"ရား....ငါ့ဖိနပ်ပြန်ပေး..."
ခပ်ဝေးဝေးကို ပြေးထွက်သွားတဲ့ ကောင်လေးတွေကို ကျွန်မလှမ်းအော်ပစ်လိုက်တယ်။ အဲ့အစုတ်ပလုတ်လေးတွေက ကျွန်မကို လျှာထုတ်ပြီး ကျွန်မဖိနပ်ကို မြှောက်ပြနေလေရဲ့။ ဘယ်လောက်တောင် အသည်းယားဖို့ ကောင်းလိုက်သလဲ။ ဓမ္မာရုံထဲ ခဏဝင်ဖို့ ဖိနပ်ချွတ်ထားလိုက်မိပါတယ်။ ဖိနပ်ကိုသုတ်ပြေးခံလိုက်ရတယ်။
ကျွန်မတို့လမ်းက ကွန်ကရစ်ခင်းထားတဲ့ လမ်းဆိုတော့ နေ့ခင်းက အပူရှိန်ကအခုထိ မပြယ်ချင်သေး။ ဖိနပ်မရှိရှာတော့တဲ့ကျွန်မမှာ ခုန်ဆွခုန်ဆွဖြစ်နေရှာတယ်။ လက်တစ်ဖက်မှာက တရားပွဲလာတဲ့ လူတွေကိုဝေဖို့ လိမ္မော်သီးနဲ့ ရေဘူးထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်။ လက်တစ်ဖက်က စွန်တောင်စွဲနေတဲ့ ယောဂီထဘီကို ကိုင်မထားတဲ့ ကျွန်မပုံစံဟာ ကို့ရို့ကားရား နိုင်လွန်းတယ်။
မတတ်နိုင်ဘူး။ အဲ့ကလေးတွေဆီက ဖိနပ်တော့ ရအောင် ပြန်ယူရမယ်။
ဝတ်ထားတဲ့ အမေ့ယောဂီထဘီကြီးကို အထက်ဆင်ခပ်ကြီးကြီး လုံးလိုက်ပြီး ပြင်ဝတ်ပစ်လိုက်တယ်။ ထဘီက ဒူးအောက်လောက်ကို လိပ်တက်သွားတော့ ကျွန်မပုံစံက ကျွန်မဖိနပ်ကို သုတ်ပြေးသွားတဲ့ ကလေးစုတ်တွေနောက် လိုက်ဖို့ အသင့်ဖြစ်သွားပြီ။
အဲ့ကလေးတွေနောက်ကို ယောဂီဝတ်ကြီးနဲ့ ကျွန်မ အသားကုန် ပြေးလိုက်တော့တယ်။ အဲ့ကလေးတွေကလည်း ပတ်ပြေးရှောင်ပြေး။တစ်ခါတစ်လေ တရားပွဲမှာ ထိုင်နေတဲ့ ဧည့်သည်တွေကို တက်နင်းမိမလိုတောင်ဖြစ်တယ်။အခုထိ သူတို့ကိုမမိနိုင်သေး။ ဒင်းလေးတွေက အသက်ကြီးလာပြီး အရပ်ကလေးတွေ မြင့်လာတော့ ငယ်ငယ်ကထက်ကို ပြေးတာ မြန်လာတော့တာဘဲ။
ပြေးရင်းလွှားရင်းနဲ့ဘဲ
"ဒုန်း..အင့်..."
ကျွန်မလူတစ်ယောက်ကို ဝင်တိုက်မိတယ်။ အဲ့လူရဲ့ရင်ခွင်က စပရိန်လားမှတ်ရတယ်။ ဝင်တိုးမိပြီး ချက်ချင်းကို ပြန်ကန်ထွက်တော့တယ်။
YOU ARE READING
အကြင်နာစစ်ရင် (အကြင်နာစစ်ရင်)
Short StoryUNICODE VERSION: Newtonရဲ့ သီအိုရီ.. အရာဝတ္ထုတိုင်းဟာ သက်ရောက်မူတိုင်းမှာ တန်ပြန်သက်ရောက်မူရှိသတဲ့။ ဒါဖြင့်ရင် စိတ္တဇနာမ်စားတစ်ခုဖြစ်တဲ့ အချစ်မှာရော တန်ပြန်သက်ရောက်မူ ရှိသလား။ ZAWGYI VERSION: Newtonရဲ့ သီအိုရီ.. အရာဝတ္ထုတိုင်းဟာ သက်ရောက်မူတိုင်...