Episode 5 (Endup) zawgyi

317 25 1
                                    

မကျိန်လေပဲသင့်ခဲ့ပြီ...(အပိုင်း-၅)ဇာတ်သိမ်းပိုင်း
================================

ရပ်တန့်မှုကင်းမဲ့သော အချိန်များသည် တစ်ရွေ့ရွေ့နဲ့ပြောင်းလဲကာလာ၏။ စက္ကန့်၊မိနစ်၊ ရက်များမှစ၍ တစ်ပတ်ဆိုသောအချိန်သည် တင်းတင်းပြည့်ခဲ့လေပြီ။

မိုးနှောင်းပိုင်းသို့ ရောက်ရှိလာ၍ သဘာဝသြကာသကြီးသည် အခက်အလက်စိမ်းမြမြဖြင့် ဝေဝေဆာဆာလှပနေသည်။ မြင်ကွင်းတစ်ဆုံး ရှူမညီးနိုင်ဖွယ်လှပနေပေမဲ့ ကျွန်တော့်၏နှလုံးသားကတော့ ငြိုးငယ်နွမ်းလျကာနေသည်။ ထိုအလှတရားများကလဲကျွန်တော့် ၏နှလုံးသားကိုပျော်ရွှင်လန်းဆန်းမှုကိုမပေးနိုင်ပါတကား။

ဗိုလ်ကြီးနှင့်ဝေးကွာပြီးနောက်ပိုင်း ကျွန်တော့်နှလုံးသား၏ လိုအင်တမ်းတ ဆာလောင်မှုအဖြေကို ကျွန်တော်သိလိုက်ရသည်။ သို့ရာတွင်ထိုဆာလောင်မှုကို တသသမက်မောနေပေမဲ့ ကျွန်တော့်အဖြစ်သည် ထုတ်ဖော်၍ရသည့် အခြေအနေမဟုတ်မှန်းလဲသိသည်။ လူအများလက်မခံနိုင်သည့် အတိုင်းအတာတစ်ခုမှန်းလဲ သိသည်။ သို့ပေမဲ့ ထိုအခြေအနေကိုဖြစ်လာစေရန် ကျွန်တော်ကရွေးချယ်ခဲ့ခြင်း မဟုတ်သလို ဗိုလ်ကြီးကလဲ ဖြစ်စေခဲ့ခြင်းမဟုတ်....။ အကြောင်းတစ်စုံတစ်ရာကြောင့် အကျိုးဖြစ်စေခဲ့သည်သာဖြစ်သည်။ ထိုအကျိုးကိုခံစားရန်သာ ရှိပါတော့သည်။

နေညိုညို နေစောင်းစောင်းချိန်တွင် ဗိုလ်ကြီးနှင့်နောက်ဆုံးတွေ့ခဲ့သည့် ရွာအဝင်လမ်းလေးသို့ ကျွန်တော်ရောက်လာခဲ့ပြန်သည်။ ထိုနေရာသည် အရင်ကလိုတော့ ပိုးစုန်းကြူးလေးတွေနှင့် ပနံမသင့်တော့ချေ။ မိုးနှောင်းပိုင်းရောက်လာ၍ ပုစင်းရင်ကွဲသံများဖြစ် ဆူညံနေသည်။ မိုးသားတိမ်တိုက်တို့က အနည်းငယ်ကြည်လင်၍ ကြယ်အလင်းရောင်များကို မှုန်ဝါးဝါးလေးမြင်တွေ့နေရသည်။ သို့ပေမဲ့ ဗိုလ်ကြီးနှင့်အတူရှိခဲ့စဉ်ကလို လရောင်ကိုတိမ်ဖုံးကာ အမှောင်ကန့်လန့်ကာအောက် ပိုးစုန်းကြူးရောင်ဝါလေးတွေကိုသာ ပြန်လိုချင်မိသည်။

"သာယာရဲ့လား၊ ပျော်ရဲ့လား...."

အို...ဒီနေရာရောက်တိုင်း နားထဲမှာကြားနေရသည့် ဗိုလ်ကြီး၏ စကားသံပင်ဖြစ်သည်။ ပြန်လည်၍တော့ တမ်းတမိပါသည်။ မဆုံနိုင်မှန်းလဲသိသည်။ ဝေးနိုင်မှန်းလဲသိသည်၊ ခုလဲဝေးနေပါသည်။ သို့ပေမဲ့ သူ့ကိုတစ်နေ့မှပင် မေ့လို့မရအောင် ကျွန်တော်သည်အစွဲအလမ်းကြီးစွာနှင့် ချစ်မိနေခဲ့ပေပြီ။

You've reached the end of published parts.

⏰ Last updated: Jul 24, 2020 ⏰

Add this story to your Library to get notified about new parts!

မကျိန်လေပဲ သင့်ခဲ့ပြီWhere stories live. Discover now