String
Part 16
"Hyung ကို အဖေ ခေါ်နေတယ်"
သူ့အခန်းတံခါးဝ ဆီမှ Jimin အသံကြောင့် Jin ဓါတ်ပုံထုတ်နေတာကို ရပ်ပြီး တံခါးဖွင့်ကာ အခန်းပြင် ထွက်လိုက်၏။ သူမြင်လိုက်ရတဲ့ Jimin မျက်နှာက စိုးရိမ်မှု တစ်ခုခုလွှမ်းနေတာကြောင့်
"ဘာဖြစ်လို့လဲ ညီ"
"ဟိုနေ့က hyung ခရီးသွားတော့ အဖေက hyung နဲ့ Soon Young အကြောင်း ညီ့ကို ခေါ်မေးတယ် ...... အဖေ့ကို ကြည့်ရတာ Soon Young ကို သိပ်သဘောကျပုံ မရဘူး ...... တစ်ယောက်ယောက်က Soon Young အကြောင်းတွေ လာပြောသွားလား မသိဘူး ...... ခုလည်း အဲ့ဒီ့အကြောင်းပဲပြောဖို့ထင်တယ်"
"အင်း ...... Hyung အဆင်ပြေအောင် ပြောခဲ့ပါ့မယ်"
Jin ...... Jimin ပုခုံးကို တစ်ချပုတ်ပြီး အဖေ့စာကြည့်ခန်းထဲသို့ဝင်သွားလိုက်သည်။ Jimin ကတော့ အထဲမဝင်ဘဲ အခန်းဝမှာပင် နေရစ်ခဲ့၏။ အဖေ့ စာကြည့်ခန်းထဲရောက်တော့ အဖေ့ဘေးမှာ ထိုင်နေတဲ့ အမေ့ကိုပါတွေ့လိုက်ရလေသည်။ Jin အဖေ့ ရှေ့နားက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း
"အဖေ ခေါ်တယ်ဆိုလို့"
"အင်း ...... ဟုတ်တယ် ...... သားမှာ ချစ်သူရှိနေပြီဆို ...... "
"ဟုတ်ပါတယ် အဖေ"
"သား ကောင်မလေး အကြောင်းကို အဖေ သိသင့်သလောက် သိထားပြီးပြီ ...... သား သူ့ကို တစ်ဘဝလုံးစာ အတွက်လက်တွဲ မယ်လို့ ဆုံးဖြတ်ထားရင် အဖေ လုံးဝ သဘောမတူနိုင်ဘူးနော်"
သူ မျှော်လင့်ထားခဲ့တဲ့ စကားဆိုပေမယ့်လည်း မျက်နှာတော့ ပျက်သွားမိသည်။
"ဟုတ်တယ် သား အမေလည်း သဘောမတူနိုင်ဘူး ...... သား ကောင်မလေးနဲ့ ပတ်သက်ပြီး ကြားရတဲ့ သတင်းတွေက တစ်ခုမှ စိတ်ချမ်းသာ စရာမရှိဘူး ...... အမေတို့ မိသားစုရဲ့ ချွေးမက ချမ်းသာဖို့ မလိုပါဘူး ...... ဒါပေမယ့် အေးချမ်းတဲ့ မိသားစုထဲ ကတော့ ဖြစ်စေချင်တယ် ...... သူတို့မိသားစုက အရမ်းရှုပ်ထွေးတယ် ... ပြီးတော့ သူကလည်း သူ့မိသားစုနဲ့ အဆင်မပြေဘူးဆို"
"အဲ့ဒါက ...... သူ့မိထွေးနဲ့ သူ့အစ်မကြောင့်ပါ"
"သား ကောင်မလေးကို မတွေ့ဖူးပေမယ့် အဖေ သူ့အစ်မ Shin Hyeri ကိုတော့ ရင်းရင်းနှီးနှီးတွေ့ဖူးပါတယ် ......သားလည်း Hyeri ကို သိနေတာပဲ ...... အဖေ လူကဲခတ် မမှားဘူးဆို Hyeri က လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ မိန်းကလေး တစ်ယောက်ပါ ...... အဲ့လိုကလေးမျိုးနဲ့တောင် အဆင်မပြေဘူး ဆိုတော့ ......"