27 - Playing cards!

323 68 0
                                    

အပိုင်း ၂၇ ။  ။ ဖဲကစားခြင်း!


ရှီယွမ်က မေးလိုက်သည် “ခင်ဗျားရဲ့ အချိန်? ခင်ဗျားကိုရော ထိစေချင်လို့လားဟင်?”

လုထင်းဟန်က ငြင်းလိုက်သည် : “မဟုတ်ဘူး”

ငါးမိနစ် ကြာပြီးသည့်နောက် ဖော့ထုံက သိုလှောင်ပုံးထဲမှ ဖဲကစားဖို့အတွက် ဖဲထုပ်တစ်ထုပ်ရှာတွေ့လာသည်။

ရှီယွမ်က နည်းနည်းလေး မျှော်လင့်စောင့်စား နေမိသည် : “အိုး၊ ခင်ဗျားက ကျွန်တော့်ကို ဖဲကစားဖို့ သင်ပေးတော့မှာပေါ့?”

လုထင်းဟန်က ခေါင်းညိတ်လေသည် : “ဟုတ်တာပေါ့”

ရှီယွမ်၊ လုထင်းဟန်၊ ဖော့ထုံနှင့် လန့်ထျယ်တို့က ဆိုဖာပေါ်တွင် ဝိုင်း၍ ထိုင်လိုက်ကြသည်။ စက်ရုပ်က ဖဲကဒ်များကို ဝေပေးလိုက်ပြီး သူတို့တွေက အရင်ဆုံး ‘Blackjack’ ကို ဆော့ကြသည်။

လုထင်းဟန်က ဖဲကစားလေ့မရှိပါဘဲ သူကိုယ်တိုင်ကလည်း စိတ်မဝင်စားခဲ့ပေ။ စည်းမျဉ်းများအကြောင်းကို စစ်တပ်အကယ်ဒမီမှ သူ၏ အတန်းဖော်များက ပြောပြခဲ့ပြီး သူ တခြားသူများ ကစားနေကြသည်ကိုလည်း အကြိမ် အနည်းငယ် မြင်ဖူးထားသည်။

ထိုအချက်များက သူကောင်းကောင်းဆော့နေတာကို မတားဆီးနိုင်ပေ။

တစ်ဖက်တွင်တော့ သူနှင့် စက်ရုပ်နှစ်ရုပ်၏ ဝန်းရံခြင်းကို ခံထားရသည့် ရှီယွမ်က ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိဘဲ လုံးလုံးလျားလျား သပွတ်အူလိုက်နေပြီး ရှုံးတော့သည်။

ရှီယွမ်က သူ့မှာ ပင်ကိုယ်စွမ်းရည် တော်တော်လေးမရှိသည်ကို ထပ်၍ နားလည်သဘောပေါက်သွားပြီး သူ့အမြီးလေးကို ကိုင်ထားလျက် ပြောလာလေသည် “ကျွန်တော့်မှာ ပါရမီမရှိတာ ဖြစ်လောက်မယ်၊ ကျွန်တော် နိုင်နိုင်လိမ့်မယ်လို့လည်း လုံးဝမတွေးမိဘူး”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုထင်းဟန်က သူ့လက် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည် : “ရှီယွမ်”

သူ့အသံက ပုံမှန် အသံနှင့် လုံးဝကို ကွာခြားလို့နေပြီး အလွန်တရာကို လေးနက်လို့နေသည်။ ရှီယွမ် လုထင်းဟန်ကို မော့ကြည့်လိုက်သည့်အခါ တည်ကြည်လေးနက်နေသည့် မျက်နှာကို မြင်လိုက်ရသည်။

လုထင်းဟန် : “ရှီယွမ်၊ ထိုင်နေ”

ရှီယွမ်က ချက်ချင်းလက်ငင်းကို မတ်မတ်လေးထိုင်လိုက်ပြီး သူ၏ လက်လေးများကိုလည်း ဒူးလေးပေါ်တွင် တင်ထားကာ သူ့အမြီးလေးကိုတောင် ဝေးရာပို့ထားလိုက်သည်။

လုထင်းဟန်၏ အသံနေအသံထားက တည်ငြိမ်လို့နေသည် : “ကိုယ့်အဖေက စစ်တပ်အကယ်ဒမီမှာ မွေးခဲ့တယ်၊ သူက ကျောင်းမှာရော အလုပ်မှာရော ပထမဖြစ်ဖို့ကြိုးစားခဲ့ပြီး သူ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်။ ကိုယ့်အမေက ချောက်နက်ရဲ့ ပုံစံပြောင်းလဲမှုတွေကို စိတ်ဝင်တစားနဲ့ ကြီးပြင်းလာခဲ့ပြီး သုတေသနလုပ်ဖို့အတွက်ပဲ ကိုယ့်ကိုယ်ကို မြှုပ်နှံခဲ့တယ်၊ ပြိုင်ပွဲ ကြီးကြီးငယ်ငယ်တိုင်းမှာ ဆုတွေရခဲ့ပြီး လူသိများတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ကိုယ့်အဖွားက စစ်တုရင်နဲ့ ဖဲကစားရတာတွေကို ကြိုက်တယ်။ သူမက မဟာမိတ်ရဲ့ Go ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး သုံးကြိမ်ဆက်တိုက် အနိုင်ရခဲ့တယ်။ ကိုယ့် အဖိုးကတော့ အနုပညာရှင်တစ်ယောက်၊ လူတိုင်းက သူ့ကို အကောင်းမမြင် ယုံကြည်မှုမဲ့လာတဲ့အခါ သူ့ရဲ့ ကိုယ်ပိုင် အနုပညာစတိုင်လ်ကို ဖန်တီးခဲ့တယ်၊ အခုတော့ သူ့လက်ရာတွေက ပြတိုက်ထဲမှာ”

ရှီယွမ်က ထိုကဲ့သို့သော တန်ဖိုးကြီး မိသားစုသမိုင်းကြောင်းကြောင့် ရှုပ်ထွေးလို့နေပြီး ဖြည်းဖြည်းချင်း ပြောလာသည် : “…ဝါး!”

လုထင်းဟန်က ဆက်ပြောသည် : “ကိုယ့်အဘိုးက သူ့ကိုယ်ပိုင် ပိုက်ဆံတွေကို ဖွက်ထားရတာကို တော်တော်လေးနှစ်သက်တယ်။ သူက Go ချန်ပီယံဖြစ်တဲ့ ကိုယ့်အဖွားကို မနိုင်နိုင်ဘူးလေ။ သူက အထပ်ထပ်အခါခါရှုံးနေပေမယ့် သူ လုံးဝလက်မလျှော့ဘူး နောက်ဆုံးတော့ သူမသေခင် ၅ ယွမ် ရအောင် သိမ်းထားနိုင်သွားခဲ့တယ်။ ကိုယ့်အဖွားရဲ့အမေ ကောလိပ်တက်တုန်းက သူမ မကြိုက်တဲ့သူတွေကို ‘ငါက နင်တို့ထက် အသက်ပိုရှည်မှာ’ လို့ပြောခဲ့ပြီးတော့ သူမပြောတဲ့အတိုင်းပဲ ၁၀၈နှစ်အထိ အသက်ရှင်ခဲ့တယ်။ ကိုယ့်အဘေး ငယ်ငယ်တုန်းက ဂန်းစတားလေ၊ သူက ‘ဒီလမ်းက ငါ့ဟာ၊ ဘယ်သူမှလာခွင့်မရှိဘူး’လို့ ပြတ်ပြတ်သားသား ကြေညာခဲ့ပြီး စုစုပေါင်း ဂန်းစတား ၆ယောက်၊ ခွေးလေခွေးလွင့် သုံးကောင်နဲ့ တိုက်ခိုက်ခဲ့တာ သုံးနှစ်အတွင်း ဆေးရုံ လေးကြိမ်တက်လိုက်ရတယ်”

ရှီယွမ် : ??

ရှီယွမ် : “ဝါး?”

လုထင်းဟန်က သူ့ကို ကြည့်ပြီး မေးလေသည် “ဒီကိစ္စတွေကနေ မင်း ဘာတွေ သင်လိုက်ရလဲ?”

ရှီယွမ်က လုထင်းဟန်ကြောင့် လုံးဝကို ကြက်သေ သေနေသည် : “အာ၊ ကျွန်၊ ကျွန်တော် မသိဘူး…”

“အဲ့ဒါ စိတ်ဝိညာဉ်ပဲ၊ စိတ်ဝိညာဉ်က လုံးဝ အရှုံးမပေးတတ်ဘူး” လုထင်းဟန် ပြောလိုက်သည်။ “မင်း လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်။ ဖဲကစားတဲ့အခါမှာလည်း အတူတူပဲ ‘ကျွန်တော် နိုင်နိုင်လိမ့်မယ်လို့လည်း လုံးဝမတွေးမိဘူး’ လို့ မပြောရဘူး” သူက ရှီယွမ်၏ ပုခုံးလေးကို လက်တစ်ဖက်ဖြင့် ညှစ်လိုက်ပြီး အလွန် လက်တွေ့ကျစွာ ပြောကြားလာသည် “လုမိသားစုက လူတွေက လုံးဝအရှုံးမပေးတတ်ဘူး။ ရှီယွမ်၊ မင်း နိုင်ရမယ်”

ရှီယွမ် : ???

စစ်တုရင်နှင့် ဖဲကစားခြင်းများကို အမြဲရှောင်ရှားခဲ့သော လုထင်းဟန်သည် ရှားရှားပါးပါး ဖဲရိုက်ခဲ့ပြီး မြင့်မားလှသည့် စိတ်ဝင်စားမှုကို ထိန်းသိမ်းကာ ဤကဲ့သို့သော ရိုးရှင်း၍ စိတ်လှုပ်ရှားစရာကောင်းသော လူသားများ၏ ဖျော်ဖြေမှုဆီသို့ ပြန်သွားခဲ့လေသည်။

ထိုနေ့က လုထင်းဟန်သည် ရှီယွမ်နှင့် ဂိမ်းပေါင်း တစ်ဒါဇင်လောက်ကို ဆော့ခဲ့သည်။

ဖဲကစားနည်းကို အကြိမ်များစွာ ပြောင်းလဲခဲ့ပြီး စက်ရုပ်နှစ်ကောင်၏ ဉာဏ်ရည်ဉာဏ်သွေးကိုလည်း ‘လူသစ်’ အဖြစ်သို့ ချိန်ညှိထားပေမယ့် ရှီယွမ်တစ်ယောက် အနိုင်ရမည့် အရိပ်အယောင် တစ်ခုတလေတောင် မတွေ့ရပေ။

သိပ်မကြာခင်က ရှီယွမ်သည် လူသားများက ဥဥနိုင်သည်ဟု စစ်မှန်ရိုးသားစွာ ယုံကြည်ခဲ့ပြီး 1( Gong) ဆိုသည့် နံပါတ်သည် အင်အားကြီး ဩဇာပြည့်လျှမ်းသည့် လူသားတစ်ယောက်ဟု မှတ်ယူခဲ့သည် — ယနေ့တွင် သူ ထိုအကြောင်းကို ပိုမိုခိုင်မာစွာ ယုံကြည်ခဲ့သည်၊ ထိုကဲ့သို့ သူ၏ ခွန်အားနှင့် ဉာဏ်ပညာတို့ဖြင့် တိုက်ခိုက်ရန် သင်ယူရာမှာ အမှန်တကယ်ကို ခက်ခဲခဲ့သည်။

လုထင်းဟန် : “ရှီယွမ်၊ ဖဲကစားတယ်ဆိုတာ ဂိမ်းတစ်ခုပဲ”

ရှီယွမ် : “အင်း”

လုထင်းဟန် : “ဒါက နည်းဗျူဟာနဲ့ဆိုင်တဲ့ ဂိမ်းတစ်ခုတင်မကဘူး စိတ်ဓါတ်ရေးရာ ဂိမ်းတစ်ခုဆိုလည်း ဟုတ်တယ်”

ရှီယွမ် : “အင်းး”

လုထင်းဟန် : “မင်း ဖဲကဒ်တွေကို ပြန်ရေတွက်လို့ရတယ်လေ၊ ဒါ အရမ်းရိုးရှင်းတယ်”

ရှီယွမ် : “အင်းးးး”

ထို့နောက် ရှီယွမ်က သနားစရာကောင်းစွာ ရှုံးနိမ့်သွားရှာပြန်လေသည်။

ရှီယွမ်က ထိုကဲ့သို့ ကစားနေခြင်းကြောင့် (အမြဲရှုံးနေ၍) ခါတိုင်းလိုပဲ တည်ငြိမ်ပြီး ငြိမ်သက်နေပါသည့် လုထင်းဟန်သည် လုံးဝစိတ်မရှည်တော့ပါဘဲ သူ၏ အပြုအမူကောင်းလေးကိုလည်း ထိန်းမထားနိုင်တော့ပေ။ ရှီယွမ်အတွက်ကတော့ ဖဲကစားသည်ဖြစ်စေ၊ အတူတူထိုင်နေကြသည်ဖြစ်စေ သူလုပ်သမျှက အတူတူပင်ဖြစ်ကာ သူ့လူသားက သူ့ကို အဖော်ပြုပေးနေသ၍ သူက အလွန်ပျော်ရွှင်နေပြီပင်။

တိုတိုပြောရရင် မယုံကြည်နိုင်လောက်စရာကောင်းသော်လည်း—

ဖြစ်စဉ်တစ်ခုလုံးက စိတ်မချမ်းမြေ့စရာနှင့် သာယာကြည်နူးဖွယ်ကောင်းနေသည်။
(လုထင်းဟန်က စိတ်မချမ်းမြေ့ဖြစ်နေပြီး ရှီယွမ်က ကြည်နူးနေတာပါ)

နောက်ဆုံးပွဲစဉ်ပြီးသွားသည့်နောက် အံ့ချီးလောက်ဖွယ် အနိုင်ရပွဲစဉ် 0 ဖြင့် အဆုံးသတ်သွားလေသည်။

လုထင်းဟန်က ဖဲကဒ်တွေကို ရှင်းနေရင်း ပြောလာသည် “တခြားလူတွေက သူတို့ ဖဲကစားတဲ့အခါ လောင်းကြတယ်။ ရှီယွမ်၊ မင်းက တစ်ညလုံး ရှုံးခဲ့တာ မင်းမှာ ချစ်ပ်ပြားတွေ မကျန်တော့ဘူးမလား?”

ရှီယွမ်က ပြောလေသည် “ကျွန်တော် ခင်ဗျားကို ပန်းလေးတစ်ပွင့် ပေးထားတယ်လေ”

ဖဲကဒ်များက လုထင်းဟန်၏ လက်ထဲတွင် ပျံဝဲလို့နေသည်။ သေနတ်ကိုင်ထားလေ့ရှိသည့် ထိုလက်တွေက မျက်လုံးထဲတွင် နှစ်လိုဖွယ်ရာကောင်းလှသလို ထိုလက်ပေါ်တွင် ဖဲကဒ်များက လမ်းကြောင်းပေါ်၌ လှပစွာ မြူးကြွလှုပ်ရှားနေလေသည်။ လုထင်းဟန်က မျက်ခုံးကိုပင့်ကာ ပြောလာသည် “ခြံဝင်း တစ်ဝင်းဆိုလည်း တစ်ဝင်းပဲလေ၊ ဘာမှထပ်မရှိတော့ဘူးလား?”

ရှီယွမ်က ခဏလောက် တွေးနေလိုက်ပြီး လုထင်းဟန်မှာ ဘာမှ ချို့တဲ့မနေဘူးဟု ခံစားရ၍ ပြောလိုက်လေသည် “ခင်ဗျား ကျွန်တော့်ကို ကစားချင်လားဟင်?”

လုထင်းဟန် : “……”

ဖဲကဒ်တစ်ကဒ်က လုထင်းဟန်၏ လက်ထဲမှ လွင့်ထွက်လုနီးပါးပင် ဖြစ်သွားသည်။

ထိုအခါမှသာ ရှီယွမ်က သူ လုထင်းဟန်ကို ပြောလိုက်သည့်စကားက အဓိပ္ပါယ် နှစ်ခွ ထွက်သောစကားမှန်း နားလည်သွားပြီး မြန်မြန်လေး ထပ်ထည့်ပြောလိုက်သည် : “ကျွန်တော် ဆိုလိုတာက ခင်ဗျား ကျွန်တော့်ရဲ့ အမြီးလေးနဲ့ ကစားချင်လားလို့?”

“မင်းရဲ့ အမြီးလေးက နေ့တိုင်း အနားတစ်ဝိုက်မှာ လှဲနေတာပဲလေ” လုထင်းဟန် ပြောလိုက်သည်။ “အဲ့ဒါလေးက ကိုယ့်ဘေးမှာပဲ ရှိနေတဲ့ဟာ ကိုယ် အဲ့ဒါလေးကို ထိချင်ရင် ထိလို့ရနိုင်တာပဲ၊ အဲ့ဒါလေးနဲ့ စျေးဆစ်ချစ်ပ်ပြားဖြစ်ဖို့က မလုံလောက်သေးဘူး”

ရှီယွမ်က အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရစဉ် လုထင်းဟန်က သူ့ကို တမင်သက်သက် အနိုင်ကျင့်နေသည်ဟုလည်း ခံစားနေရသည်။ သို့ပေမယ့် ဖဲအကြာကြီးကစားပြီးသည့်နောက် သူ့ ဦးနှောက်လေးက မနိုင်ဝန်ထမ်းနေရပြီး သူ့တွင် ခွဲခြားသိမြင်နိုင်မည့် ဦးနှောက်အခန်းလည်း မရှိတော့ပြီ။

လုထင်းဟန်ကို သူ တခြားဘာပေးနိုင်မလဲ?

လုထင်းဟန် ဖဲကဒ်များကို ဖယ်လိုက်ချိန်တွင် ဖော့ထုံနှင့် လန့်ထျယ်သည်လည်း သူတို့၏ မူလနေရာသို့ ပြန်သွားလိုက်ကြသည်။ လုထင်းဟန်က မေးသည် “မင်း တွေးကြည့်ပြီးပြီလား?”

ရှီယွမ်က မှီချလိုက်သည်။ သူ့လက်လေးကို လုထင်းဟန်၏ ခေါင်းပေါ်သို့တင်လိုက်ပြီး  တကယ့်ကို ဖွဖွလေး ထိလိုက်ကာ လုထင်းဟန်၏ ဆံပင်များက သူ့လက်ချောင်းလေးများကြား လျှောဆင်းသွားသည်မှာလုထင်းဟန်က သူ့ကို အမြဲ လုပ်ပေးနေကြအတိုင်းပင်။

သူက အရမ်းနီးကပ်လို့နေပြီး ထိုလှပလွန်းသော မျက်နှာလှလှလေးကလည်း လက်နှင့် နီးကပ်နေသည်။

ဤကဲ့သို့သော စစ်ဘေးသင့်ခေတ်ထဲတွင် ရှီယွမ်၏ ရုပ်သွင်ပြင်သည်လည်း မမေ့နိုင်စရာဖြစ်ပြီး အံ့ဩဖွယ်လေးဖြစ်ပေလိမ့်မည်။ ချင်လော့လော့၏ စကားများအရ ဆိုရပါလျှင် ရှီယွမ်သာ စင်ပေါ်တွင် ဟစ်ဖြစ်သွားမည်ဆိုပါက သူ စကားတစ်ခွန်း မပြောရင်တောင်၊ သူ သစ်သားတုံးတစ်တုံးလို သရုပ်ဆောင်နေရင်တောင် သူ့အတွက် လူတော်တော်များများက လက်မှတ်ဝယ်ကြမှာဖြစ်ပြီး ပန်းစည်းတွေကိုလည်း ပစ်ပေးလိမ့်မည်ပင်။

လုထင်းဟန်က တုန်ခါနေသည့် မျက်တောင်မွှေးလေးများ၊ တောက်ပနေပါသော ပိတုန်းရောင် မျက်ဝန်းနက်နက်လေးများနှင့် ထိုမျက်ဝန်းလေးများထဲမှ သူ့ကိုယ်သူပင် မြင်နေရသည်။

လုထင်းဟန်က လူများစွာ၏ မျက်ဝန်းများကို မြင်တွေ့ဖူးသည်၊ တချို့က ကြင်နာတတ်သည်၊ တချို့က အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ရက်စက်တတ်သည်၊ စစ်သားများက ခိုင်မာပြတ်သားကြပြီး ကလေးငယ်ကများက ဖြူစင်ကြကာ ချစ်ခင်ကြင်နာတတ်သည်ဟု ခေါ်သော အကြည့်များရှိကြသည်၊ စိတ်ခံစားချက်အားလုံးသည် မှန်တစ်ချက်ကဲ့သို့ မျက်ဝန်းများတွင် ထင်ဟပ်နေတတ်ပြီး ဖုံးကွယ်ထား၍မရပေ။ သို့သော်ငြား ရှီယွမ်က လူများကို ကြည့်သည့်အခါတွင် အာရုံစိုက်ကြည့်လေ့ရှိပြီး စစ်မှန်ရိုးသားကာ အလွန်ထူးခြားလှပြီး ကမ္ဘာပေါ်တွင် သူတို့နှစ်ယောက်သာ ရှိနေသကဲ့သို့ပင် — ပြင်းပြလှသည့် အခြားစိတ်ခံစားချက်များ မရှိပါဘဲ ထိုတစ်ခုတည်းကပင် လူအများ၏ စိတ်ကို ထိရှစေရန် လုံလောက်ပေသည်။

လုထင်းဟန်၏ ခံစားမှုအာရုံများက အလွန်အမင်း ပုံကြီးချဲ့ခံထားရပြီး ရှောင်လွှဲရန် နည်းလမ်းမရှိသည်မှာ အလွန်ရှင်းလင်းလို့နေသည်။

ရှီယွမ်သာ နည်းနည်းလောက် မှီနေသရွေ့ နောက်ထပ် တစ်စင်တီမီတာလောက်…

လုထင်းဟန်က စက္ကန့်ဝက်လောက် ရပ်သွားပြီးမှ ပြောလိုက်သည် “မင်း…”

ရှီယွမ်က သူ့လက်လေးကို ပြန်ရုတ်လိုက်ပြီး အဝေးမှာ ထားလိုက်ပြီဖြစ်ကာ နှမြောတသနှင့် ပြောလာလေသည် : “အာ၊ ခင်ဗျားလည်း ခေါင်းလေးကို အထိခံချင်နေမယ်လို့ ကျွန်တော် ထင်လိုက်တာ”

လုထင်းဟန်၏ ဆံပင်အချို့က ရှုပ်ပွသွားပြီး နှဖူးပေါ်မှာပါ ကျဆင်းလို့နေသည်။ လုထင်းဟန်က ပြောသည် “မင်းတစ်ယောက်ကပဲ အဲ့ဒါကို တော်တော်လေး ကြိုက်တာဖြစ်မယ်”

“ဟုတ်လောက်မယ်” ရှီယွမ်က သူ့ခေါင်းလေးကို စောင်းလိုက်သည်။ “ဒါဆို ကျွန်တော့်မှာ ခင်ဗျားကို စျေးဆစ်ချစ်ပ်ပြားအဖြစ် ပေးဖို့ ဘာမှမရှိတော့ဘူးပဲ။ ခင်ဗျား ဘာလိုချင်လဲဟင်?”

လုထင်းဟန်က မတ်တပ်ထရပ်လိုက်သည် : “… အလျှင်မလိုဘူး၊ အရင်ဆုံး အကြွေးထားထားလိုက်မယ်”

လုထင်းဟန်က အပေါ်ထပ်သို့ တက်သွားပြီး ရှီယွမ်က ဆိုဖာပေါ်တွင် ထိုင်ကာ အနည်းငယ် ဦးနှောက်စားသွားသည် : လုထင်းဟန်က လက်ဆောင်အတွက်ဆို ပုံမှန်ထက်ပိုပြီး စိတ်မအေးပူပန်တတ်သည်ဟု ဆိုရမည်၊ သူက လှည့်ကွက်တွေတောင် သုံးခဲ့သေးသည် မဟုတ်ပါလား။ ဒီအချိန်မှာ စျေးဆစ်ချစ်ပ်ပြားရတဲ့အခါ  သူ ဘာလို့များ လွယ်လွယ်ကူကူ လက်လျှော့သွားတာပါလိမ့်?

ရှီယွမ်၏ အမြီးလေးက အမေးသင်္ကေတနှယ် ကွေးသွားပြီး အချိန်အကြာကြီး တွေးကြည့်ပြီးသည့်နောက် သူသည် မည်သည့်အရာကိုမှ မပေးနိုင်လောက်အောင် ဆင်းရဲနေသည်ဟု ခံစားလိုက်ရသည်။

နောက်တစ်ရက်တွင် လုထင်းဟန်က မနက်ခင်းတွင် ဌာနချုပ်ကိုသွားခဲ့ပြီး နေ့လည်ဘက်စောစောတွင် ပြန်လာခဲ့သည်။

ထို့နောက် ရှီယွမ်က နောက်တစ်ညထပ်၍ ဖဲရှုံးပြန်လေသည်။

လုထင်းဟန်က ရှီယွမ်ကို နိုင်ခွင့်ပြုပေးထားပြီး ဖော့ထုံနှင့် လန့်ထျယ်တို့၍ လယ်ဗယ်များကိုလည်း နှိမ့်ပေးထားသော်ငြား ရှီယွမ်က ရှုံးနေဆဲပင်။
ဖဲချပ်များကို ဖယ်လိုက်ပြီး ရှီယွမ်က မေးလာသည် : “လုထင်းဟန်၊ ကျွန်တော် သူတို့ကို ရိုက်ချနိုင်မယ်လို့ထင်လားဟင်?”

လုထင်းဟန်က ပြောသည် “မင်း တိုးတက်အောင် လုပ်ရဦးမယ်”

ရှီယွမ်က ထပ်၍မေးလာသည် : “ကျွန်တော် နိုင်နိုင်လား?”

လုထင်းဟန် ပြောသည် “ပိုကြိုးစား”

ရှီယွမ်က ထပ်မေးပြန်သည် : “ကျွန်တော် လုပ်နိုင်မှာလား?”

လုထင်းဟန် ပြောလိုက်သည် : “မင်း မနက်ဖြန် သိမှာပဲလေ”

ရှီယွမ်က သူ လုံးဝနိုင်နိုင်မှာ မဟုတ်မှန်းကို သိနေသည်။

နောက်တစ်နေ့တွင် ရှီယွမ်က စီစဉ်ထားသည့်အတိုင်း ‘မြို့တော် အရှေ့ပိုင်း ကဖီး’ ကို သွားလိုက်ပြီး ကျိုးဖင်အန်းနှင့် သူ့အဖွဲ့အား တွေ့ဆုံခဲ့သည်။

တစ်လကျော်ကျော်လောက် ကြာအောင် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပြီးသည့်နောက် တချို့လူများက သူတို့၏ ပုံမှန် အလုပ်များကို ပြန်လုပ်နေကြပြီဖြစ်သည်။ ဤကော်ဖီဆိုင်သည်လည်း မနေ့ကမှ ဖွင့်တာဖြစ်ပြီး ဆိုင်များအားလုံးထဲတွင် တစ်ခုတည်းသော ပြန်ဖွင့်သည့်ဆိုင်ဖြစ်ပေသည်။

ဆိုင်တွင်လည်း ပစ္စည်းများက ပြတ်နေသေးသည်၊ ကော်ဖီမရ၊ သစ်သီးဖျော်ရည်မရ၊ စျေးအလွန်ကြီးပါသော နွားနို့သာရရှိလေသည်။ သူတို့သည် နွားနို့ပူပူလေး တစ်ယောက်တစ်ခွက်ဆီ မှာသောက်ပြီး လတ်တလော အခြေအနေများကို ဆွေးနွေးနေကြသည်။

ကျူချန်သို့ ပြေးဆွဲမည့် လွန်းပြန်Busကားက လည်ပတ်မှု ပြန်လည်မစတင်သေး၍ ကောင်မလေးကို သွားရှာရန် နည်းလမ်းမရှိသေးဟူ၍ ကျိုးဖင်အန်းက ပြောပြလေသည်— ရွှယ်ကျန့်ပန်းပွင့်သည့် ရာသီက ကုန်လွန်သွားပြီဖြစ်ရာ သူမ၏ အကြိုက်ဆုံးပန်းလေးကို ကျိုးဖင်အန်း ပို့ပေးလို့မရတော့ပေ။ ကျိုးဖင်အန်း သူမကို သွားတွေ့နိုင်တာကသာ သူမအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်မည်ဟု လူငယ်စုံတွဲက ပြုံး၍ ပြောလေသည်။

ရှီယွမ်ကလည်း အစားအသောက် ပေးဝေရေးရုံးတွင် ဖြစ်ပျက်သမျှကို ပြန်ပြောပြနေပြီး ပြဇာတ်ရုံက မကြာခင် ပြန်ဖွင့်တော့မည့် အကြောင်းနှင့် ပြဇာတ် ဖျော်ဖြေပွဲများ ပြန်လုပ်နိုင်လောက်တော့မည့်အကြောင်းကို ပြောပြနေသည်။

“ဒါ တကယ်ကောင်းတာပဲ!” ကျိုးဖင်အန်းက ပြောလေသည်။ “လူတွေရဲ့ ဘဝမှာ ဖျော်ဖြေမှုနည်းနည်းလောက်ကတော့ အမြဲရှိဖို့ လိုအပ်တယ်လေ။ ငါက ကျူချန်ကိုသွားရမှာဆိုတော့ မကြည့်နိုင်တာ နှမြောစရာပဲ”

“ဒါဆို မင်းပြန်လာပြီး ကြည့်ဖို့ကို စောင့်နေမယ်” ရှီယွမ်က ပြောလိုက်သည်။ “ဇာတ်ညွှန်းက ရေးထားတာ အရမ်းကောင်းလို့ သတင်းစာထဲမှာတောင် ပါလာတယ်လေ”

စကားပြောပြီးသည့်နောက် ကျိုးဖင်အန်းက ဖဲချပ်တွေထုတ်လာပြန်တော့သည်။

ဖဲကစားဖို့ကို စိတ်မဝင်စားကြသည့် သူများက နှုတ်ဆက်ကာ အရင်ပြန်နှင့်ကြပြီး ကျိုးဖင်အန်း၊ ရှီယွမ်နှင့် လူငယ်စုံတွဲသာကျန်ရစ်နေခဲ့သည်။

ရှီယွမ်မှ လွဲ၍ ထို သုံးယောက်က ဖဲကစားရသည်ကို အလွန်အမင်း ဝါသနာထုံကာ စွဲလမ်းနေကြသည်၊ မဟုတ်လျှင် သူတို့ ယနေ့ထိတိုင်အောင် ဖဲကစားခြင်းကို လွမ်းနေမည်မဟုတ်ပေ။ ရှီယွမ်အတွက်ကတော့… သူသည် လူသားများ လုပ်သမျှ အရာအားလုံးကို စိတ်ဝင်စားနေခြင်းသာဖြစ်သည်။

ပြီးလျှင် ရှီယွမ်က သူတို့ကို သဘောကျ၏။

ကစားကြရာတွင် လောင်းကြေးမရှိပါဘဲ အပျော်သဘောသက်သက်သာ ဆော့ကြလေသည်။ ထိုကစားသမား သုံးယောက်တွင် ထိပ်တန်းဖဲရိုက်စကေးများရှိကြပြီး ရှီယွမ်က အမှန်တကယ်ကို ထပ်ရှုံးပြန်တော့သည်။

အိမ်ပြန်သွားသည့်အခါ ရှီယွမ်က ကစားပွဲရလဒ်ကို လုထင်းဟန်ဆီသို့ အစီရင်ခံရသည်။

လုထင်းဟန်က ‘ကူးစက်မှု၏ ဇီဝဗေဒဆိုင်ရာ အနုမာန အယူအဆ’ ကို ဖတ်နေရင်း ပြောလိုက်သည် : “နောက်တစ်ခါကျရင်တော့ မင်းနိုင်လောက်မှာပါ”

“ဟုတ်တယ် နိုင်လောက်မှာ၊ ကျွန်တော် တိုးတက်လာတယ်လို့ ခင်ဗျား ပြောထားတာပဲကို” ရှီယွမ် ပြောလိုက်ပြီး လုထင်းဟန်၏ ဘေးတွင် တိုးဝှေ့လျက် မျက်လုံးလေးကွေးကာ ပြုံးလို့နေလေ၏။ သို့ပေမယ့် ခဏအကြာမှာတော့ သူ စတင်၍ မသေမချာဖြစ်လာပြန်ကာ : “ဘာဖြစ်မှာလဲဟင်၊ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော် တကယ်ကြီး အနိုင်မယူနိုင်ရင် ဘာဖြစ်မှာလဲ?”

“အင်း၊ ဘာလုပ်ရမလဲ?” လုထင်းဟန်က မေးလိုက်သည်။ “မင်းက ဖဲကဒ်တွေကိုလည်း မမှတ်နိုင်သလို လှည့်ကွက်တွေလည်း မလုပ်နိုင်ဘူးလေ။ တစ်ခါတလေ အနိုင်ရဖို့အတွက်ဆို မင်းတတ်နိုင်သမျှ အကုန်လုပ်ကြည့်ရမှာပဲ”

ရှီယွမ်က ခဏလောက် တွေးကြည့်လိုက်သည် : “ဒါဆို သူတို့ကို ကျွန်တော့်အမြီးလေး ထိခိုင်းကြည့်ရင်ရော၊ သူတို့ ကျွန်တော့်ကို အနိုင်ပေးလောက်မလားဟင်?”

“…ဒါကို ခွင့်မပြုဘူး” လုထင်းဟန်က ပြောလေသည်။ “ရှီယွမ်၊ မင်း ဆက်ပြီး ရှုံးနေလို့ရတယ်”

ရှီယွမ်ခင်မျာ ရွေးချယ်စရာမရှိပါဘဲ ထို အကြံကို စွန့်လွှတ်လိုက်ရသည်။

နောက်ထပ် လဝက်ကြာသွားပြီးနောက်၊ လုထင်းဟန်က အလုပ်ရှုပ်လာပြီး မနက်စောစော အိမ်မှထွက်ကာ ညဘက်မိုးချုပ်မှ ပြန်လာရသည့် သူ့ဘဝကို ပြန်လည်စတင်၍ ရှီယွမ်အား ဖဲရိုက်နည်း သင်ပေးနေသည်ကို ရပ်လိုက်သည်။

ရှီယွမ်က ကျိုးဖင်အန်းနှင့် အခြားလူများကို ထပ်တွေ့ခဲ့သော်လည်း လုံးဝ ရှုံးနိမ့်နေဆဲပင်။

လုမိသားစု၏ လုံးဝ အရှုံးမပေးတတ်သည့် စိတ်ဝိညာည်နှင့် သူတို့၏ ယှဉ်ပြိုင်တိုက်ခိုက်တတ်သည့် ထိပ်တန်း အစဉ်အလာကို လုထင်းဟန်က ရှေ့သို့ သယ်ဆောင်လာခဲ့ပြီး နောက်တော့ ရှီယွမ်က စိတ်ထင့် ခြင်းမရှိ ဝုန်းခနဲ ခွဲချလိုက်လေသည်။

သူတို့တတွေ နောက်ဆုံးတွေ့ခဲ့သည့်အချိန်က ကျိုးဖင်အန်း ကျူချန်သို့ မသွားခင် ညကဖြစ်သည်။

သူတို့သည် ကော်ဖီဆိုင်၏ ကျောက်ပြားခင်းထားသောအကွက်နေရာကျယ်တွင် ထိုင်စရာနေရာကို တွေ့ရှိခဲ့ပြီး ဒီတစ်ခေါက်မှာတော့ သူတို့ ကော်ဖီသောက်ဖြစ်ကြသည်။

ကျိုးဖင်အန်းက သူ့ခေါင်းသူ ကုတ်နေပြီး ပြောလာသည် “ငါ လီလီနဲ့ တိုင်ပင်ပြီးသွားပြီ။ ငါလည်း နောက်ဆို ကျူချန်မှာ အလုပ်တစ်ခုရှာပြီး ပြန်လာဖြစ်တော့မှာမဟုတ်ဘူး”

လူငယ်စုံတွဲမှ ဇနီးငယ်လေးက အလွန်စိတ်မခိုင်စွာဖြင့် : “နောက်ဆို တွေ့ဖို့ ခက်တော့မှာပေါ့၊ ယာဉ်အသွားအလာကလည်း အဆင်မပြေဘူး”

“ဟုတ်တယ်” ကျိုးဖင်အန်းသည်လည်း သက်ပြင်းချလို့နေသည်။

ရှီယွမ် မေးလိုက်သည် “ကျွန်တော် တခြားမြို့တော်ကို ဘယ်လိုသွားရမလဲ?”

“ပုံသေမှတ်တိုင် ပြေးဆွဲတဲ့ Busကားရှိတယ်လေ” ကျိုးဖင်အန်းက ပြောလေသည်။ “လုပ်ထုံးလုပ်နည်းတွေက အရမ်းရှုပ်ထွေးပြီး လက်မှတ်တွေကလည်း တော်တော်လေး စျေးကြီးတယ်။ ငါကတော့ လအနည်းငယ်လောက်ကြိုပြီး ကြိုတင်ငွေချေ ရက်ချိန်းယူထားတာလေ။ လတ်တလော ချောက်နက်က သိပ်ပြီး ထကြွနေမှုမရှိတာ ကံကောင်းတာပဲ၊ လွန်းပြန် Busကား အရေအတွက်ကလည်း တိုးလာတယ်”

“အခု လက်မှတ်ခက ဘယ်လောက်တဲ့လဲ?” ဇနီးငယ်လေးက မေးလေသည်။

“ငါဝယ်တုန်းကတော့ တစ်ထောင်ကျော်တယ်၊ အခု တစ်စောင် ဘယ်လောက်ဖြစ်နေပြီလဲတော့ ငါလည်းမသိဘူး” ကျိုးဖင်အန်းက ပြုံးလိုက်သည်။ “ဒါပေမယ့် အဆင်ပြေပါတယ်လေ၊ ငါ မင်းတို့နဲ့ အဆက်အသွယ်လုပ်လို့ ရနေသေးတယ်၊ ဒါပေမယ့် ရှီယွမ်ရဲ့ ပြဇာတ်ကို မကြည့်နိုင်တော့တာကိုတော့ တကယ် နှမြောတယ်… ဒီအကြောင်းတွေ မပြောတော့ဘူးကွာ၊ ဖဲပဲရိုက်ကြရအောင်!”

သူတို့ နောက်ကျသည်အထိ ကစားနေကြပြီး အနီးအနားရှိ အဆောက်အဦးများမှ မီးများပင် မှိတ်သွားကြကာ ကျောက်ပြားခင်းထားသောအကွက်နေရာကျယ်တွင် ထွန်းညှိပေးထားသော အဝါရောင် မီးအိမ်လေးများသာ ကျန်တော့သည်။

နောက်ဆုံးပွဲတွင် ကျိုးဖင်အန်းက သူ့ကောင်မလေးနှင့် စေ့စပ်မည့်အစီအစဉ်ကိုတောင် ပြောလို့ပြီးသွားပြီး လူငယ်စုံတွဲ၏ အကြံဉာဏ်တို့ကို နားထောင်ပြီးနောက် ကျိုးဖင်အန်းက ပြောလာသည် “ရှီယွမ်၊ ဒီအကြောင်းကို ပြောခါမှပဲ မင်းရဲ့ တပ်မှူးကောင်လေးက ဘယ်သူဘယ်ဝါဆိုတာကို ငါတို့ လုံးဝ မသိဘူးပဲ။ မင်းက တော်တော်လေး အဖွက်ကောင်းပါလား၊ ထုတ်မပြနိုင်ဘူးပေါ့လေ?”

ကျိုးဖင်အန်း ပြောလိုက်ချင်သည်က ‘မိတ်လိုက်ဖော်’ ဟူ၍ ဖြစ်သော်လည်း ဤနေရာတွင် လူအများကြီးက ရှိနေသေးသည်။

“ကျွန်တော် ပြောပြဖို့ အဆင်မပြေလို့ပါ” ရှီယွမ်က ရှင်းပြလေသည်။ “အဲ့ဒါထက်၊ သူက ကျွန်တော့်ကောင်လေး မဟုတ်ဘူးလေ”

ရှီယွမ်က ထိုသို့ပြောပြီးသည့်နောက် သူ့ခေါင်းလေးကို သူ့လက်များကြားမြှုပ်ထားကာ ဖဲကဒ်တွေကို လေ့လာနေလိုက်ပြီး လူသုံးယောက်၏ မျက်လုံးများက ကြေးခေါင်းလောင်းလောက် ပြူးလာကာ ထွက်ကျတော့မလိုဖြစ်နေသည်ကို သတိမပြုမိရှာပေ။

— တစ်စုံတစ်ယောက်က သူ့ပုခုံးပေါ်သို့ လက်တင်လာလေ၏။

ထိုလက်က အဖြူစွတ်စွတ် လက်အိတ်ဖြင့် သွယ်လျလှပေသည်။

ရှီယွမ် သူ့ခေါင်းလေးကို လှည့်လိုက်သည့်အခါ လုထင်းဟန်က သူ၏ အနောက်ဘက် ဘယ်ဘက်အခြမ်းတွင် ရပ်နေကာ လုထင်းဟန်၏ အဖြူရောင်ရှပ်အင်္ကျီသည် ကျယ်ပြန့်သော ပုခုံးနှင့် ခါးသိမ်သိမ်တို့ကို ကောင်ကြောင်းပေါ်နေစေပြီး သူ၏ ပုခုံးထောက်များက ရွှေအိုရောင် လင်းလက်ကာ တောက်ပလို့နေသည်။

မီးရောင် မှိန်မှိန်အောက်တွင် လုထင်းဟန်၏ မျက်နှာပေါက်က နက်ရှိုင်းလှကာ ချောမောနေပုံမှာ စကျင်ကျောက်ဖြင့် ထွင်းထုထားသကဲ့သို့ပင်။ သူ၏ ကိုယ်နေဟန်ထားမှာ အကယ်စင်စစ် လုံးဝ တည်ကြည်နေလျက် ခန္ဓာကိုယ်တစ်ဝက်က အရိပ်ထဲတွင် ရှိနေပြီး လက်တစ်ဖက်ကတော့ ရှီယွမ်၏ ပုခုံးပေါ်တွင် ကျရောက်နေကာ သူသည် မျက်လွှာချထားလျက် အမေးရှိလာ၏ “မင်း နိုင်ခဲ့လား?”

“အာ၊ ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ?” ရှီယွမ်က သူ့ကို တွေ့လိုက်ရသည်နှင့် အမြီးထိပ်လေးက ပျော်ရွှင်စွာ ယမ်းနေတော့သည်။ “ကျွန်တော် အခုထိ မနိုင်သေးဘူး၊ ဒါက နောက်ဆုံးပွဲပဲ”

လုထင်းဟန်က တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်နေလျက် နောက်ဆုံးပွဲကို ရှီယွမ် ကစားပြီးသည်အထိ ကြည့်နေခဲ့သည်။

အမှန်တရားက သက်သေပြနေသည်မှာတော့ (ရှီယွမ် အနိုင်ရရှိဖို့) မဖြစ်နိုင်တာက မဖြစ်နိုင်တာပင်။

ထိုလူသုံးယောက်က လန့်ဖြန့်သွားကြပြီး လက်များကလည်း တုန်ယင်နေကြကာ ဗျာများစွာဖြင့် တစ်ယောက်နှင့် တစ်ယောက် မျက်လုံးအချက်ပြမှုများကို ပြုလုပ်နေကြပြီး သူတို့၏ မျက်နှာများမှာလည်း “ဖာ့ခ် အားးးးးးး! ငါ့ကို ဆိတ်ကြည့်စမ်းပါ အားးးးး!” ဖြင့်ပြည့်နေတာတောင်မှ ရှီယွမ်က သူတို့ကို ရိုက်မချနိုင်ဆဲပင်ဖြစ်ပြီး ရင်ဖိုစရာတစ်စက်မရှိဘဲ ရှူံးသွားလေ၏။

ကော်ဖီဆိုင်မှ ထွက်လာပြီးနောက် သူတို့သည် လူမရှိသူမရှိ လမ်းပေါ်တွင် ရပ်နေကြကာ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်နေကြပြီး နောင်အနာဂတ်တွင် တစ်ယောက်နှင့် တစ်ယောက် ပြန်တွေ့ကြဖို့ ကတိပြုခဲ့ကြသည်။

ရှီယွမ်နှင့် လုထင်းဟန်သည် လမ်းမီးတိုင်အောက်တွင် ဘေးချင်းယှဉ်ရပ်နေလျက် လက်မောင်းချင်းချိတ်၍ အချင်းချင်း တီးတိုးစကားဆိုနေကြသည့် လူငယ်စုံတွဲ ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။ ကျိုးဖင်အန်းကတော့ တည့်တည့်လျှောက်သွားပြီး လမ်းက အလွန်ရှည်လျားလှသည့်အတွက် ကျိုးဖင်အန်း၏ပုံရိပ် တရိပ်ရိပ်ဖြင့် ပျောက်ကွယ်သွားရန်မှာ အချိန်အတော်ကြာသွားလေ၏။

အမှောင်ထုထဲသို့ လုံးလုံး ကွယ်ပျောက်မသွားခင်တွင် ကျိုးဖင်အန်းက ရပ်နေလိုက်ပြီး နောက်ပြန်လှည့်ကာ ရှီယွမ်ကို အားတက်သရော တာ့တာပြလိုက်သည်။

“ကောင်းကောင်းနေနော်!!!” ကျိုးဖင်အန်းသည် ရှီယွမ်က သူပြောတာ မကြားနိုင်လောက်မှန်း သိနေတာကိုတောင် အော်ပြောလိုက်လေသည်။

ရှီယွမ်ကလည်း သူ့ကို တာ့တာပြန်ပြနေသည်။

ခြေဖျားလေးထောက်ကာ တာ့တာပြနေလိုက်၊ ခုန်ဆွခုန်ဆွ လုပ်ကာ တာ့တာပြနေလိုက်နှင့် အမြီးလေးကပါအတူ အင်တိုက်အားတိုက် ယမ်းကာ တာ့တာပြနေလိုက်သည်။

သူ ကျိုးဖင်အန်း၏ နောက်ကျောကို လုံးဝ မမြင်ရတော့သည်အထိပင်။

ညလေအေးသည် တိတ်တဆိတ်နှင့် လမ်းမပေါ်တွင် ဖြတ်တိုက်သွားရာ အရိုးများအထိပင် အေးခဲသွားလေသည်။

ရှီယွမ်က လုထင်းဟန်၏ ကားပေါ်သို့ တက်လိုက်ပြီး ဖုန်းလေးကို ဖွင့်ကာ ရှာကြည့်လိုက်သည့်အခါ မကိုင်လိုက်ရသည့် အဝင်ကောလ် လေးခုကို သွားတွေ့ပြီး အားလုံးက လုထင်းဟန်ထံမှပင်။

ရှီယွမ်က ပြောလိုက်သည် : “အာ၊ ကျွန်တော် အလုပ်လုပ်နေတုန်းက အသံပိတ်ထားခဲ့ပြီး ပြန်ဖွင့်ဖို့ကို မေ့သွားလို့… ဘာဖြစ်ခဲ့လို့လဲဟင်?”

“ဘာမှမဖြစ်ဘူး” လုထင်းဟန်က ပြောလိုက်သည်။ “ဒီရက်ပိုင်း အိမ်ကို စောစော ပြန်ရအောင်”

နောက်တစ်ရက်ရောက်ခါမှသာ သူတို့ ဖဲကစားနေစဉ်တွင် ထိုအနီးနား၌ ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွါးခဲ့ကြောင်းကို သိရလေသည်။

တိုက်ပွဲပြီးသွားသည့်နောက် မြို့တော်အတွင်းတွင် သေနတ်များ၊ ကျည်များ၊ ဗုံးများ နှင့် အစရှိသည့် လက်နက်များက အနည်းငယ် ကျန်ရစ်ခဲ့သည်မှာ မလွဲဧကန်ပင်။ ထိုလက်နက်အရေအတွက်က အလွန်နည်း၍ အများစုက အသုံးမဝင်တော့ကာ စစ်တပ်က ယင်းလက်နက်များကို ပြန်လည်အသုံးပြုရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း တချို့တလေ ပျောက်ဆုံးနေသည်မှာ မလွဲမသွေပင်ဖြစ်သည်။

လူသတ်သမားသည် ပျက်စီးနေသော သေနတ်တစ်လက်ကို ကောက်ယူ၍ မိမိဘာသာ ရိုးရှင်းစွာ ပြုပြင်ခဲ့ပြီးနောက် သေနတ်ဖြင့် လုယက်ရန် သွားရာတွင် မမျှော်လင့်ဘဲ ခံရသူကို မတော်တဆ သတ်ပစ်မိလိုက်သည်။

အမှုအခင်းဖြစ်ပွါးရာနေရာသည် ကော်ဖီဆိုင်နှင့် သုံးဘလောက်သာ ကွာဝေးခဲ့ပြီး နီးလည်းမနီး ဝေးလည်း မဝေးပေ။

ယခုတော့ လုထင်းဟန် သူ့ဆီ ဘာကြောင့် ရောက်လာခဲ့သည်ကို ရှီယွမ် သိရှိသွားပြီပင်။

ထို့နောက်တွင်တော့ ရှီယွမ်က အလုပ်ဆင်းလျှင်ဆင်းခြင်း အိမ်သို့ အမြန်ပြန်ခဲ့ပြီး လုံးဝနောက်မကျပေ— အမှန်တကယ်က သူ ဖဲသွားကစားခဲ့သည့် ထိုရက်မှ လွဲလျှင် အမြဲလိုလို အိမ်အမြန်ပြန်ခဲ့သည်သာ၊ တကယ်တော့ ရှီယွမ်အတွက် သူ့လူသားနှင့် အတူနေရသည်ထက် ဘယ်အရာကမှ အရေးမကြီးပေ။

အောင်ပွဲ၏ ဝမ်းသာပျော်ရွှင်ခြင်းများက ဖြတ်ကျော်လို့သွားခဲ့ပြီး အုံ့မှိုင်းနေသော တိမ်တိုက်များက မြို့တော်ကို တိတ်တဆိတ် ဖုံးလွှမ်းလာပြန်သည်။

ရှီယွမ် အလုပ်လုပ်နေစဉ်တွင် လူအများက ‘အမြင့်ဆုံး ကူးစက်မှုကာလ’ အကြောင်း ထပ်ပြောနေကြသည်ကို ရှီယွမ် ကြားလိုက်ရသည်။ ဒီတစ်ခါမှာတော့ လူတော်တော်များများက ထိုအကြောင်းကို ပြောနေကြပြီး သူတို့၏ စကားများကလည်း ပို၍ ပြည့်စုံခိုင်လုံနေကြပေသည်။

“အနိမ့်ဆုံး ကူးစက်မှုကာလအတွင်းမှာ အဆင့် ၁ သတိပေးချက်ဆိုတာ မရှိခဲ့ဖူးဘူး” သူတို့က ကြောက်စိတ်မွှန်စွာ ပြောဆိုနေကြသည်။ “မဟာမိတ်စစ်တပ်က အမြင့်ဆုံး ကူးစက်မှုကာလ လာနေပြီဆိုတာကို သိနေကြလောက်တယ် ဒါပေမယ့် သူတို့က အကြောက်တရားကြောင့် အထိတ်တလန့်ဖြစ်စေမှာ ကြောက်လို့ မပြောကြတာပဲနေမယ်”

“အမှန်ပဲ၊ မနက်ဖြန်ကျရင် နောက်ထပ် မကောင်းဆိုးဝါးသတ္တဝါတစ်ကောင် ရောက်လာတာလည်း ဖြစ်နိုင်တာပဲ…”

“လူတော်တော်များများက ကျူချန်ကို သွားဖို့ စီစဉ်နေကြတာ ငါသိတယ်။ အဲ့ဒီ့မြို့တော်က အလုံခြုံဆုံးပဲ။ အဲ့ဒီမှာ အခြေချနေထိုင်ဖို့ နေရာတစ်ရာ လွယ်လွယ်မရနိုင်တာကပဲ ခက်တာ ပြီးတော့ အဆင့်မြင့်-ပညာရေး လမ်းကြောင်းကို ရဖို့ကလည်း မလွယ်ပြန်ဘူး။ သေစမ်း၊ ငါ ကြိုသိခဲ့မယ်ဆိုရင် ဒီပလိုမာကောင်းကောင်း တစ်ခုရဖို့အတွက် သေတဲ့အထိ တိုက်ခိုက်နေလိုက်မှာ”

“နည်းပညာပိုင်းဆိုင်ရာ အလုပ်တွေကရော? အဲ့ဒါက အခြေကျဖို့အတွက် မလွယ်ဘူးလား?”

“အဲ့ဒါလည်း ခက်တာပဲ…”

ထိုလူများ ပြောနေသည့် စကားများကို နားထောင်နေရင်း ရှီယွမ်က ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကို စိုက်ကြည့်နေကာ အရသာရှိအောင် ဘယ်လို ချက်ရမည်လဲဟု တွေးတောနေလေ၏။

အစားအသောက် ပေးဝေရေးရုံးတွင် အလုပ်လုပ်ရသည့် နောက်ဆုံးရက်တွင် ရှီယွမ်က ညဆိုင်းသို့ ပြောင်းလဲခံလိုက်ရပြီး ၉နာရီအထိ အလုပ်မဆင်းခဲ့ရပေ။

လုထင်းဟန်က ရှီယွမ်ကို လာကြိုခဲ့ပြီး ကားသမားက စတီယာရင် ဘီးကို လှည့်ကာ ကားအနက်ရောင်က တိတ်တဆိတ်ဖြင့် မြို့တော်ထဲသို့ မောင်းဝင်သွားပြီး ကားရှေ့မီးက ညအမှောင်ယံကြားထဲသို့ ပြူထွက်လာလေ၏။

လုထင်းဟန်သည် မနေ့ညက အိမ်ပြန်မသွားခဲ့ပဲ ဌာနာချုပ်၌ တစ်ညလုံးနေဖြစ်ခဲ့သည်။

မြို့တော်၏ တံတိုင်းနံရံကြီးက တည်ရှိနေဆဲ၊ စစ်သည်တော်များက သွားဖို့အသင့်၊ မုန်တိုင်းက လာနေပြီဖြစ်၍ ယခုက နားနေဖို့အချိန်မဟုတ်ပေ။ လုထင်းဟန် နှင့်အတူပါရှိနေရသည့် အရာရှိများနှင့် စစ်သားများသည် မျက်လုံးများနီရဲနေကြသည်မှာ ကြာနေပြီဖြစ်ကာ ထပ်ကာထပ်ကာ သမ်းဝေနေကြသော်လည်း လုထင်းဟန်ကတော့ တစ်ချိန်လုံး စိတ်တည်ငြိမ်နေပြီး သူ၏ ဆံပင်ပုံစံနှင့် အဝတ်အစားများက ရှုပ်ပွခြင်းအလျှင်းမရှိ၊ ထို့အပြင် သူသည် ပင်ပန်းနွမ်းလျမှု တစ်စကိုတောင် ထုတ်မပြပါဘဲ နောက်တစ်စက္ကန့်မှာတောင် သူ အမိန့်ပေးနိုင်နေသေး၏။

တကယ်တော့ လုထင်းဟန်က ငယ်ပါသေးသည်။

သူ၏ ကျောကို ဖြောင့်ဖြောင့်ဆန့်တန်းနိုင်ဖို့ ခိုင်ခံ့သည့် အရိုးများကို ထောက်ခံပေးထားသည့် တရိပ်ရိပ်တက်လာသည့် အင်အားများရှိနေပေသည်။

သို့သော်ငြား ဒီနေ့မှာတော့ လွန်ခဲ့သော အချိန်များနှင့် မတူပါဘဲ လုထင်းဟန်က မျက်လုံးများကို မှိတ်ကာ ကားထဲတွင် အနားယူလို့နေသည်။

လမ်းမီးတိုင်များက ကားပြတင်းမှန်မှတစ်ဆင့် တစ်ခုပြီးတစ်ခု ဖြတ်သွားပြီး ကားထဲသို့ ကျရောက်လာသည့် အလင်းရောင်သည်လည်း  လင်းတစ်လှည့် မှောင်တစ်လှည့်ဖြစ်လို့နေပေသည်။ ရှီယွမ်က သူ ဒီနေ့ ဘာတွေ တွေ့ခဲ့ကြောင်းကို မပြောပြဖြစ်ဘဲ လုထင်းဟန်၏ ဘေးတိုက်မျက်နှာကိုသာ သူ စိုက်ကြည့်နေမိပြီး ခဏကြာပြီးနောက်မှာတော့ သူ့လက်လေးကို ဆန့်ထုတ်ကာ လုထင်းဟန်၏ နားထင်ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

—နားထင်နားတွင် ဆံပင်များက ရှုပ်ပွလို့နေသည်။

အဲ့ဒါကို ရှီယွမ်တစ်ယောက်တည်းကသာ မြင်လိုက်ရလေသည်။

ဆံပင်ကို ပြန်သပ်တင်လိုက်ပြီး ရှီယွမ်၏ လက်ကလည်း ဆွဲကိုင်ခံလိုက်ရသည်။

လုထင်းဟန်က သူ၏ မျက်လုံးများကို မဖွင့်ဘဲ ရှီယွမ်၏ လက်ကောက်ဝတ်လေးကို ဖွဖွလေးကိုင်ထားကာ တိုးတိုးလေး ပြောလာသည် “…ရှီယွမ်၊ မနက်ဖြန် ကိုယ်နဲ့လိုက်ခဲ့”

“ကျွန်တော်တို့ ဘယ်သွားကြမှာလဲ?” ရှီယွမ်က မေးလိုက်သည်။

“သင်္ချိုင်းကို သွားကြည့်မယ်”

















ချောက်နက်လေးနှင့် နေထိုင်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ