#96A ( အစ၏အဆုံး ..အဆုံး၏အစ )
ယင်းအခိုက် လူနှစ်ယောက်အနက် ယာဘက် တစ်ယောက်မှ ..
'''ဒီအိမ်မှာ မိန်းကလေးနှစ်ယောက်ရှိတယ် ကြားတယ် .. တစ်ယောက်တော့ တွေ့ပြီ ...နောက်တစ်ယောက်က ဘယ်မှာလဲ ပြောစမ်းမိန်းကလေး..''
အသံမှာ ယောင်္ကျားသံဖြစ်သော်လည်း စူးရှလွန်း၏ .. ရှောင်မိန်က သူမ၏ခါးကြားမှ စွတ်စွတ်ဖြူနေသော လက်အိတ်ကို ထုတ်ကာ ၀တ်ဆင်နေရင်းနှင့်
''မိန်းကလေးနှစ်ယောက်လည်း မသိဘူး ..သုံးယောက်လည်းမသိဘူး ..ခုလောလောဆယ်တော့ ငါတစ်ယောက်ထဲပဲ ..နင်တို့ကို ရှင်းရှင်းပဲ ပြောလိုက်မယ် ..အခုချက်ခြင်း ဒီခြံဝင်းထဲက ထွက်သွား .. မဟုတ်ရင်တော့ နင်တို့ကို ငါသတ်ရလိမ့်မယ်..''
ရှောင်မိန်၏ စကားမှာ ထိုလူနှစ်ယောက်အတွက် ဟာသ တစ်ပုဒ်ဖြစ်သွားပုံရ၏... တဟားဟား ရယ်ရင်း ရှေ့သို့ ဆက်တိုးလာကြသည်..
ထိုလူနှစ်ယောက်မှာ ပုဝူးလူသွဲ့၏ စနက်အရကျင်းကျူးကို လာရောက်ဖမ်းဆီး ကြသော နရန်ဂိုဏ်းသားနှစ်ယောက်ဖြစ်လေသည်.. ရှောင်မိန်မှာ ဆိုခဲစေမြဲစေ ဟူသော စကားပုံနှင့်အညီ ဆက်မပြောတော့ဘဲ သူမ၏ကိုယ်ခန္ဓာကို တချက်လှုပ်လိုက်၏... အမြင်၌သာ လှုပ်ခတ်ရုံရှိသည်..သူမ၏ တကိုယ်လုံး လေပေါ်သို့မြောက်တက်သွားပြီးနောက် လေပေါ်မှ ဦးစိုက်ကာ နရန်ဂိုဏ်းသား နှစ်ယောက်ထံသို့ ၀ါးလုံးထိုး ၀င်သွားလေ၏.. သူမအသွင်မှာ ကောင်းကင်ပေါ်တွင် ပျံဝဲနေသော သိမ်းငှက်ကြီးမှ မြေပြင်ရှိ အမဲကောင်အား သုတ်ချီရန် ဦးစိုက်ထိုးဆင်လာ သည်နှင့် တပုံထဲပင်...
''ဖတ်...''
''၀ှီး...၀ှီး...၀ှီး..''
ရှောင်မိန်၏ လှုပ်ရှားပုံမှာ မြန်ဆန်လွန်းလှသောကြောင့် နရန်ဂိုဏ်းသား နှစ်ယောက်သည် အငိုက်မိလုလုပင် ဖြစ်သွားရ၏.. ရှောင်မိန်၏ အဖြူရောင် လက်နှစ်ဖက် သူတို့မျက်နှာအား ဆွဲကုတ်လုဆဲဆဲတွင်မှာ မြေပေါ်သို့ ၀မ်းလျားပစ် လူးလိမ့်ရှောင်တိမ်းလိုက်ရသည်.. သူတို့နှစ်ယောက်လုံး အသဲတုန်အူတုန်ဖြစ်သွား သည်တော့အမှန် ... သူတို့သိထားသည့် သတင်းနှင့် လက်တွေ့တွင် ကြုံလိုက်ရသည်မှာ ဆန့်ကျင်ဘက်မဟုတ်လား .. နေပြည်တော်မှ စာပို့ သိမ်းငှက်ရောက်လာစဉ်က ၀ူချောင်တွင် မိန်းကလေးနှစ်ယောက်ကို ဖမ်းဆီးရမည် ..ထိုမိန်းကလေးနှစ်ယောက်လုံး သာမာန်မိန်းကလေးသာဖြစ်သည်ဟုသာဖော်ပြထား သည်လေ ..ယခုလက်တွေ့တွင်တော့ မိန်းကလေးတစ်ယောက်နှင့် စတွေ့တွေ့ခြင်းပင် မျက်နှာအရေပြား စုတ်ပြဲလုလုဖြစ်သွားရသည်လေ...
နရန်ဂိုဏ်းသားနှစ်ယောက်မှာ အတွေးစတို့ကို ရပ်ဆိုင်းလိုက်ပြီး မာန်သွင်းသံနှင့်အတူ မြေပြင်ပေါ်မှ ခုန်ထ၍ သူတို့၏ လက်အစုံကို ရမ်းခါလိုက်ကြ၏
''ယား...ဟိတ်...''
YOU ARE READING
အစ၏အဆုံး အဆုံး၏အစ
Fantasyဥာဏ်များလွန်းတာကြောင့် မြေခွေးပေါက်လို့ ငယ်ငယ်ထဲက အခေါ်ခံရတဲ့ကောင်လေး။ အကြောင်းတချို့ကြောင့် ရှောင်လင်ကျောင်းတော်ကိုရောက်ရှိခဲ့ပေမယ့် သူ့ခန္ဒာဖွဲ့စည်းပုံကြောင့် သိုင်းပညာသင်ကြားခွင့်မရှိခဲ့တဲ့ ကောင်လေး။အင်အားကြီးသူနိုင်တဲ့ လောကကြီးထဲ ဘာတခုမှပိုင်...
