အခန်း(၁) ထိခိုက်ဒဏ်ရာရနေသော နဂါးကြီးတကောင်

33.5K 1.8K 109
                                    

စာရေးသူ အနှစ်ချုပ်: ပထမလူ၏ အမြင်ရှုထောင့်မှ ရေးထားခြင်းဖြစ်သည်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ကျွန်တော်ကတော့ ဖီနန့်ကုန်းမြေတိုက်က သေးငယ်သောတိုင်းပြည်လေးရဲ့ အရှင်တယောက်ပါ။

ဒီဂုဏ်ပုဒ်က ကျွန်တော့်ရဲ့ခမည်းတော် ကွယ်လွန်သွားတဲ့အတွက် ရလာတဲ့အမွေတွေထဲက တခုပါ။ တခြားဘာတွေများ ရသေးသလဲဆိုရင်တော့ စောင့်ကြည့်မျှော်စင်နဲ့ ခံတပ်တွေမှာ ဝမ်းနည်းဖွယ်ကောင်းစွာနဲ့ ပြောရရင် ခုခံနိုင်စွမ်း ဗလာဖြစ်နေတာရယ်၊ ပြီးတော့ ပန်းပဲသမားတယောက်ရဲ့ ခြံက ပြုလုပ်ထားတဲ့ ပုံမကျပန်းမကျ ချပ်ဝတ်တန်ဆာလေးတွေကိုပဲ ဝတ်ဆင်ထားရတဲ့ အယောက်တထောင်သော အဆင့်နိမ့်စစ်သားတွေရယ်၊ နောက်ပြီး ပြည်သူအယောက်တသောင်းကို နေထိုင်ဖို့ ပေးထားရုံသာတတ်နိုင်တဲ့ တိုင်းပြည်မြေနေရာသေးသေးလေးရယ်။ အားလုံးပေါင်းရင် ဒါပါပဲ။

ဘယ်တော့ဖြစ်ဖြစ် တခြားအရှင်တွေက သူတို့စစ်တပ်တွေနဲ့ ရောက်ရောက်လာပြီး ကျွန်တော်တို့ ရိတ်သိမ်းသိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေနဲ့ မစို့မပို့ စုဆောင်းထားတဲ့ ရွှေတွေကို လာရောက်တိုက်ခိုက်လုယူကြသေးတယ်ဗျ။ အဲလိုတွေဖြစ်လည်း ကျွန်တော့်မှာ သူတို့ကို ခုခံတွန်းလှန်နိုင်စွမ်းမရှိပါဘူး။

ကျွန်တော့်ရဲ့ တခုတည်းသောဖြေသိမ့်စရာကတော့ ကျွန်တော့်တိုင်းပြည်က မြောက်ဘက်ကုန်းမြေတိုက်ကြီးရဲ့ အစွန်အဖျားမှာ တည်ရှိနေတာပါပဲ။ ကျွန်တော်တို့မှာ ပင်လယ်ကြီးရှိနေတော့ ပေါကြွယ်ဝတဲ့ ရေအောက်သယံဇာတတွေကို မှီပြီး အနည်းဆုံးတော့ ငတ်မွတ်ပြီး မသေနိုင်တော့တာပေါ့လေ။

ထိုနေ့ကတော့ တောင်ပိုင်းက အရှင်မော်ဂန်ရောက်လာပြီး ကျွန်တော့်တိုင်းပြည်ကနေ သူလိုချင်တာတွေကို လုယူသွားတာများဆို သူ့ရဲ့ လှည်းတွဲတွေမှာ ပစ္စည်းတွေအပြည့်ပဲ။ ကျွန်တော်လည်း ပြည်သူတွေကို မျက်နှာတောင်မပြရဲတော့လို့ လက်စွဲတော်မြင်းကို စီးပြီး တယောက်တည်း ပင်လယ်ကမ်းခြေဘက်ကို ထွက်လာခဲ့လိုက်တယ်။ ကျွန်တော် လှိုင်းလုံးတွေရဲ့အသံကို နားထောင်တယ်၊ ပြီးတော့ အဆုံးစမဲ့ပင်လယ်ကြီးကို ထိုင်ပြီး ငေးကြည့်တယ်၊ ပြီးတော့ ဒီပင်လယ်ကြီးရဲ့တဖက်မှာရှိတဲ့ အိုင်ကန်နောမစ်ကုန်းမြေတိုက်ကြီးက ဘယ်လိုမျိုးများပါလိမ့်လို့ တွေးနေမိသေးတယ်။

ရှင်ဘုရင်ငယ်နှင့် နဂါးကြီး (Myanmar Translation)Where stories live. Discover now