နေ့လယ်ခင်းအလင်းရောင်က သစ်သားပျဉ်ထောင်အိမ်ထဲသို့ ခပ်မှိန်မှိန်ကျရောက်နေသည်။ နေသာသော နေ့တစ်နေ့ဖြစ်သော်လည်း ပြတင်းတံခါးများကို ဟရုံသာဖွင့်ထားသောကြောင့် အိမ်ထဲတွင် မှောင်ရိပ်ကျနေသည်။ အိမ်ရှေ့ဖျာချပ်ပေါ်တွင် ကျွန်တော် ဝမ်းလျားမှောက်စာကြည့်နေခြင်းဖြစ်ပြီး ကျွန်တော့်ရှေ့မှာ ဆယ်တန်းအင်္ဂလိပ်ဖတ်စာအုပ်နှင့် ဗလာစာအုပ်များပြန့်ကျဲနေသည်။
Dreams do come true သင်ခန်းစာ၏ complete the sentences လေ့ကျင့်ခန်းကို ပြီးအောင် ကြိုးစားဖြည့်နေခြင်းဖြစ်သည်။ ဒါပေမယ့် ငိုက်နေသော မျက်လုံးများကို လက်ဖမိုးဖြင့် မကြာမကြာပွတ်ကာ ဆက်ကြည့်နေရသည်။
"မှောင်လိုက်တာ ညီရာ.. ပြတင်းပေါက်ဖွင့်ပါဆို မဖွင့်ဘူး.."
"နေထိုးတယ်ဗျ..."
ကျွန်တော့်ဘေးမှာ ကိုစိုင်းရှိနေသည်။
ဘာမှလုပ်နေတာမဟုတ်။ လက်ထဲမှဖုန်းဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်နေတာဖြစ်သည်။ ဒီနေ့က စနေနေ့ ဖြစ်၍ ကျွန်တော် အမေ့အိမ်ပြန်ရောက်နေခြင်းဖြစ်သည်။ တခြားရက်များတွင် ဘော်ဒါဆောင်မှာပင် အိပ်ပေမယ့် စနေညကိုတော့ ကျွန်တော် အိမ်ပြန်အိပ်လေ့ရှိသည်။
ကျွန်တော်ဘယ်သွားသွား ကိုစိုင်းသည်လည်း ကျွန်တော့်စိတ်ကူးများလို ကျွန်တော့်နား အမြဲတဝဲလည်လည်ရှိနေတတ်သည်မို့ မေမေကလည်း ကိုစိုင်းကို သားအရင်းတစ်ယောက်လို ခင်နေပြီဖြစ်သည်။
မင်းညီက ပျော့တိပျော့ဖတ်နဲ့ စောင့်ရှောက်ပေးပါဟုပင် ဒေါသဖြစ်ချင်စရာကောင်းအောင် ပြောနေသေးသည်။ ကျွန်တော်ကလည်းကျွန်တော်ပင်။ ဆယ်တန်းကျောင်းသားရုပ်မပေါက်ဘဲ ခုနစ်တန်း၊ရှစ်တန်းကျောင်းသားရုပ်မှမပြောင်း။ လူကြီးရုပ်ဖြစ်အောင် မုတ်ဆိတ်မွှေးပေါက်စေချင်သည်မှာ သေတော့မည်။
ခက်သည်က မုတ်ဆိတ်မပြောနှင့် နှုတ်ခမ်းမွှေးပင် ရေးရေးမပေါ်သေး။
အခုတော့ အိမ်မှာ မေမေ မရှိ။ ကိုစိုင်းရှိတာပဲဟုကျွန်တော့်ကို ကိုစိုင်းလက်တွင် စိတ်ချလက်ချအပ်ကာ မြောက်ဦးမြို့နှင့် သိပ်မလှမ်းသော ညီမဝမ်းကွဲရွာကို ညအိပ်အလည်သွားနေသည်။
YOU ARE READING
မြို့ဟောင်းမြေမှ ချစ်သက်သေ
Romance(ZawGyi & Unicode) "ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို မမွန်ရဲ့အနုပညာ စိတ်ကူး နဲ့ ပေါင်းစပ်ပြီး တခြားသူတွေ ရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်စေချင်လို့ပါဗျာ.." မမွန်ကိုရင်ဖွင့်လာတဲ့ မောင်လေးရဲ့ စကားတွေအများကြီးထဲက စကားတစ်ခွန်းပါ။ (အကြင်နာမွန်...