( ၁၁ )

1.2K 96 4
                                    

ပုဂံမှာ ဘုရား၊ပုထိုး၊စေတီပေါင်း လေးသန်းကျော် တည်ထားခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား


ပုဂံတွင်တည်ထားခဲ့သော ဘုရား၊ပုထိုး၊စေတီ အရေအတွက်နှင့်ပတ်သက်၍ ' လှည်းဝင်ရိုးသံ တညံညံ ' သံပေါက်ဖြင့် မှတ်သားခဲ့ကြသည်။ ယင်းအဆိုအရ အဆူပေါင်း ၄,၄၄၆,၇၃၃ ရှိသည်။ မိုင် ၂၀ပတ်လည်ဒေသအတွင်း ဘုရားအဆူ ဤမျှလောက် များများစားစားတည်ရန် နေရာရှိပါမည်လောဟု စဉ်းစားသင့်သည်။ တစ်ဖန် ' ရွှေလသာ ဝါဝါဝင်း ' ဟူ၍ ပုဂံဘုရားအဆူပေါင်း ၄၄၆,၄၄၄ ဧရာဝတီမြစ်ကမ်းပြိုရာတွင် ပါသွားသည်ဟု မှတ်တမ်းတင်ထားသည်။ ပုဂံတည်ရာသည် ဧရာဝတီမြစ်ကမ်းပြို ခြင်းမရှိနိုင်သော ပထဝီအနေအထားအရ ထိုစကားကိုလည်း စဉ်းစားသင့်သည်။ ' လှည်းဝင်ရိုးသံ ' လောက်သာယူလျှင်လည်း ၄၄၄၆ဆူသာ ရရှိသည်။ အင်းဝမိုးညှင်းမင်းတရားလက်ထက် (လွန်ခဲ့သောနှစ်ပေါင်း ၅၀၀) က ' ဝင်းဝင်းထိန်လျှံ ' ဟု သင်္ကေတပြုခဲ့သည်။ အဆူပေါင်း ၄၄၇၄ သာရှိသည်။ ' မြတ်ဘုရားဆူရေ၊ ဖြူ ရွှေလိုဝင်း ' ကဗျာအရလည်း ၄၄၄၅ဆူသာရှိသည်။ ကိုလိုနီခေတ် ကမ္ဗည်းကျောက်စာဌာနမှတ်တမ်းအရ ၂၁၇၃ဆူသာရှိသည်။ ၁၉၆၈ခုနှစ်စာရင်းသစ်အရ ၂၂၁၇ဆူရှိကြောင်း တွေ့ရသည်။ အမှတ်အသားသင်္ကေတအဖြစ် ' ကျောင်းကြီးအုတ်နီ ' ဟု မှတ်တမ်းတင်ထားသည်။ ပျောက်ပျက်သွားသည့် ဘုရားအဆူ ထက်ဝက်ခန့်ကိုပါ ထည့်တွက်လျှင် မိုင် ၂၀ ပတ်လည် ဧရိယာအကျယ်အဝန်းအတွင်း ပုဂံဘုရားအဆူပေါင်း ၅၀၀၀ ခန့်သာ အမှန်တကယ်ရှိနိုင်သည်။


လူသိနည်း မြန်မာဖြစ်ရပ်များWhere stories live. Discover now