စိတ်လျော့တော့နော် "

ဒင်္ဂါးက အနားပြေးသွားလိုက်ပြီး ပစ်တိုင်းထောင်လက်မောင်းကို ဆုပ်ကိုင်လို့ ဖျန်ဖြေလိုက်သည်။ ကိုဘမော်တို့ဆွဲထားတာတောင်မှ ဒေါသတကြီးဖြစ်နေတဲ့ ပစ်တိုင်းထောင်က ဒင်္ဂါးရောက်လာမှ ငြိမ်ကျသွားသည်။ ကိုဘမော်တို့လည်း ပစ်တိုင်းထောင်ကို တစ်ဖက်က သရက်ပင်ရိပ်ဆီကို ဆွဲခေါ်သွားသည်။

" မိတုတ် ... လုပ်ပါဦး . မောင်ငယ့်ကို ရေတိုက်ပါဦး "

မိတုတ်က မျက်နှာအပျက်ပျက်နဲ့ပင် ပစ်တိုင်းထောင်အတွက် ရေအိုးစင်ကနေ ရေခပ်ပေးသည်။ အစ်မငွေမှုန်ကလည်း ဝါးခမောက်ကြီးနဲ့ ယပ်တဖျတ်ဖျတ်ခပ်ပေးနေပြီး ကိုဘမော်တို့ အုပ်စုကလည်း ဖရိုဖရဲဖြစ်နေတဲ့ အင်္ကျီတွေကို ပြန်‌ပြင်ပေးနေတာမလို့ ဒင်္ဂါးမှာ မျက်နှာငယ်လေးနဲ့ ဘေးကထိုင်ကြည့်နေရသည်။

" ခင်ဗျားက ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ ရွှေဒင်္ဂါး "

" ဟို ... မိကဲက ဆရာတော်ကို လာပြောတာနဲ့ "

" ကိုယ့်ဘာသာကိုယ် ကလေးတွေကို စာသင်မနေဘူး ... ရန်ပွဲနဲ့ဘာဆိုင်လို့လဲ ခင်ဗျား "

ပစ်တိုင်းထောင်က ခပ်ငေါက်ငေါက်ပြောလိုက်တာကြောင့် ရွှေဒင်္ဂါးရဲ့မျက်နှာက ဇီးရွက်လောက်သာ ကျန်တော့သည်။ မလိုက်လာစေချင်တာထက် ပစ်တိုင်းထောင်ကို ရွှေဒင်္ဂါးက လူဆိုးလို့မထင်စေချင်ရုံတင်။ ကိုယ်တိုင်ကလူဆိုးဆိုပေမယ့် ရွှေဒင်္ဂါးရှေ့မှာတော့ ပစ်တိုင်းထောင်က လိမ္မာချင်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေWhere stories live. Discover now