Episode 1 zawgyi

999 30 0
                                    

မကျိန်လေပဲသင့်ခဲ့ပြီ.....(အပိုင်း-၁)
====================

"ရွာထဲကိုစစ်ကြောင်းတွေ ဝင်လာပြီ....."

အိမ်ရှေ့မှပြေးလွှားထွက်သွားသောလူတစ်ဦး၏ အော်မြည်သံကိုကြားလိုက်ရခြင်းဖြစ်သည်....။သူ့စကား၏အဓိပ္ပါယ်ကို ဦးနှောက်ကဘာသာမပြန်ပဲနှင့်ပင် ကျွန်တော်၏ အသွေးအသားရိုးတွင်းခြင်ဆီထဲမှ ကြောက်ရွံ့ထိတ်လန့်မှုများကစီးဆင်းနေလေပြီ....။ကြောက်ရွံ့လှပါသည်။စစ်ကြောင်းချီလာပြီ ဟူသောအသံကိုကြားရသည်နှင့်ပင် ကြောက်လွန်းလှပါသည်။စစ်ဆိုသည့် ဝေါဟာရကိုလဲကြောက်သည်။ဗုံးသီးသံ တစ်ဂျိန်းဂျိန်းများ ၊လေပေါ်ပျံဝဲယှက်သွားသည့် ကျည်ဆံသံ တရွှီရွှီများ...ထိုအသံများကိုလဲကြောက်ရွံ့လှပါသည်။အထူးသဖြင့် ဗမာစစ်ကြောင်းကျွန်တော့်တို့ရွာအတွင်း စခန်းချမည်ဆိုပို၍ကြောက်ရွံ့မိသည်။ခေတ်အဆက်ဆက်က လက်ဆင့်ကမ်းလာသည့်စကားဟုပြောရမလားပင်...ခိုးဆိုးမုဒိမ်းကျင့်တဲ့တပ်.....ထိုစကားသည်ရှေးဘိုးဘွားတွေလက်ထပ်ကတည်းက အဆင့်ဆင့်လက်ကမ်းယူလာ၍ ကျွန်တော်တို့၏ဦးနှောက်ထဲတွင်စွဲမြဲ၍နေပေပြီ....။

ခြေတံရှည်ထရံကာအိမ်၏ ပြတင်းဝလေးမှနေ၍ခပ်ဝေးဝေးက ရွာအဝင်လမ်းသို့ ကျွန်တော်ငေးမျှော်ကာလှမ်းကြည့်မိသည်။မိုးသားများမှုန်ရီမဲနက်နေသည့် ကောင်းကင်ပြင်ကြီးအောက်တွင် ပြာရီပိတ်ပေါင်းနေသည့် တောင်တန်းနောက်ခံရှေ့တည့်တည့်ရှိ ရွာဝင်လှည်းလမ်းလေးအတိုင်း စိမ်းစိမ်းဖျော့ဖျော့ ဖြင့် စီတန်းနေသည့် စစ်ကြောင်းကြီးသည်တစ်ရွေ့ရွေ့ဖြစ်ရွာထဲသို့ဝင်လာနေသည်။

ကျွန်တော်၏ အရေပြားမွှေးညှင်းလေးများတစ်ချက်ထောင်ကာသွားပြီ ရိုးတွင်းခြင်ဆီထိအေးစက်သွားသည်။ရွာလမ်းတစ်ဖက်တစ်ချက်ရှိအိမ်များကလဲ ပြတင်းတံခါး ခြံဝင်းတံခါးများကိုအစီစီအလီလီပင် ပိတ်လိုက်ကြသည်ကိုကျွန်တော်သတိပြုမိသည်။ထိုသည်က ထုံးစံတစ်ခုလိုပင်ဖြစ်နေသည်။ဘာရည်ရွယ်ချက်ဖြစ်တံခါးတွေပိတ်သည်ကိုတော့ကျွန်တော်မသိချေ။သတိပြုမိသည့်ခန၌ ကျွန်တော်လဲအသိပြန်ဝင်ကာ အိမ်ပေါ်မှအောက်သို့ပြေးဆင်းသည်။ခြံဝင်းတံခါးကို ဝါးတန်းထိုးကာအမြန်ပိတ်လိုက်ပြီး အိမ်ပေါ်သို့အမြန်ပြန်တက်သည်။
ကျွန်တော့်၏စိုးရိမ်ထိတ်လန့်မှုများကြောင့် ကျွန်တော့်၏ခြေလှမ်းသံများကလဲကျယ်လောင်၍နေသည်။ကျွန်တော်အိမ်ပေါ်သို့အရောက်တွင် မေမေက အိမ်နောက်ဖေးမှပြေးထွက်လာပြီး မျက်လုံးလေးပြူးပြူးဖြင့် ကျွန်တော့်၏ပြုမူပုံတွေကို အံအားသင့်ကာကြည့်နေသည်။

မကျိန်လေပဲ သင့်ခဲ့ပြီWhere stories live. Discover now