28 - A fish

272 55 0
                                    

အပိုင်း ၂၈ ။  ။ ငါးတစ်ကောင်


သင်္ချိုင်းသို့ မသွားမှီ လုထင်းဟန်က ရှီယွမ်အား တခြားနေရာတစ်ခုသို့ ခေါ်သွားခဲ့လေသည်။

ကားက မြို့ဟောင်းအပြင်ဘက်တွင် ပါကင်ထိုးထားပြီး နှစ်ယောက်သားက လမ်းမပေါ်တွင် လမ်းလျှောက်လို့နေကြကာ ဖေဖော်ဝါရီ နွေဦးလေပြေညင်းလေးက မမျှော်လင့်ပါဘဲ တိုက်ခတ်လို့နေသည်။ ကျိုးနေ၊ ကွဲနေသည့် အုတ်ခဲများကြားတွဲ ရေညှိများတက်နေပြီး ပေါက်နေသော ပေါင်းပင်အနည်းငယ်ကလည်း လှုပ်ခတ်လို့နေသည်။

စစ်ပွဲအတွင်းတွင် ဒီနေရာကို လုံးဝဖျက်ဆီးခံခဲ့ရသည်။ ဒီနေရာကို ပြန်လည်တည်ဆောက်ခဲ့လျှင်တောင် မူလပုံပန်းသဏ္ဍာန်အတိုင်း ပြန်ဖြစ်တော့မည်မဟုတ်၍ အပျက်အစီးများစွာကို ချန်ထားခဲ့သည်။

ဤနေရာသည် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘဲ မြို့ပြအဆောက်အအုံ အနည်းငယ်နှင့် Busကားဂိတ် မရှိသော လူနေရပ်ကွက်ဧရိယာဖြစ်သည်။ အနီးဆုံး စူပါမားကတ်သည် ၁၁ကီလိုမီတာ အကွာအဝေးတွင် ရှိသည်။ လျှပ်စစ်ဓါတ်အားပေးဝေမှုနှင့် ရေပေးဝေမှုကလည်း မတည်ငြိမ်ပေ။ တစ်ခုတည်းသော အားသာချက်မှာ ငှါးရမ်းခက စျေးသက်သက်သာသာဖြစ်ပြီး အားစိုက်ထုတ်မှု အနည်းငယ်ဖြင့်ပင် အိမ်ဟောင်းတစ်လုံးကို ဝယ်ရန် ခက်ခဲမည်မဟုတ်ပါဘဲ ကွာကျနေသော မျက်နှာကျက်နှင့် ကွဲအက်နေသည့် နံရံများကိုသာ ပြင်ဆင်ရန်လိုအပ်ပေသည်။

လမ်းပေါ်တွင် မည်သူမျှမရှိပေ၊ ရှစ်ယွမ် ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ အိမ်များ၏ ပြတင်းပေါက်များကို လိုက်ကာများဖြင့် ကာထားလေသည်၊ တစ်နည်းအားဖြင့် မှန်တံခါးများက အလွန်တရာဝါထိန်နေ၍ မည်သူမျှ မြင်နိုင်မည်မဟုတ်ပေ။

ထိုကဲ့သို့ ၁၀မိနစ်လောက် လမ်းလျှောက်သွားပြီးနောက် လေနှင့်အတူ သယ်ဆောင်လာသည့် ရယ်မောနေသံများကို ကြားလိုက်ရသည်။

သိပ်မဝေးတော့သည့်နေရာတွင် ဖြူဖွေးနေသည့် အဆောက်အဦးတစ်ခု တည်ရှိနေပြီး အဝင်ဝတွင် ခြံဝန်းသေးသေးလေး တစ်ခု ရှိနေကာ တစ်ယောက်နှင့် တစ်ယောက် လိုက်ဖမ်းနေကြသည့် ကလေးများ၊ ဒန်းများ၊ လျှောများ၊ သဲကန်လေးများ၊ သစ်သားမြင်းရုပ်များ… ရှိနေသည်။ နံရံပေါ်တွင် ကာတွန်းရုပ်ပုံများကို ချဲ့ကားကာ ဆေးခြယ်ရေးခြစ်ထားပြီး အရောင်အသွေးစုံလှပေသည်။ ပင်မဝင်ပေါက်၏ သံတံခါးဂိတ်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ထားသည် : [မင်ရှင်းအာ့ထုံ လူမှုဘဝဖူလုံရေးအဖွဲ့အစည်း]

ဝန်ထမ်းတစ်ယောက်က ပင်မဝင်ပေါက်တွင် စောင့်နေကာ သူတို့အတွက် တံခါးဖွင့်ပေးလာသည်။

ရှီယွမ်က လုထင်းဟန် အနောက်မှလိုက်ကာ အဆောက်အဦး၏ ၅လွှာသို့ သွားသည့် လမ်းတစ်လျှောက်တွင် ပြေးလွှားနေသည့် ကလေးများကြားမှဖြတ်၍ ဂေဟာမှူး၏ ရုံးခန်းထဲသို့ ဝင်သွားကြသည်။

ဂေဟာမှူး၏ နာမည်သည် မာသာဖေ့သ် ဟု ခေါ်တွင်ပြီး ငွေရောင်ဆံပင်များနှင့် စာကြည့်မျက်မှန်တပ်ထားသော အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးဖြစ်ပေသည်။

သူမက သူတို့ကို နှုတ်ဆက်ရန် မတ်တပ်ထရပ်လိုက်ပြီး လုထင်းဟန်၏ လက်ကို ကိုင်ထားကာ သူမ၏ မျက်ဝန်းများက အပြုံးများကြောင့် မှေးကျဉ်းလို့နေသည် “ဗိုလ်ချုပ်ကြီး၊ ဒီကို ရောက်မလာတာတောင် တော်တော်ကြာသွားပြီနော်၊ ကလေးတွေဆို ဗိုလ်ချုပ်ကြီးကို တွေ့ရဖို့ ပွက်လောညံအောင် တောင်းဆိုနေကြတာ”
သူမ၏ အကြည့်များက ရှီယွမ်ပေါ်သို့ ကျရောက်လာသည်။ “ဘယ်သူလဲမသိဘူး…”

“မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ရှီယွမ်ပါ” ရှီယွမ်က ပြောလိုက်သည်။

“မင်္ဂလာပါ” မာသာက ရှီယွမ်ကိုလည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

အသက်ကြီးနေသည့် လက်တစ်ဖက်ပင်။ ရှီယွမ်သည် ထိုလက်မှ အရေးအကြောင်းများနှင့် လျော့ရဲရဲ အရေပြားကိုတောင် ခံစားမိနေသော်လည်း စိတ်အနှောင့်အယှက်မဖြစ်စေပေ။ သူမက ပြုံး၍ ပြောလာသည် “ဗိုလ်ချုပ်ကြီးက သူနဲ့အတူ တစ်ယောက်ယောက်ကို ခေါ်လာတာ ဒါက ပထမဆုံးပဲ။ မင်းက သူ့ရဲ့…?”

ရှီယွမ်က စက္ကန့်အနည်းငယ် တွေးကြည့်လိုက်သည် : “ဖဲရိုက်ဖော် ဖဲရိုက်ဖက်”

လုထင်းဟန် : “……”

မာသာသာ အနားမှာ မရှိနေလျှင် သူ့နဖူးအား လုထင်းဟန်က ထပ်တောက်လိမ့်မည်ဟု ရှီယွမ် ခံစားလိုက်ရသည်။

မာသာက သူတို့ကို စင်္ကြံလမ်းမှ ဆင်းကာ ခေါ်ဆောင်သွားပြီး လမ်းလျှောက်ရင်းဖြင့် စကားပြောနေသည်။

သတိပေးချက်အတွင်းတွင် အနောက်ဘက်နံရံက ပြိုကျသွားပြီး ပြုပြင်ထားကြောင်းကို သူမက ပြောပြနေသည်၊ ထို့အပြင် ဆောက်လုပ်ရေးဆိုက်အနီးသို့ သွားရောက်ဆော့ကစားကြသည့် ခပ်ဆိုးဆိုး ကလေးလေးများရှိသော်လည်း ကံကောင်းစွာဖြင့် သူမက ရှာတွေ့ခဲ့လေသည်။

ကလေးလေး လေးယောက်က မွေးစားခံလိုက်ရသော်လည်း ကလေးအသစ် ဆယ်ယောက်နီးပါးလောက် ထပ်ရောက်လာကြောင်းကို သူမက ပြောပြသည်။ တချို့ကလေးများက စွန့်ပစ်ခံကြရပြီး တချို့ကလေးများကတော့ မတော်တဆမှုကြောင့် သူတို့၏ မိဘများကို ဆုံးရှူံးသွားခဲ့ရ၍ဖြစ်သည်။

မဟာမိတ်စစ်တပ်၏ ထောက်ခံမှု မူဝါဒကြောင့် အခက်အခဲဆုံး အချိန်တွင် တစ်စုံတစ်ဦးက ဝယ်စရာရှိသည်များကို ဝယ်ခြမ်းရန် ဆယ်ကီလိုမီတာကျော်သော အကွာအဝေးတွင်ရှိနေသည့် စူပါမားကတ်သို့ သွားရာတွင် ကူညီပေးခဲ့ပြီး ကလေးများက ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားနိုင်နေဆဲဖြစ်ကြောင်းကိုလည်း သူမက ပြောပြနေလေသည်။ သူတို့တွင် အခွင့်ရေးရှိခဲ့လျှင် အိပ်ဆောင်နှင့် မီးဖိုချောင်ကို တိုးချဲ့မည်ဖြစ်သည်။ ယခု အဆောက်အဦး၏ ဆံ့သောပမာဏက သေးငယ်လွန်းလှသဖြင့် ကလေးများက စုပြုံပြည့်ကျပ်စွာ နေနေရသည်။

လုထင်းဟန်သည် သူ၏ ကိုယ်ပိုင်အမည်ဖြင့် မိဘမဲ့ဂေဟာသို့ လှူဒါန်းနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ဂေဟာသည် ငွေပြတ်လတ်မနေဘဲ အခက်ခဲဆုံး အချိန်များကို ကျော်လွှားနိုင်ခဲ့ကြောင်းကို သူမက ပြောပြလေသည်။

မာသာက ခါးကုန်းနေပြီဖြစ်၍ အလွန်ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး လုထင်းဟန်ကလည်း ဖြည်းဖြည်းချင်း အနောက်မှလိုက်ကာ လှေကားအဆင်းများတွင်လည်း သူမဆီသို့ သွားရောက်ထိန်းကိုင်ပေးသည်။

စင်္ကြံလမ်းမှ ပြတင်းပေါက်ဆီသို့ သူတို့ လျှောက်သွားလိုက်ကြပြီး အပြင်ဘက်သို့ ကြည့်နေကြသည်။

နေရောင်ခြည်က ခြံဝန်းအသေးလေးထဲတွင် ဖြာကျနေလျက် ဒန်းများ၏ ချိန်းကြိုးများက တကျွိကျွိမြည်နေပြီး ကလေးများက ရယ်သံများ အော်ဟစ်သံများနှင့်အတူ လျှောပေါ်မှ တစ်ယောက်ပြီး တစ်ယောက် လျှောဆင်းချနေကာ သက်ဝင်တက်ကြွလို့နေပေသည်။

မာသာက ပြောလေသည် : “ကျွန်မ အဖွဲ့အစည်းကလူတွေနဲ့ ဒီအကြောင်း ဆွေးနွေးပြီးသွားပါပြီ၊ ကျွန်မ အနားယူတဲ့အချိန်ကျရင် စကော့ကို ဂေဟာမှူးနေရာကို ပေးခဲ့မှာလေ”

“မာသာရဲ့ ကျန်းမာရေးကရော ဘယ်လိုနေလဲ?” လုထင်းဟန်က မေးလိုက်သည်။

“အင်း၊ ရာသီဥတုအေးလာတာနဲ့ ကျွန်မ ခြေထောက်တွေက အမြဲနာနေပြီး ကောင်းကောင်း အလုပ်မလုပ်တော့ဘူးလေ” မာသာက ပြုံးသည်။ “အခြေအနေကတော့ မပြောပလောက်ပါဘူး၊ ဘာမှ မပြင်းထန်ဘူး၊ လူတွေက အသက်ကြီးလာရင် ဒီလိုပဲလေ ကောင်းတဲ့အချက်က ကျွန်မအခုထိ ၅လွှာကို အတက်အဆင်း လုပ်နိုင်သေးတယ် ပြီးတော့ ကျွန်မခေါင်းကလည်း ရှင်းလင်းနေတာပဲ”

နောက်တော့ သူမက အချိန်အကြာကြီး တွန့်ဆုတ်သွားပြီး မေးလာလေသည် “…ဗိုလ်ချုပ်ကြီး၊ ကျွန်မကို အမှန်အတိုင်း ပြောပြပေးပါ၊ အမြင့်ဆုံးကူးစက်မှုကာလက မကြာခင် ရောက်လာတော့မှာလား?”

လုထင်းဟန်က ပြန်ဖြေလိုက်သည် : “မာသာ ဒီကိစ္စကို စိုးရိမ်နေစရာမလိုပါဘူး။ သိပ္ပံသုတေသနဌာနက အမျိုးမျိုးသော လက္ခဏာတွေကို အာရုံစိုက်နေကြပါတယ်။ သုံးသပ်ချက်တစ်ခုထွက်လာတာနဲ့ လူတိုင်းကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားပေးသွားမှာပါ”

“ကောင်းတယ်” မာသာ၏ အဖြူရောင် ဆံနွယ်များက လေထဲတွင် လှုပ်ယိမ်းသွားပြီး လိပ်ခွေသွားလေသည်။ “ဒါဆိုရင်တော့ ကျွန်မ အသက်ရှူချောင်သွားပြီ၊ မဟုတ်ရင် ကလေးတွေက ကျွန်မကို တောက်လျှောက်မေးနေပြီး နားပူနေတာ ကျွန်မကလည်း ဒီအကြောင်းတွေကို နားမလည်ဘူးလေ၊ ဗိုလ်ချုပ်ကြီးဆီကနေ ဒီလိုနားထောင်ပြီးသွားတော့ ကျွန်မစိတ်အေးသွားရတာပေါ့”

ကလေးတစ်သိုက်က လှေကားခွင်တွင် ပြေးလွှားနေကြပြီး ကလေးမလေးတစ်ယောက်က အသံသေးသေးနုနုလေးဖြင့် ခေါ်လိုက်သည် : “ဖွားဖွားမာသာ! သမီးတို့နဲ့ အတူ ဆော့ရအောင်!”

ချက်ချင်းဆိုသလိုပဲ သူတို့လေးတွေက လုထင်းဟန်တို့ကို ပတ်ပတ်လည်လည် ဝိုင်းလိုက်ကြသည်။

ရှီယွမ်က လူသားကလေးလေးများ၏ ခေါင်းများနှင့် ဆံပင်လေးများကို မြင်နေရပြီး မာသာ၏ အနားတွင် ကလေးအများကြီးက ဝိုင်းပတ်လို့နေပြီး သူတို့လေးတွေအားလုံးက ပြုံးနေကြသည်။

ကလေးများကို ချော့နေစဉ်အတွင်း မာသာက ရှီယွမ်တို့ကို ပြောလာလေသည် : “လမ်းလျှောက်ပြီး ပတ်ကြည့်ကြလေ၊ အလျှင်မလိုဘူးဆိုရင် ပြန်မသွားခင် နေ့လည်စာကို ခြံဝန်းထဲမှာ စားလိုက်ကြပေါ့။ ဗိုလ်ချူပ်ကြီး လာလည်တယ်ဆိုတာ ဒီလောက်ရှားတဲ့ဟာ ထိုင်ပြီး လက်ဖက်ရည်တစ်ခွက်လောက်တော့ သောက်သွားပါဦး”

သူမက ကလေးများနှင့် ထွက်ခွါသွားပြီး ရှီယွမ်နှင့် လုထင်းဟန်က ခြံဝန်းထဲတွင် ထပ်၍ လှည့်လည် ကြည့်ရှုနေလေသည်။

အသက်ကြီးနေပြီဖြစ်သည့် ကလေးအနည်းငယ်က သူတို့အနောက်မှ တိတ်တိတ်လေး လိုက်လာကြကာ သူတို့က လုထင်းဟန်ကို မှတ်မိနေပုံရပြီး တစ်ယောက်နှင့် တစ်ယောက် ကပ်တိုးလေးပြောနေကြသည်။

သူတို့က မိဘမဲ့ဂေဟာအနှံ့ လျှောက်ပတ်ကြည့်ကြပြီး လုထင်းဟန်က နံရံကနေ ဂိတ်ဝ၊ ဂိတ်ဝကနေ ခြံဝန်းထဲမှ လျှော စသည့် မြင်မြင်သမျှအရာမှန်သမျှကို လိုက်ကြည့်လို့နေပြီး အလေးအနက်ထား ကြည့်နေပုံမှာ စစ်တပ်အစီရင်ခံစာတစ်စောင်ကို ဖတ်နေသည့်အတိုင်းပင်။

သူတို့သည် ပထမထပ်သို့ ပြန်လျှောက်လာကြပြီး ခြံဝန်းထဲမရောက်ခင်တွင် လုထင်းဟန်က ရပ်သွားလေသည်။

ရှီယွမ် လုထင်းဟန်၏ အကြည့်နောက်သို့ လိုက်ကြည့်သည့်အခါ သဲတွင်းထဲတွင် သဲရဲတိုက်ဆောက်နေသော ကောင်ကလေးနှစ်ယောက်ကို ရပ်ကြည့်နေသည့် ပန်းပွင့်ဝတ်စုံဝတ်ထားသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

လုထင်းဟန်က ပြောလာသည် : “သူမက ဟယ်ယွီရဲ့သမီးလေ၊ မင်း သူ့ကို မှတ်မိသေးလား?”

ရှီယွမ် အသေအချာကို မှတ်မိနေပါသေးသည်။

ထိုလူက ကူးစက်ခံရပြီးသည့်နောက်တွင် ညင်သာစွာ ဇီဝိန်ချွေခြင်းကို လက်မခံနိုင်တော့ပါဘဲ အဖွဲ့မှ လွတ်မြောက်ရန် ရှီယွမ်ကို ဓါးစာခံအဖြစ်ခေါ်သွားခဲ့သည်။ ထို့နောက် ထိုလူက လုထင်းဟန်၏ လက်ထဲ၌ သေဆုံးခဲ့ရလေသည်။

ထိုလူသည် သူ့သမီးက ငါးနှစ်ပဲရှိသေးပြီး သူက သူမကို တွေ့ချင်နေသေးသည်ဟု ပြောခဲ့လေသည်။

ရှီယွမ် အံ့အားသင့်သွားသည်က လုထင်းဟန်သည် ဟယ်ယွီကို အမှတ်ရနေဆဲ ဖြစ်သည်ကိုပင် — မည်သည့် အကြောင်းအရင်းကြောင့်ပင်ဖြစ်စေ လုထင်းဟန်၏ လက်ထဲတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သေဆုံးသူများစွာရှိနေမည်ကို ရှီယွမ်တောင်မှ နားလည်နေပါ၏။ ကမ္ဘာလောကကြီးသည် အန္တရာယ်များပြီး ကံဆိုးမှုများ ပြည့်နှက်နေရာ ကံမကောင်းစွာဖြင့်ပင် ဟယ်ယွီသည်လည်း (လုထင်းဟန် လက်ထဲတွင် သေဆုံးခဲ့သည့်) အထူးသီးသန့် မဟုတ်ပေ။

ထို့အပြင် လုထင်းဟန်သည် ဟယ်ယွီ၏ သမီးကိုလည်း မှတ်မိနိုင်နေသေးသည်။

လုထင်းဟန်က ပြောလေသည် : “စွန့်လွှတ် အနစ်နာခံသွားတဲ့ စစ်သားတွေရဲ့ အသက် ၁၄နှစ်အောက် ကလေးတွေကို လူမှုဖူလုံရေးအိမ်တွေဆီကို ပို့ပေးကြတယ်”

ရှီယွမ်က သူ့ကို မေးလိုက်သည် : “တခြားကလေးတွေကိုရော ခင်ဗျားသိတာလား?”

“တချို့တလေပေါ့” လုထင်းဟန်က ရှေ့ကို ဆက်ပြီး လမ်းလျှောက်သွားလေသည်။

“သူတို့ကို မှတ်မိဖို့ ခင်ဗျား သူတို့ကို တစ်ကြိမ်ပဲတွေ့ဖို့လိုတာလား?” ရှီယွမ် မေးလိုက်သည်။

လုထင်းဟန် : “အဲဲ့လောက်နီးနီးပေါ့၊ ကိုယ် သူတို့ရဲ့ နာမည်အပြည့်အစုံကို မှတ်မိချင်မှ မှတ်မိမယ် ဒါပေမယ့် သူတို့တွေရဲ့ မျက်နှာတွေကို ကိုယ်သိနေတယ်လေ”

လုထင်းဟန်က သူ့ကို ဖဲကစားနည်း သင်ပေးစဉ်အခါက ကဒ်တွေကို မှတ်မိနေဖို့ အလွတ်ကျက်ရန် အမြဲပြောနေခဲ့သည့်အကြောင်းကို ရှီယွမ် တွေးလိုက်မိသည်။ လုထင်းဟန်အတွက်ကတော့ စားပွဲ တစ်ဖက်တစ်ချက်ရှိ လူများကို အလွယ်တကူ မှတ်မိနေသကဲ့သို့ အရမ်းကို လွယ်ကူရိုးရှင်းနေလောက်သည်။

‘ငါ့လူသားက တကယ်ကြီး ဉာဏ်ကောင်းတာပဲ’

သူတို့တွေသည် ခြံဝန်းထဲတွင် နေ့လည်စာ စားခဲ့ကြသည်။

သစ်ပင်ရိပ်ထဲတွင်၊ သူတို့သည် ခြံဝန်းထဲရှိ သစ်ပင်ကြီး၏ အောက်၌ ရှိနေသည့် ပန်းကန်ပြားများခင်းကျင်းထားသော စားပွဲတွင် ထိုင်နေကြသည်။

ကလေးများနှင့် ဝန်ထမ်းများအတွက် နေ့လည်စာက အတူတူပင်ဖြစ်သော်လည်း ဝေစုပမာဏက ခြားနားပေသည်။ ရှီယွမ်က အာလူးထောင်း၊ ပြုတ်ထားသည့် ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး စပယ်ဂတ်တီ (အီတလီခေါက်ဆွဲ) နှင့် နို့ဘူးတို့ကို ရရှိခဲ့ပြီး အားလုံးက အရသာရှိလှသည်။

ရှီယွမ်က ပိုက်ချောင်းလေးကို ကိုက်လျက် မေးလာသည် “လုထင်းဟန်၊ တစ်နေ့ကျရင် ကျွန်တော် ခင်ဗျားလောက် ဉာဏ်ကောင်းလာမှာလားဟင်?”

လုထင်းဟန်က ရှီယွမ် ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးလိမ့်မည်ဟု မမျှော်လင့်ထားဟန်ဖြင့်  သူ့ မျက်ခုံးများကို ပင့်လိုက်ကာ ပြန်ပြောလိုက်သည် : “ဖြစ်နိုင်ပါတယ်။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အင်အားဆိုတာ ရှိကြတာပဲ”

နေ့လည်စာ စားပြီးနောက် လုထင်းဟန်က ရှီယွမ်ကို တစ်ချက်လောက် လမ်းပတ်လျှောက်ဖို့ ပြောလိုက်ပြီး သူကတော့ မာသာနှင့် အခြားအဖွဲ့ဝင်များကို ကိုယ်တိုင်ကိုယ်ကျ သွားတွေ့လိုက်သည်။ တွေ့ဆုံပြီးနောက် လုထင်းဟန် ပြန်ထွက်လာသည့်အခါမှာတော့ သူ ရှီယွမ်ကို ရှာမတွေ့တော့ပေ။

ပတ်ပတ်လည် လိုက်ရှာကြည့်ပြီး သူ အပြင်သို့ လျှောက်သွားလိုက်သည့်အခါ ညောင်ပင်အောက်တွင် ကလေးများ၏ ပတ်လည်ဝိုင်းထားခြင်းကို ခံနေရပါသော ရှီယွမ်ကို တွေ့လိုက်ရလေသည်။ ရှစ်ယွမ်က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကာ သူ့အား ကယ်တယ်ရှင်ကို မြင်တွေ့လိုက်ရသည့်အတိုင်း ကြည့်လာပြီး ချက်ချင်းပဲ သူ့ဆီကို လျှောက်လာသည် —

ကလေးများက သဘောမတူပါဘဲ ရယ်ကာမောကာဖြင့် ‘တကော၊ သားတို့နဲ့အတူကစားပေး!’ ဟု ဆို၍ သူတို့ကိုယ်သူတို့ ရှီယွမ်အပေါ်ကို တစ်ယောက်ပြီး တစ်ယောက် ပစ်ဝင်လိုက်ကြသည်။

ဒီလိုနှင့်၊ လုထင်းဟန်သည် ရှီယွမ်က သူ့ဆီသို့ အားသွန်ခွန်စိုက် လျှောက်လာသော်လည်း ပိုပိုများလာသည့် ကလေးများက ရှီယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် တွဲလွဲခိုနေကြသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရသည်။ အဆုံးမှာတော့ ရှီယွမ်က စီးနင်းခံနေရပါသော သစ်သားလှေလို တဖြည်းဖြည်း နစ်မြုပ်နေပြီး ညင်ညင်သာသာနှင့် ဖြည်းဖြည်းချင်း အောက်သို့ ကျသွားကာ ကလေး တစ်ပုံ တစ်ခေါင်းကြီး၏အောက်တွင် မြုပ်နေတော့သည်။

လုထင်းဟန် : “……”

လုထင်းဟန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ရှီယွမ်၏ နတ်ဆိုးဦးချိုလေးကို မလွဲတမ်း ဆုပ်ကိုင်လိုက်ပြီး ကိုင်မြှောက်ကာ လှုပ်ယမ်း၍ ကလေး ငါးယောက် ခြောက်ယောက်လောက်ကို ခါထုတ်လိုက်ပြီး ရှီယွမ်ကို မြေကြီးပေါ်သို့ ချောချောမွေ့မွေ့ပင် ပြန်ချပေးလိုက်လေသည်။

ရှီယွမ်က သူ့အမြီးလေးကို ကွေးလိပ်ကာ လုထင်းဟန် အနောက်တွင် ဝင်ပုန်းလိုက်သည် : “ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်!”

လူသားကလေးများက လူကြီးများလောက် ကြောက်စရာမကောင်းသော်လည်း သူတို့လေးတွေက လူအင်အားတောင့်ပြီး စိတ်အားထက်သန်ကြသည့်အတွက် ရှီယွမ်ကို ကြောက်နေစေ၏။ လုထင်းဟန်ကို အားကိုးလိုက်ပြီး ရှီယွမ်က နောက်ဆုံးတွင်တော့ ကြောက်စရာကောင်းလှသည့် ကလေး တစ်ပုံ တစ်ခေါင်းကို ရှင်းထုတ်နိုင်သွားသည်။

သူတို့က သဲပေါ်တွင် မတ်တပ်ရပ်နေကြပြီး ဒန်းများက လေထဲတွင် တကျွိကျွိမြည်ကာ လှုပ်ယမ်းနေပြီး ကလေးလေးများက တစ်စုံတစ်ရာကို ရှာတွေ့သွားကြပြန်ကာ ရယ်မောသံများက ကျွက်ကျွက်ညံသွားတော့သည်။

ရှီယွမ်က သူ့ကို ထိပေးဖို့ ပြောလိုက်ပြီး ထို့နောက်မှာတော့ စိတ်ငြိမ်သွားလေသည်။

လုထင်းဟန်က ရှီယွမ်ပြောတာကို ကြားလိုက်ရသည် : “ကျွန်တော် အဲ့ဒီ့အကြောင်းကို ခင်ဗျားကို စောင့်နေတုန်းက တွေးနေခဲ့တာ။ ကျွန်တော့်မှာ ဘာအင်အားမှ မရှိပါဘူးလေ။ မစ္စတာချန်းက ကျွန်တော့်ကို အမြဲ ချီးကျူးနေတာတောင် သရုပ်ဆောင်တာနဲ့ ပတ်သတ်လို့ ကျွန်တော့်မှာ အခက်အခဲတွေ အများကြီး ရှိနေတုန်းပဲ၊ ကျွန်တော့်မှာ အရည်အချင်းရှိတယ်လို့ မပြောနိုင်ပါဘူး”

“မဟုတ်ဘူး၊ မင်းမှာ ရှိတယ်” လုထင်းဟန်က ပြောလိုက်သည်။

ရှီယွမ်က ခဏလောက် မှင်တက်သွားလေသည် : “ဘာလဲဟင်?”

လုထင်းဟန်က ပြုံးလိုက်ပြီး ရှီယွမ်၏ မျက်နှာလေးကို ညှစ်ကာ အဖြေပြန်မပေးပေ။

ရှီယွမ် : ?

အဖြေက ဘာမှန်း ရှီယွမ်က နားမလည်၍ စိတ်ရှုပ်ထွေးသွားပြီး သူ့အမြီးလေးက အမေးသင်္ကေတလေးနှယ်ဖြစ်လို့သွားလေသည်။

သူတို့ မိဘမဲ့ဂေဟာကနေ ထွက်လာခဲ့ကြသည်။

ရှီယွမ်က ကားထဲမှနေ၍ အနောက်ဘက်သို့ ပြန်ကြည့်နေကာ ကလေးများ၏ ရယ်သံများနှင့် အရောင်သွေးစုံစွာ ရေးခြယ်ထားသည့် ကာတွန်းနံရံက အဝေးတွင် ကျန်ရစ်နေခဲ့ပြီး အဖြူရောင် အဆောက်အဦးသည်လည်း အိမ်ဟောင်းများ၏ ကွယ်ခြင်းကို ခံလိုက်ရကာ မြင်ကွင်းထဲမှနေ၍ လုံးဝ ပျောက်သွားလေသည်။

“ကျွန်တော်တို့ အခု ဘယ်ကို သွားကြမှာလဲဟင်?” သူ လုထင်းဟန်ကို မေးလိုက်သည်။

“နန်းဖင် သင်္ချိုင်း” လုထင်းဟန်က ပြန်ဖြေလာသည်။

သင်္ချိုင်းက သိပ်မဝေးပါဘဲ မိဘမဲ့ဂေဟာမှနေ၍ မိနစ် ၂၀ လောက် ကားမောင်းသွားရုံနှင့် ရောက်လေသည်။

အဖြူရောင် အုတ်ဂူများကို လှေကားထစ်ပုံစံ ပြုလုပ်ထားပြီး မျက်စိတစ်ဆုံး မြင်နိုင်ရလောက်အောင် ဆွဲဆန့်ထားသလို ဖြစ်နေသည်၊ ရှီယွမ်အတွက်တော့ လူသားများ၏ သင်္ချိုင်းကို မြင်တွေ့ရသည်က ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။

မိဘမဲ့ဂေဟာမှ ထွက်လာပြီး ငယ်ရွယ်သေးငယ်သည့် မျက်နှာလေးများကို နှုတ်ဆက်ပြီးရုံရှိသေး ချက်ချင်းဆိုသလို သုသာန်သို့ရောက်ရှိလာရသည်၊ ရှင်သန်ခြင်းမှ သေဆုံးခြင်းသည် ရှင်းရှင်းလင်းလင်းကို ခြားနားလွန်းပေသည်။

ပြုပြင်ထိန်းသိမ်းရန်နှင့် ကြမ်းပြင်နေရာ ချွေတာနိုင်စေရန်အတွက် အုတ်ဂူတစ်ခုစီတွင် လူဆယ်ယောက်စီ မြှုပ်နှံထားပြီး သူတို့၏ အမည်များကို အုတ်ဂူကျောက်တုံးများပေါ်တွင် ရေးထွင်းထားလေသည်။ အချို့မှာ မိသားစုဝင်များဖြစ်ကြပြီး အချို့မှာ အသက်ရှင်နေချိန်တွင် အချင်းချင်း ဘာမှမဆိုင်ကြဘဲ နောက်ဆုံးတွင်မူ သူတို့အားလုံးသည် ကမ္ဘာကြီးကို စိတ်အနှောက်အယှက်မဖြစ်စေဘဲ ဤနေရာ၌ ငြိမ်သက်စွာ အိပ်စက်ခဲ့ကြရသည်။

သူတို့အတွက်ကတော့ ရှည်လျားပြီး နာကျင်စရာကောင်းသည့်ခရီးက ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ သေလွန်သူများအတွက် ဝမ်းနည်း ပူဆွေးရန် လာရောက်ကြသည့် အသက်ရှင်နေသူများအတွက်ကတော့ တစ်ချိန်တစ်ခါက သူတို့၏ နှလုံးသားထဲမှ တောက်ပ၍ လင်းလက်နေသာ ချစ်ခြင်းမေတ္တာများနှင့် အတိတ်များကို ဤနေရာတွင် မြှုပ်နှံခဲ့ရလေသည်။

ရှီယွမ်က အဖြူရောင်ဂန္ဓာမာပန်းတစ်စည်းကို ကိုင်ဆောင်ထားသည့် လုထင်းဟန်၏ အနောက်မှ လိုက်သွားသည်။ နှစ်ဦးသားသည် ဟိုတစ်စုသည်တစ်စုဖြစ်နေသည့် ကျောက်တုံးအုပ်ဂူများကို ဖြတ်ကျော်ကာ အနောက်ဘက်စွန်းစွန်းရှိ ဆိတ်ငြိမ်၍ တသီးတခြားဖြစ်နေသော င်္သချိုင်းဆီသို့ ရောက်ရှိလာကြသည်။

ဤနေရာသည် စစ်တပ်အရာရှိများ၏ အုတ်ဂူကျောက်တိုင်များဖြစ်ကာ ပန်းများဖြင့် အလှဆင်ထားပြီး သန့်ရှင်းသပ်ရပ်နေရာ တစ်ယောက်ယောက်က ထိုအုတ်ဂူများကို လာရောက် သန့်ရှင်းပေးထားခြင်းဖြစ်နိုင်သည်။

လုထင်းဟန်သည် အဖြူရောင်အုတ်ဂူရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပန်းစည်းကို အုတ်ဂူရှေ့တွင် ထားလိုက်သည်။

ရှီယွမ်က အုတ်ဂူပေါ်တွင်ရေးသားထားသည့် စာများကို မြင်လိုက်ရသည် :

[ချစ်ရပါသော ဖုချင်း လုကျွမ် (၂၁၇၂-၂၂၂၄)

ချစ်ရပါသော မုချင်း ယွီချင့်မိန် (၂၁၇၉-၂၂၃၂)]

အတ္ထုပ္ပတ္တိအရဆိုရသော် လုကျွမ်သည် မဟာမိတ်စစ်တပ်မှ ကာနယ်တစ်ဦးဖြစ်ပြီး ယွီချင့်မိန်သည် သိပ္ပံအကယ်ဒမီ၏ တွဲဖက်ပညာရှင်ဖြစ်ပေသည်။

ရှီယွမ်က ထိုနာမည်နှစ်ခုကို မတော်တဆ ခဏခဏကြားနေရ၍ ရင်းနှီးနေပြီး သူတို့နှစ်ဦးသည် အမျိုးသမီးများရော ကလေးများ အားလုံးကပါ သိကြသည့် အဆင့်တစ်ခုတွင်ရှိလောက်မည်။

အုတ်ဂူပေါ်တွင် ဓါတ်ပုံများရှိသည်။ အမျိုးသားက ချောမောပြီး အမျိုးသမီးက လှပကာ စံထားလောက်သည့် တွဲဖက်ပင်။ သူတို့၏ အတ္ထုပ္ပတ္တိသည် ပြောင်လက်တောက်ပနေသော စွမ်းဆောင်မှုများဖြင့် သိပ်သည်းလှပေသည်။

လုထင်းဟန်သည် တိတ်ဆိတ်စွာဖြင့် အုတ်ဂူရှေ့တွင် တဒင်္ဂလောက် ရပ်လို့နေ၏။ သူ့တွင် မျက်နှာအမူအရာ များစွာမရှိလှ၊ ဝမ်းနည်းမှုမရှိသလို အတိတ်ကို တသသဖြစ်နေသည့် ပုံလည်းမရှိပါဘဲ သူနှင့် မသက်ဆိုင်သောသူများကို ကြည့်နေသကဲ့သို့ ယဉ်ကျေးသိမ်မွေ့ကာ တည်ငြိမ်နေပြီး နောက်ထပ် ဘာမှထပ်မရှိတော့ပေ။

နောက်တော့ သူ ရှီယွမ်ကို ပြောလိုက်လေသည် “သွားရအောင်”

သူတို့နှစ်ဦးသည် လမ်းပေါ်သို့ ပြန်လျှောက်လာကြပြီး လမ်းတစ်လျှောက်တွင် ပေါက်ရောက်နေသော သစ်ပင်များ၏ အရိပ်များက လမ်းပေါ်တွင် ပြန့်ကျဲလို့နေလေသည်။

လုထင်းဟန်က ပြောလာသည် : “ကိုယ့်အမေက နာမကျန်းဖြစ်ပြီး ဆုံးသွားခဲ့တာ၊ ဒီနေ့က သူမ သေဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့လေ”

“အိုး…” ရှီယွမ်က နှစ်သိမ့်ပေးဖို့ စကားလုံးများကို တွေးမရနိုင်ဖြစ်နေသည်၊ ထို့သို့ဖြင့် သူသင်ထားခဲ့သော တခြား လူသားတွေ ပြောသည့် စကားကိုသာ ပြောလိုက်လေတော့သည်။
“စိတ်မကောင်းပါဘူး”

လုထင်းဟန်က ဆက်၍ ပြောလေသည် : “သူမက ကူးစက်ပြန့်ပွါးလွယ်တဲ့ သက်ရှိတွေကို အဓိက အာရုံစိုက်ခဲ့ပြီး ချောက်နက်ရဲ့ ကူးစက်မှု သွင်ပြင်လက္ခဏာတွေကို သုတေသနလုပ်တဲ့နေရာမှာ ကြီးမားတဲ့ ပံ့ပိုးကူညီမှုကို လုပ်ပေးခဲ့တယ် ပြီးတော့ ထိန်းချုပ်ဆေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုမှာလည်း ပါဝင်ခဲ့တယ်။ ကံမကောင်းတာကတော့ သူမက သူမရဲ့ နောက်ဆုံး သုတေသနဖြစ်တဲ့ ချောက်နက် နံပါတ် 0 ကို သုတေသနလုပ်ဖို့ မပြီးမြောက်ခဲ့ဘူး”

မမျှော်လင့်ထားသည့် အံ့အားသင့်စရာ စကားကြောင့် ရှီယွမ် အေးခဲတောင့်တင်းသွားတော့သည်။

လေထုကပါ အေးခဲနေပုံပေါက်နေပြီး ရှီယွမ်က မေးလိုက်လေသည် “…သူမက ဘာတွေကို သုတေသနလုပ်တာလဲ?”

လုထင်းဟန်က ပြန်ဖြေလာသည် : “အဲ့ဒီ့သုတေသနက ပထမခြေလှမ်းပဲ ရှိပါသေးတယ်၊ အဆိုကြမ်းအဆင့်မှာပဲ ရှိနေသေးတာ၊ တိုင်းတာမှု တန်ဖိုးလည်း မရှိသလို အဖြေလည်း မပေါ်သေးဘူး ပြီးတော့ သုတေသနပရောဂျက်ကလည်း သူမ သေဆုံးသွားပြီးတဲ့နောက် ဖျက်သိမ်းလိုက်တယ်လေ” လုထင်းဟန်က ပြောနေရာမှ ရပ်လိုက်ပြီး ထပ်ထည့်ပြောလိုက်သည် “ချောက်နက် နံပါတ် 0 ပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့ လူတော်တော်များများက အဲ့ဒီ့ပရောဂျက်ကို ပြန်ယူလာကြတယ်၊ ချောက်နက်တစ်ခုတောင် ပျောက်ကွယ်သွားနိုင်မှတော့ တခြားချောက်နက်တွေလည်း ပျောက်ကွယ်နိုင်မလား? ဆိုပြီး ပြောကြတာပဲ”

ပျောက်ဆုံးသွားသည့် ချောက်နက် နံပါတ် 0 ကြောင့် အုတ် အော်သောင်းတင်းဖြစ်သွားခဲ့သည်။

အချို့လူများသည် ထိုပျောက်ဆုံးသွားခြင်းက ကမ္ဘာကြီး၏ မျှော်လင့်ချက်ဟု ယုံကြည်ကြပြီး တချို့ကတော့ အိပ်မက်ဆိုး၏ နိမိတ်ဟု ယုံကြည်နေကြသည်။ ထင်မြင်ချက်များက ခြားနားနေကြပြီး ဖြေရှင်းချက်ကတော့မရှိပေ။

မဟာမိတ်စစ်တပ်က ထိုကိစ္စကို ဖျန်ဖြေရန် ချောက်နက် နံပါတ် 0 ၏ ပျောက်ဆုံးခြင်းကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ တစ်နှစ်တင်းတင်း ပြည့်ပြီးသည့်နောက် လူအင်အားနှင့် ပစ္စည်းအင်အားအကုန် သုံးပြီးခဲ့တာတောင် အရာ မရောက်ခဲ့ပေ။

ကိစ္စရပ်တစ်ခုလုံးက အဆုံးမရှိသည့်နှယ် ဝိုးတိုးဝါးတားနှင့် မရေရာဖြစ်နေပြီး ထိုအတွက်လည်း အဖြေ ရှိလိမ့်မည်မဟုတ်။

ချောက်နက်က ပျောက်ဆုံးသွားခဲ့ရုံမျှသာ။

သတိပေးချက်မရှိ ပျောက်ဆုံးသွားခဲ့ပြီး အလွန်တရာလည်း တစ်ဇွတ်ထိုးဆန်လှပေသည်။

မှီငြမ်းစရာ ရှားပါးခြင်းနှင့်အတူ မဟာမိတ်စစ်တပ်သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သဲလွန်စမရှိသည့် ပရောဂျက်တစ်ခုတွင် အကြီးအကျယ် ရင်းနှင်းမြှုပ်နှံမှုကို ဆက်လက်၍ မလုပ်ဆောင်နိုင်တော့ပေ။ ကုန်ကျစရိတ်လျှော့ချရန် စုံစမ်းစစ်ဆေးရာတွင် ပါဝင်သူများကိုသာ နောက်ပြန်ဆုတ်ခိုင်းရန်သာ တတ်နိုင်ခဲ့သည်။

ယခုအခါတွင်တော့ ချောက်နက် နံပါတ် 0 ကို လေ့လာသည့် ပရောဂျက်များက ရှိနေဆဲဖြစ်သော်လည်း အရေးမစိုက်ခံရသည်မှာ ကြာပြီပင်။

အရာအားလုံးက တဖြည်းဖြည်း ငြိမ်သက်လို့သွားပြီး လူအများက ထိုအချက်ကို လက်ခံလိုက်ကြကာ တခြား ချောက်နက်များပါ ပျောက်ဆုံးသွားရန် မျှော်လင့်တကြီးဖြစ်နေကြသည်။

လုထင်းဟန်က ပြောလေသည် : “ချောက်နက် ပျောက်ဆုံးသွားရင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်၊ ဇာတိချက်ကြွေ မွေးရပ်မြေကို ပြန်နိုင်ကြလိမ့်မယ်လို့ သူတို့တွေက ပြောကြတယ်”

ချောက်နက်သာ ပျောက်ဆုံးသွားခဲ့မည်ဆိုလျှင်…

မိဘမဲ့ဂေဟာသည် အခုထက် ပို၍ လူမရှိတာမျိုးဖြစ်လိမ့်မည်ဖြစ်ပြီး သုသာန်တွင်လည်း သင်္ချိုင်းဂူများ နည်းပါးသွားလိမ့်မည်ဖြစ်သည်။ စစ်ပွဲတွေလည်း မရှိတော့ပါဘဲ၊ ခိုကိုးရာလည်း မရှိ၊ ခွဲခွါနှုတ်ဆက်ခြင်းများလည်း ရှိလိမ့်မည်မဟုတ်ပေ၊ ကမ္ဘာကြီးက ရှင်သန်နေလိမ့်မည်ဖြစ်ကာ အရာအားလုံးက မြူးကြွသွက်လက်ပေါ့ပါးစွာဖြင့် အသက်ဝင်လာလိမ့်မည်။

ရှီယွမ်က အာရုံထွေပြားလို့နေပြီး သူ၏ ခြေလှမ်းများက နှေးသည်ထက် နှေးလာလေသည်။

လုထင်းဟန်၏ ခြေလှမ်းများက ကျယ်နေ၍ ခြေလှမ်းအနည်းငယ် လှမ်းရုံမျှဖြင့် အကွာအဝေးအကျယ်ကြီးကို ဆွဲလိုက်မိပြီး အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်သည် : “ရှီယွမ်?”

“အာ!” နောက်ဆုံးတော့ ရှီယွမ် အသိဝင်လာပြီး သူ့ခြေလှမ်းများကို မြန်လိုက်ကာ နောက်ကနေလိုက်လာသော်လည်း ခဏအကြာမှာ ပြန်လည်၍ အာရုံထွေပြားသွားပြန်သည်။

နေ့လည်ခင်း နေရောင်သည် သစ်ရွက်များကြောင့် အားပျော့နေပြီး တောက်ပသည့် စိမ်းမြမြ ရွှေရောင်သန်းနေသည်။ ရှီယွမ်၏ ပါးပြင်နှင့် နှဖူးတစ်လျှောက်တွင် အလင်းရောင်ပျောက်လေးများက လွင့်ပါးမြူးကြွစွာ လှုပ်ရှားနေပုံမှာ ရွှေငါးအနည်းငယ်ကဲ့သို့ တက်ကြွကာ လျင်မြန်လှပြီး လူတွေ၏ နှလုံးသားကို ယားယံစေကာ ထိုငါးလေးများဆီသို့ လက်လှမ်းရန် သွေးဆောင်ဖြားယောင်းလို့နေသော်ငြား အဝေးသို့ထွက်ပြေးသွားပြီး ဖြူစင်နူးညံ့သည့် အသားရေတစ်ပိုင်းတစ်စကိုသာ ချန်ရစ်ထားခဲ့လေသည်။

လုထင်းဟန်က သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။

သူသည် လက်လှမ်းကာ သူ၏ လက်မောင်းဖြင့် ရှီယွမ်ကို ပွေ့ဖက်လိုက်ပြီး ရှေ့သို့ အတူ လျှောက်သွားကြသည်။

သင်္ချိုင်းသည် သေလွန်သူများ၏ ငြိမ်သက်ခြင်းသဘောတရားကြောင့် အလွန် ဆိတ်ငြိမ်လှပေသည်။ နွေဦး၏ အစောပိုင်းတွင် လမ်းဘေးရှိသစ်ပင်များသည် စိုစိုလွင်လွင်ရှိလှပြီး အကိုင်းအခက်များတွင်လည်း ပန်းအဖူးအငုံလေးများက ချိတ်ဆွဲ၍နေပေသည်။

သူတို့နှစ်ဦးသည် ပန်းများပွင့်လန်းနေသည့် သစ်ပင်များအောက်မှ လမ်းလျှောက်သွားကြသည်။

လုထင်းဟန်က ယွီချင့်မိန်၏ ပရောဂျက်စတင်စဉ်က အင်တာဗျူးကို သတိရသွားခဲ့လေသည်။

အဖြူရောင် သုတေသနဝတ်စုံကို ဝတ်ထားသည့် အမျိုးသမီးသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားလျက် ကင်မရာများ၏ အရှေ့တွင် ရပ်နေသည်။ သူမ၏ နှဖူးပေါ်တွင် ဆံနွယ်အနည်းငယ်က ကျနေလျက် သူမ၏ မျက်နှာသည် အဖြူရောင်ခြယ် ပျိုနီပန်းလေးကဲ့သို့ အလွန်တရာ လှပလွန်းလှပေသည်။ သူမ၏ ပြင်းထန်တင်းကျပ်သည့် စတိုင်လ်နှင့် မတူပါဘဲ သူမ၏ စိတ်နေစိတ်ထားသည် လွတ်လပ်ပြီး ဖော်ရွေသည်။

“…မင်းတို့က ကျွန်မဘာလို့ ချောက်နက် နံပါတ် 0 ကို လေ့လာချင်တာလဲဆိုတာကို သိချင်တာလား?” ယွီချင့်မိန်က ပြောလေသည်၊ “၂၂၂၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာတမ်းမှာ 0 က အရမ်းကိုထူးခြားတဲ့ ကူးစက်မှု အာနိသင်ရှိတဲ့အကြောင်းကို ကျွန်မပြောခဲ့ပါသေးတယ်။ အဲ့ဒီ့အချိန်ကစပြီး ကျွန်မ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးပြခဲ့တာက 0 က တခြားကူးစက်မှုလက္ခဏာတွေကို ‘ပယ်ဖျက်’နိုင်တယ်”

သူမက ဆက်လက်ရှင်းပြလာသည် “အဲ့ဒီ့အချိန်တုန်းက ကျွန်မတို့ ချောက်နက် နံပါတ် 0 ရဲ့ ကူးစက်မှု အချက်အလက်ကုန်ကြမ်း နမူနာကို တစ်ခုတလေတောင်မှ ရှာမတွေ့ခဲ့ဘူး ပြီးတော့ 0 ရဲ့ ကူးစက်မှုလှိုင်းအလျား တစ်ခုတည်းကိုပဲ တုပနိုင်ခဲ့တယ်”

“ဒီလို တုပပြီး ဖန်တီးရတာက အရမ်းကို ခက်ခဲခဲ့တယ်၊ နမူနာကောင်းတစ်ခုကို တည်ဆောက်ဖို့ကိုလည်း ကျွန်မတို့ ဆယ်နှစ်တောင် အချိန်ယူခဲ့ရပြီး ကွန်ပျူတာပေါ်မှာ သရုပ်သကန်ဖန်တီးမှုပြုလုပ်ကြည့်တဲ့အခါမှာ ထွက်လာတဲ့ ရလဒ်ကြောင့် ကျွန်မတို့တွေ အရမ်း အံ့အားသင့်ခဲ့ရပါတယ်။ ချောက်နက်ရဲ့ ကူးစက်မှုဆိုတာက နှစ်ဦးနှစ်ဖက် အထူးသီးသန့်ဖြစ်တာကို ကောင်းကောင်းသိထားကြမှာပါ၊ ဥပမာဆိုရရင် ဒီယုန်ပေါ့”

ယွီချင့်မိန်က ဖောက်ထွင်းမြင်နေရသည့် သတ္တုသေတ္တာကို ကောက်ယူလိုက်သည်။

ကူးစက်ခံယုန်က ထိတ်ထိတ် ပျာပျာ အော်ဟစ်နေကာ ထိုယုန်တွင် ရှည်လျားလှသည့် ခြေထောက်များရှိကာ ကင်းခြေများကဲ့သို့ အမွှေးအမျှင်များရှိပြီး တွန့်လိမ်၍ ရုန်းကန်လို့နေသည်။

အင်တာဗျူးနေသည့်သူများသည် မသိစိတ်၏စေ့ဆော်မှုအရ နောက်သို့ ခြေလှမ်းတစ်ဝက်လောက် ဆုတ်လိုက်ကြသည်။

ယွီချင့်မိန်၏ မျက်နှာအမူအရာက မပြောင်းမလဲရှိနေပြီး သတ္တုသေတ္တာကို သယ်ထားသည် : “ဒါက ချောက်နက် နံပါတ် 4 ဆီကနေ ကူးစက်ခံခဲ့ရပြီး ထူးခြားတဲ့ သွင်ပြင်လက္ခဏာက ‘ခြေလက်အင်္ဂါပေါင်းစုံ ပုံပန်းမကျခြင်း’ ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီကူးစက်ပြီးသားယုန်ကို တခြားတိရိစ္ဆာန်တွေကနေ မကူးစက်နိုင်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ ကူးစက်ပြီးသား သတ္တဝါတွေကို ထပ်ကူးစက်လို့မရဘူး။ ယုန်တစ်ကောင်က တစ်ချိန်ထဲမှာ ‘ဧရာမ’ နဲ့ ‘ခြေလက်အင်္ဂါပေါင်းစုံ ပုံပန်းမကျခြင်း’ လက္ခဏာတွေရှိဖို့ မဖြစ်နိုင်ပါဘူး။ ကူးစက်မှု သွင်ပြင်လက္ခဏာတွေက တစ်မူထူးခြားပြီး နှစ်ဦးနှစ်ဖက် အထူးသီးသန့်ဖြစ်နေလို့ပါ”

အင်တာဗျူးသူ : “ချောက်နက် နံပါတ် 0 က ကွဲပြားနေတာလား?”

“ဟုတ်ပါတယ်၊ 0 က ကူးစက်ခံရပြီးသား သတ္တဝါတွေအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်နေပုံပါပဲ” ယွီချင့်မိန်က ပြောလေသည်။ “နမူနာထဲမှာတော့ 0 က ဇီဝရုပ် အဖွဲ့အစည်းအစဉ်လိုက်ရဲ့ မျိုးရိုးဗီဇတွေကို ပြောင်းလဲနိုင်ပြီးတော့ နဂိုကူးစက်ခံထားရတဲ့ သွင်ပြင်လက္ခဏာတွေကိုလည်း ဖျက်ဆီးနိုင်ပါတယ်”

အင်တာဗျူးသူ : “ဖျက်ဆီးတယ်?”

“ဖျက်ဆီးတယ်၊ ဖျောက်ဖျက်တယ်၊ ဖုံးလွှမ်းတယ်၊ ပယ်ဖျက်တယ် မင်းတို့ စိတ်ကြိုက်ခေါ်လို့ရပါတယ်” ယွီချင့်မိန်က သတ္တုသေတ္တာကို အောက်ချလိုက်ကာ ကျနေသည့် ဆံနွယ်အနည်းငယ်ကို နားအနောက်သို့ ညှပ်လိုက်ပြီး တာမီနယ်မှ ဓါတ်ပုံကို ပြလိုက်သည် “0 က ကူးစက်မှုတွေကို ‘သတ်’ ပစ်တယ်”

စမ်းသပ်လေ့လာထားသည့် တုပဖန်တီးမှု လက်တွေ့ သုတေသနတွင် ကူးစက်ခံ ယုန်သည် ချောက်နက် နံပါတ် 0 ၏ သက်ရောက်မှုကို ခံခဲ့ရပြီး ခြေလက်အင်္ဂါ အပိုများက ယိုယွင်းလာကာ နဂိုမူလ ယုန်တစ်ကောင်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည် — အမှန်ပင်၊ အဲ့ဒါက ယုန်အလောင်းတစ်လောင်းဖြစ်ပေသည်။

“ကျွန်မတို့ရဲ့ နမူနာက တော်တော်လေးကို မပြည့်စုံသေးပါဘူး။ ချောက်နက် နံပါတ် 0 က တကယ်ပဲ ‘ဖျက်ဆီး’နိုင်တာလားဆိုတာကလည်း မရေရာပါဘူး။ ဒေတာသွေဖယ်မှုတစ်ခုရယ်လို့တော့ ဆုံးဖြတ်မထားပါဘူး” ယွီချင့်မိန်က ထပ်ပြောလာသည်။
“ဒါကြောင့်၊ ပရောဂျက်မှာ 0 ရဲ့ သွင်ပြင်လက္ခဏာတွေကို လေ့လာဖို့ လိုအပ်ပြီး 0 ဆီကနေ သက်ရောက်ခံလိုက်ရတဲ့ ကူးစက်ခံသတ္တဝါတွေက ဘယ်လိုပုံစံဖြစ်လာသလဲဆိုတာကိုလည်း လေ့လာဖို့ လိုအပ်ပါတယ်”

အင်တာဗျူးသူ : “အိုခေ၊ ပါမောက္ခရဲ့ အဖြေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ပါမောက္ခက နှစ်တွေအများကြီး ချောက်နက်တွေရဲ့ အကြောင်းကို လေ့လာခဲ့ပြီး ဒီနယ်ပယ်မှာလည်း တော်တော်လေးကို ဗဟုသုတကြွယ်ဝလှပါတယ်၊ ဒါကြောင့် ပါမောက္ခရဲ့ ကိုယ်ပိုင်အမြင်နဲ့ကြည့်မယ်ဆိုရင်ပေါ့နော်…ကိုယ်ရေးကိုယ်တာ ခန့်မှန်းချက်လေးတစ်ခုလောက်ပါပဲ၊ ချောက်နက် နံပါတ် 0 က ဘာနဲ့တူတယ်လို့ ပါမောက္ခထင်ပါသလဲ? 0 က ကူးစက်မှုကို ‘သတ်’နိုင်တယ်လို့ ယူဆကြည့်မယ်ဆိုရင် ကမ္ဘာပျက်တာကိုလည်း အဆုံးသတ်ပေးနိုင်လောက်မယ်ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်သွားဘူးလား?”

ယွီချင့်မိန်က အကြာကြီး တိတ်ဆိတ်လို့သွားလေသည်။

သူမသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲတွင် ထည့်ထားကာ သူမ၏ အကြည့်တွေကတော့ အဝေးသို့ လွင့်မျောနေလျက် ဖြည်းဖြည်းချင်း ပြောလာလေသည် “ကျွန်မ တစ်ခုလောက်ပြောပါရစေ၊ ကျွန်မကတော့ မျှော်လင့်စရာမရှိဘူးလို့ပဲ ထင်တယ် 0 က ‘ပျက်စီးခြင်း’ကိုပဲ ကိုယ်စားပြုနိုင်လိမ့်မယ်”

အင်တာဗျူးသူ : “ဒီအကြောင်းအရာအပေါ်ကို အသေးစိတ်ရှင်းပြပေးလို့ရနိုင်မလား?”

“ပြောစရာဘာမှမရှိပါဘူး” ယွီချင့်မိန်က ပြောလိုက်သည်။ “ပျက်စီးခြင်းက ပျက်စီးခြင်းပါပဲ။ မြို့တော်တွေ ပျက်စီးမယ် ယဉ်ကျေးမှုတွေ ပျက်စီးမယ်၊ ဒါက လူသားတွေရဲ့ အဆုံးသတ်ပါပဲ” သူမက ပါးစပ်ဟကာ အံ့ဩနေသည့် အင်တာဗျူးသူကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ “အင်း၊ ဒါကတော့ အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်လေးပါပဲ— တကယ်ဆို 0 က သတ္တဝါတစ်ကောင်တလေကိုတောင်မှ ကူးစက် မထားရသေးဘူး၊ 0 က အန္တရာယ်အကင်းဆုံးချောက်နက်ပဲလေ၊ မဟုတ်ဘူးလား?”

ဒါက အင်တာဗျူး၏ အဆုံးသတ်ပင်ဖြစ်လေသည်။

သုတေသနကို အပြီးမသတ်ရသေးခင်တွင် ယွီချင့်မိန်က နာမကျန်းဖြစ်ကာ ဆုံးပါးသွားပြီး ပရောဂျက်သည်လည်း ဆိုင်းငံ့ခံလိုက်ရသည်။ အဆုံးမှာတော့ ဒါက အဆိုကြမ်းတစ်ခုသာဖြစ်ပြီး ဘယ်တော့မှ အတည်မပြုနိုင်တော့ပေ။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် လုထင်းဟန်က သူမ၏ စကားများကို ထပ်မံ၍ အမှတ်ရလာခဲ့လေသည်။

ကားဆီသို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် ရှီယွမ်က စိတ်လွင့်လို့နေ၏။

လုထင်းဟန်၏ အမေက သူ့ကို လေ့လာခဲ့သည့်အကြောင်းကို သူမသိပေ၊ ပြီးလျှင် သူ၏ ပျောက်ဆုံးသွားခြင်းက ထိုကဲ့သို့သော မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပွါးစေခဲ့မှန်းလည်း မသိခဲ့ပေ။

“မင်း ဘာလို့ အမြဲ အာရုံထွေပြားနေရတာလဲ?” လုထင်းဟန်က မေးလာလေသည်။ “မင်းက သင်္ချိုင်းတွေကို သဘောမကျတာလား?”

“မဟုတ်ပါဘူး” ရှီယွမ်က အနည်းငယ် ပျာယာခတ်သွားလေသည် “တခြား…အကြောင်းတွေးနေရုံပါပဲ…တခြားအရာတွေအကြောင်းကို”

လုထင်းဟန် : “မင်းကိုယ့်ကို ပြောပြလို့ရနိုင်မလား?”

“အာ၊ ဟင့်အင်း…” ရှီယွမ်က အပြစ်ရှိစိတ်လေးဖြင့် သူ့အမြီးလေးကို ကွေးထားလိုက်သည်။

လုထင်းဟန်က တခြား မည်သည့် မေးခွန်းကိုမှ မေးမလာတော့ပေ။

သူသည် ရှီယွမ်၏ ခေါင်းလေးကိုသာ ကျွမ်းကျွမ်းကျင်ကျင်နှင့် အားတက်သရော ပွတ်ပေးလိုက်ပြီး ရှီယွမ်ကို စားသောက်ဆိုင်သို့ ခေါ်သွားပေးကာ အရသာရှိလှသော မှိုထမင်းကြော်ကို စားသုံးခဲ့ကြသည်။

ဤနည်းဖြင့် သူက နောက်ထပ် ဂရူးဂရူးလုပ်နေသည့် ရှီယွမ်လေးကို ရလိုက်လေသည်။

လုထင်းဟန် စားပြီးသွားသည့်အချိန်တွင် ရှီယွမ်က ထမင်းကြော်ထဲ ခေါင်းနှစ်ထားဆဲပင်ဖြစ်သည်။

စားသောက်ဆိုင်ထဲတွင် လူအနည်းငယ်သာလျှင်ရှိသည်။ သူတို့နှစ်ဦးသားက ပို၍ သီးခြားဖြစ်သော သီးသန့်ခန်းကို မှာယူထားကြသည်။ သူတို့သည် ပန်းကန်လုံးများနှင့် တူများတိုက်မိရာမှ ထွက်သည့် ကြွပ်ဆတ်ဆတ် အသံများသော်လည်းကောင်း လူတွေ၏ ပျာယာခတ် အလုပ်ရှုပ်နေကြသည့် ဆူဆူညံညံအသံများကိုလည်းကောင်း မကြားနိုင်ကြပေ။ ပတ်ဝန်းကျင်သည် သီးသန့်ဖြစ်နေပြီး စိတ်အေးလက်အေးရှိလှသည်။ လုထင်းဟန်က လက်ဖက်ရည် တစ်ငုံသောက်လောက်ပြီး ရှီယွမ်ကို ကြည့်နေကာ နေ့လည်ခင်းက မြင်ကွင်းကိုသာ ခေါင်းထဲ စွဲလို့နေပေ၏။

နွေဦးလေပြေလေး၊ ပန်းများနှင့် သစ်ပင်များ၊ ဆိတ်ငြိမ်နေပါသောလမ်း၊ ပါးပြင်လေးပေါ်မှ ရွှေငါးလေးများ။

ထိုအချိန်တုန်းက သူ၏ လက်သည် လှုပ်ရှားသွားခဲ့သော်ငြား သူ ဘာလုပ်ချင်နေခဲ့မှန်းကို သူမသိတော့ပါဘဲ ရှီယွမ်၏ ပုခုံးလေးကိုသာ ကိုင်ထားဖြစ်ခဲ့သည်။

ဒီအချိန်မှာပဲ ရွှေငါးလေးများက ပြန်ပေါ်လာကြပြန်သည်၊ အခေါင်းပေါက်ထွင်းထားသည့် သစ်သားထွင်းနံရံတွင်ရှိသော မီးပန်းဆိုင်းမှ အလင်းရောင်ကို စိန်တုံးပုံစံ ဒီဇိုင်းဖော်ထားကာ ထိုအလင်းရောင်က ရှီယွမ်၏ နဖူးပေါ်သို့ ကျရောက်လျက်ရှိနေသည်၊ ထို့နောက် ရွှေငါးလေးများသည် နဖူးမှ ပါးပြင်လေး၊ ထိုမှတစ်ဆင့် လည်ပင်း၊ ပြီးလျှင် ညှပ်ရိုးလေးပေါ်သို့ ကူးခတ်သွားကြကာ အမည်းရောင်အဝတ်အစား၏ အစွန်းတွင် ပျောက်ကွယ်သွားသည်အထိပင်။

အချို့ငါးလေးများက အလိုက်သင့်မျောနေကြပြီး အချို့ငါးလေးများက ကူးခတ်နေကြသည်။

အလွန်တရာကို ရွှန်းလဲ့တောက်ပလွန်းလှသည်။

လုထင်းဟန်သည် အမူအရာမဲ့နေပြီး မျက်လွှာချလိုက်သည်။ ခွက်ထဲမှ လက်ဖက်ရည်ကြမ်းအခါးက နွေးနွေးလေးဖြစ်နေပြီး အငွေ့ပူပူများက သူ၏ အမြင်ကို ဝေဝါးသွားစေ၏။

အခု သူ သိသွားပြီ။

— သူက ငါးဖမ်းချင်နေခဲ့တာပင်။

***

နှစ်ရက်ကြာပြီးသည့်နောက်တွင် ဂါစီးယာကဇာတ်ပြဇာတ်ရုံက တံခါးများ ဖွင့်လှစ်ထားပြီဖြစ်သည်။

ရှီယွမ်သည် နှင်းဆီရိုင်းဇာတ်အဖွဲ့သို့ ပြန်လာပြီး အလုပ်စလုပ်တော့သည်။

လူတိုင်းက အတူမဆုံဖြစ်သည်မှာ နှစ်လနီးပါးပင် ရှိနေပြီး အရာရာတိုင်းက ပုံမှန်အတိုင်းပင် လည်ပတ်နေကာ ဘာမှမဖြစ်ခဲ့ကြသလိုပင်။
ဝုဖ်ဂိန်းက တိတ်ဆိတ်နေကာ ထရေစီက အပေါ်၊အောက် ခုန်ပေါက်နေပြီး ရှဖန်းကတော့ သူတွေ့ခဲ့သည့် ယောင်္ကျားသားများက ကပ်စီးကုတ်ကြောင်းကို ညည်းတွားနေ၍ ချင်လော့လော့က သူမ၏ ဆံနွယ်လေးများကို ဖြီးသင်နေရင်း ယောင်္ကျားကောင်းကောင်းက ရှာရခက်ခဲကြောင်းကို ပြောဆိုနေလေသည်။

ချန်းယိုဝမ်က သူ၏ တုတ်ကောက်ကို ဘေးသို့ ပစ်ချလိုက်ကာ မသန်မစွမ်းဖြစ်နေပါသော ညာဘက်ခြေထောက်ဖြင့် ဆိုဖာပေါ်သို့ တက်ပြီး ကျယ်လောင်စွာ ပြောလေသည် : “မင်းတို့ကောင်တွေ ဘာလို့ စိတ်မပါလက်မပါဖြစ်နေကြတာလဲ၊ ပျော်ပျော်နေ ပျော်ပျော်နေလိုက်စမ်း! ပြဇာတ်ဖျော်ဖြေမှုအပေါ်မှာထားထားတဲ့ မင်းတို့အားလုံးရဲ့အချစ်တွေက ဘယ်ရောက်သွားကြတာလဲ?!”

“အချစ်က ပိုက်ဆံထဲမှာပဲ” ရှဖန်းက တက်ကြွမှုမရှိစွာနဲ့ ပြောလေသည်။ “ယောင်္ကျားတွေအတွက်ကတော့ အချစ်က ခန္ဓာကိုယ်အောက်ပိုင်းမှာပဲ ရှိကြတာ၊ ငါ့ဖင်က ဒီနေ့အထိတောင် နာနေတုန်းပဲ ပြီးတော့ ယောင်္ကျားနှစ်ယောက်ကလည်း ကပ်စီးကကုပ်သေးတယ်…”

“ပေါ့ပြက်ပြက်နဲ့!” ချန်းယိုဝမ်က သူ့ကို ငေါက်လေတော့သည်။ “ငါတို့က အနုပညာခန်းမထဲမှာ ရောက်နေတာကွ!” ချန်းယိုဝမ်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး လူတိုင်းက တက်ကြွလာသည်ကို မြင်ခါမှ စိတ်ကျေနပ်စွာဖြင့် သူ့လက်ထဲမှ ဇာတ်ညွှန်းကို သူ၏ လက်မောင်းများပါ လှုပ်သည်အထိ ဝေ့ယမ်းပြလိုက်ပြီး အော်လာသည် “လူတွေက ဘဝမှာ စိတ်ကူးအိပ်မက်တွေရှိနေဖို့ လိုသေးတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ မြောက်များစွာသော ဇာတ်အဖွဲ့တွေက လက်လျှော့အရှုံးပေးသွားခဲ့ကြပြီး ငါတို့ ဇာတ်အဖွဲ့ တစ်ဖွဲ့တည်းကသာ ကျန်နေခဲ့တာ။ ငါတို့ မသေသေးသ၍ အနုပညာကလည်း သေမှာမဟုတ်ဘူး ဒါကြောင့် ကမ္ဘာကြီး ဖျက်ဆီးခံလိုက်ရသည်အထိ သရုပ်ဆောင်လိုက်ကြရအောင်!”

*Lovely reminder

Paid မှာ အပိုင်း 83 ထိရောက်နေပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။တစ်ခုခု​လိုအပ်တာရှိခဲ့ရင် Tele-ArrThae accမှာလာပြောလို့ရပါတယ်နော်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now