အပိုင်း ၂

5.3K 476 29
                                    

အပိုင်း ၂

"ဒီနေ့တော့ ခြူးကို မခေါ်လာတော့ဘူး။ ကျွန်တော်တစ်ယောက်တည်း လာတာ။ ခြူးပါလာရင် သူက
ငိုနေတာနဲ့ ကျဲကို အားနာလို့"
ကျဲဆီ ရောက်လာခဲ့သော ဒုတိယမြောက်နေ့ ။ ကျဲကတော့ မပြောင်းလဲသော အပြုံးလေးဖြင့် ကြိုဆိုမြဲ ။
သူမကြိုက်နှစ်သက်သော Green rose တစ်ပွင့်ကို မှန်ပေါင်ရှေ့ကပ်လိုက်သည်။ ကျဲကတော့ ပြုံးမြဲပြုံးနေဆဲ။
Green rose ဆိုတာ ငရဲမှာပွင့်တဲ့ ပန်းဆိုပြီး စသိတည်းက "ငရဲလိုနေရာမှာတောင် ပွင့်တယ်လား" ဆိုပြီး
ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူတို့ဖန်တီးအပ်သော အစိမ်းရောင် နှင်းဆီကို ကျဲတစ်ယောက်
သဘောကျခဲ့သည်။ သို့သော် အခုတော့ကျဲအနီးနားထိ ယူမပေးနိုင်။ ပိုင်ရှင်မဟုတ်သည့်အတွက် မှန်ပေါင်ကို
ဖွင့်လို့မရ။ ဖွင့်ခွင့်ရသော မိသားစုဝင်များထည့်ပေးခဲ့သော ပစ္စည်းများကို သတိထားကြည့်မိလိုက်သည်။
ကြာဖြူပန်းလေးတစ်ပွင့် နောက်မှ ဓာတ်ပုံလေးထဲတွင် ကလေးမလေးတစ်ယောက် ပီယာနို တီးနေ၏။
ကြာဖြူပွင့်ငုံတစ်ငုံကိုကြည့်ပြီး ဘုန်းတခေတ် ရယ်မိသည်။
ကျဲ ဘာပန်းကြိုက်တယ်ဆိုသည်ကိုတောင်မသိသော ကျဲ၏ မောင်လေး သည် ကျဲ၏ ချစ်ခြင်းမေ
တ္တာကိုဖြင့် ပြိုင်ဖက်မရှိရရှိခဲ့သည်တဲ့။ မနာလိုလိုက်တာ။ ထိုက်တန်ရဲ့လားလေ... ကျဲမရှိတော့သော
ဒီအချိန်မှာ အဲ့တစ်ယောက်က ကလေးအဖေအရင်းနဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုတွင်
အတူတူနေထိုင်နေသည်တဲ့။ ကျဲ ၏ သွေးသားလေးနဲ့ အတူတူ ပျော်ရွှင်စရာ မိသားစုတစ်စုကိုတောင်
ပိုင်ဆိုင်နေခဲ့ပြီ။ ကျဲ တောင်မရနိုင်ခဲ့တဲ့ ပျော်ရွှင်မှုမျိုးတွေနဲ့ ပျော်နေလောက်ရောပေါ့။
"အချိန်ရရင်တော့ ကျဲ ရဲ့ သမီးလေးကို သွားတွေ့ပေးမယ်။ ကြားရတာတော့ ကျဲ သမီးလေးက ဉာဏ်ကောင်း
ပြီး သူ့ဦးလေးကို သူ့အဖေနဲ့ အပြိုင်လိုက်ချစ်ပေးတယ်ဆိုပဲ။ Like mother like daughter ပဲနော်"
ရွှ့ဲသလိုလို ဖြစ်သွားသော လေသံအတွက် တခေတ် အပြစ်ရှိသလို မခံစားရသည့်အပြင် မဲ့ပြုံးပင် ထပ်ပြုံးမိသေး
သည်။
"ကျွန်တော့်မှာသာ ကျဲ လို အစ်မမျိုး ရှိရင် ကျဲရော ကျွန်တော်ရော အခုလိုတောင် ဖြစ်လာမှာ
မဟုတ်ဘူးထင်တယ်နော် ...ကျွန်တော်လုပ်ခဲ့တာတွေကို ကျဲကို
ပြောပြချင်နေတာ။ တခြားလူတွေထက် ကျဲ နဲ့ ပြောရတာ ပိုအရသာရှိမယ်ထင်လို့လေ။ ခြူးကတော့ ကျဲ သိ
တဲ့အတိုင်းပဲ ကျွန်တော်လုပ်တာတွေကိုသဘောတော့သိပ်မတွေ့ဘူး။ တစ်ဖက်မှာ
ကြီးကြီးမားမားနစ်နာမှုမရှိလို့သာ ဘာမှမပြောတာ။ ခြူးစိတ်လေး က တကယ်ချစ်ဖို့တော့ကောင်းသားနော်။ သူ
ရှိနေလို့လည်း ကျွန်တော်အရမ်း မဆိုးသွားတာ သိလား။ စောင် အာအက် တွေဆိုပြီးလို့တော့ မဆဲနဲ့နော်။"
သူဘာပြောပြော ကျဲကတော့ ပြုံးနေတာပါပဲ။ ဈာပနခန်းမဆောင်ထဲ ကျွန်တော်နဲ့ ကျဲနဲ့ပဲ
ရှိနေ၏။ရုံးဖွင့်ရက်တွေဖြစ်သည့်အပြင်နေ့ခင်းနေ့လယ်ဖြစ်နေ၍ လူသူကင်းရှင်းလှသည်။
တိတ်ဆိတ်မှုအားကိုးနှင့် ကျဲနဲ့ စတွေ့ခဲ့ပုံကို သတိရလာပြန်သည်။
"ကျဲက ကျွန်တော့်ကို စစတွေ့ချင်း သဘောမတွေ့ဘူးနော်။ ဘာတဲ့ အဲ့တုန်းကပြောတာ။ ငါ့
ယောင်းမလေးကို နင့် လက်ထဲထည့်ပေးရမှာ စိတ်မချဘူးဆိုလား။ မသိရင် သူ့မောင်ကပဲ ကျွန်တော်ကြောင့်
အသည်းကွဲရတဲ့ ဒီဇိုင်းနဲ့..."
ပြောရင်း ရယ်ချင်လာမိသည်။ အမေရိကန်ပြည်ထောင်စုကနေ စင်္ကာပူထိ အလည်လိုက်လာတဲ့ သူ့ကို
ခြူးသည် သူနဲ့ငယ်ငယ်တည်းက ခင်ခဲ့တယ်ဆိုသော အစ်မနှင့် မိတ်ဆက်ပေးခဲ့သည်။ အဖြစ်အပျက်
တို့က ခေါင်းထဲပြတ်ပြတ်ထင်ထင်ပြန်ပေါ်လာပြန်သည်။
အဲ့နေ့က စင်္ကာပူမှာ မိုးဖွဲဖွဲလေးရွာနေတယ်။ နေမင်း ကလည်း တိမ်လွှာစောင်ထည်ထဲမနေဘဲ
လူးလှိမ့်ပြီး ထွက်ထွက်တတ်လာတော့ နေပူမိုးရွာ သူခိုးလာ ဆိုသလို ကျဲတို့အိမ်ရှေ့ကို ခြူးက
သူခိုးတစ်ယောက်ခေါ်လာသည်။ ကျဲ လက်ထဲကနေ ခြူးကို ခိုးသွားတဲ့ သူခိုးလေးကျွန်တော့်ကို ကျဲက
လက်မခံချင်ခဲ့ရှာဘူး။ သူ့မောင်လေးအတွက် ရည်စူးထားသူလေးကိုယ်တိုင်က "ဒါ မီး ကောင်လေး" ဆိုပြီး ရှက်
ပြုံးတောင်မဟုတ်၊ လုံးဝပြုံးဖြီးမိတ်ဆက်နေတော့ ယောင်းမတော် ခံရခက်တာပေါ့။
"ခြူးကို ငယ်ငယ်လေးတည်းက ကစားဖော်ကစားဖက်လိုပေါင်းပြီး မောင်လေးနဲ့အောင်သွယ်ထားတာတောင်
မဖြစ်ဘဲ တစ်နှစ်လောက်လေးတွေ့ပြီး ကျွန်တော်နဲ့ ကြိုက်သွားတော့...ကျဲ ကျွန်တော့်ကို ချက်ချင်း
လက်မခံနိုင်တာ နားလည်ပါတယ်။ခြူးကလည်းပြောပါတယ်ဗျာ။ သူကြိုက်ရင်တောင် Casက
ကြိုက်မှာမဟုတ်ပါဘူးတဲ့..."
ပြောပြီးမှ အားနာသွားရပြန်သည်။ ကျဲ ဘဝ၏ လက်မခံချင်ဆုံးကိစ္စက ကျဲမောင်လေးသည် အမျိုးသမီး
တစ်ယောက်ထက် အမျိုးသားတစ်ယောက်ကိုသာ စွဲလမ်းခြင်းပင်။ ဒါသည်ကား သူမအတွက် ဝမ်း
နည်းစရာကောင်းသော ကိစ္စလည်းဖြစ်သေးသည် ။ အဖေကို သေကွဲကွဲကာ ဆုံးရှုံးလိုက်ရချိန်ကထက်
ပို၍ နာကျင်ထိတ်လန့်ရသည်ဟု သူမ ကိုယ်တိုင်ပြောခဲ့ဖူူး၏။
"ဆော်ရီးကျဲ...ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို လက်ခံပေးခဲ့လို့ ကျေးဇူးတင်တယ်။ အဲ့တုန်းက 'ကျဲလည်း
မင်းအရွယ်လောက်ကပဲ အဖေဆုံးရှုံးထားတော့ မင်းခံစားရတာကို ကိုယ်ချင်းစာပေးနိုင်တယ'်
ဆိုတဲ့စကားနဲ့တင် ကျွန်တော် ကျဲကို ယုံကြည်သွားခဲ့တာ။ ဒါကြောင့်လည်း
ကျွန်တော်တို့မိသားစုအရေးတွေကို ကျဲကိုပြောပြခဲ့မိတာဖြစ်မယ်။ အဲ့အချိန်မှာသာ တစ်ယောက်ယောက်ကို
ရင်မဖွင့်ရင် ကျွန်တော့်ခံပြင်းမှုတွေကကျွန်တော့်ကို ထင်ရာဆိုင်းစေလိမ့်မယ်ထင်တယ်နော်။ ပြန်တွေးကြည့်ရင်
အဲ့အချိန် ကျဲ နဲ့တွေ့ခဲ့တာ တကယ်ကံကောင်းတယ်။ ခြူး နဲ့သာမတွေ့ခဲ့ရင်...ဆက်တောင်မတွေးနိုင်ဘူး"
ကျဲ ကို ကြည့်မိတော့ ကျဲမျက်လုံးတွေက "ဟုတ်တာပေါ့ ၊ နင် ငါနဲ့ တွေ့ခဲ့တာ ကံကောင်းသွားတာ" ဟု
ပြောနေသလိုပင်။ တိတ်ဆိတ်နေသော ဈာပနခန်းဆောင်ထဲ တခေတ်၏ ရယ်သံတိုးဖွဖွလေး ပြန့်လွင့်
သွားရသည်။ အပြင်ကကြည့်နေရင်တော့ တခေတ်ကို ရူးနေတယ်ဟု ထင်ကြလိမ့်မည်။ ဒါပေမဲ့ ကျဲ နဲ့တွေ့
တိုင်း ဒီလိုစိတ်ပါလက်ပါ စကားတွေပြောပြီးရယ်တတ်တာကမှ ကျွန်တော့်အတွက်ပုံမှန်ကိစ္စပါ။
"ကျဲ သိလား။ အဲ့တုန်းကသာ သိပ်မကြောက်ပေမဲ့ အခုနေ ပြန်တွေးကြည့်ရင်လေ ငွေခြူးသာ ကျွန်တော့်ကို
ငြင်းလိုက်ရင် ဆိုတာမျိုးက အိပ်မက်မက်ရင်တောင် အူူယားဖားယားလန့်နိုးရတာသိလား ဟား ဟား။
တစ်ခါတလေဆိုရင်လေ သူကျောင်းကို အူကြောင်ကြောင်လေးနဲ့ စရောက်လာတဲ့နေ့ကို အိပ် မက်တတ်
တယ်။ အဲ့မှာ အပြင်ကနဲ့ ပြောင်းပြန်။ ကျွန်တော်က သူ့ကို သွားမနှုတ်ဆက်ဘဲ ချေလိုက်လို့ သူက
တခြားကောင်တစ်ကောင်နဲ့ တွဲသွားတွဲလာလုပ်နေတာတွေ မြင်ရရင်...ကျဲ မသိဘူး။ ကျွန်တော်တကယ်
ဇောချွေးတွေနဲ့ နိုးလာတာ။ ငွေခြူးမက ကြောက်ဖို့ကောင်းတာလား ကျွန်တော်ကပဲ ကြောက်ဖို့ကောင်း
လောက်အောင်ချစ်မိလိုက်တာလားပဲ"
အားပါးတရပြောပြီးမှ အာခေါင်တွေခြောက်လာရသည်။
"ခဏလေးနော် ကျဲ ။ ကျွန်တော် ရေသွားဝယ်လိုက်ဦးမယ်"
ဈာပန်ခန်းမဆောင်ထဲကထွက်ပြီး ဟိုဟိုဒီဒီလျှောက်ရင်း အအေးဗူးရနိုင်လောက်သည့် အော်တိုအရောင်းစက်
များရှိမလားဟု ရှာကြည့်သော်လည်းမတွေ့၊ ရှာနေသည့်အရာမတွေ့ပေမဲ့ သူရှိရာသို့ တန်းတန်းမတ်မတ်
လျှောက်လာသော အမျိုးသားတစ်ယောက်ကိုတော့ဖြင့် တွေ့လိုက်ရသည်။ ထုပ်ပိုးထားသော ပန်းစည်းတစ်
စည်းနှင့် စက္ကူညိုနှင့် ပတ်လာသောဘောင်လေးတစ်ခုကိုကိုင်လာပုံထောက် လာနေကျပုံဖြစ်သည့် ထိုလူကိုပဲ
မေးရကောင်းမလားတွေးနေစဉ်...
ထိုသူ ဦးတည်ရာသည် ကျဲ ရှိရာ အဆောင်ဆီ။ လူပုံခန့်ခန့်ထွားထွားနှင့် တိုင်းရင်းသားပုံပေါက်သော
ထိုသူကို တစ်နေရာရာမှာ မြင်ဖူးသလိုရှိနေသည့်အပြင် စိတ်ထဲ ရင်းနှီးနေသလိုလည်းခံစားရသည်။
ခပ်တည်တည်ပင် ထိုလူနောက်မှ လိုက်သွားကြည့်သောအခါ အမှန်တကယ်ပင် ထိုသူသည် ကျဲ ရှေ့တွင်
ရပ်တန့်သွားပါ၏။ မှန်ပေါင်လေးကိုဖွင့်လျက် ပွေ့ပိုက်လာသော ပန်းစည်းကို ထည့်ပေးသည့်အပြင် မှန်ပေါင်
ရှေ့ကပ်ထားခဲ့သော Green rose ကိုပါ ဖြုတ်၍ ကျဲ အနားကို ထားပေးသည်။
"ငါလာတယ်နော် ရစ်ချယ်...မနေ့က သမီးက သူတို့အတန်းမှာ အမေပုံဆွဲခိုင်းတယ်တဲ့။ အဲ့ဒါ နင့်ကို
ပြပေးပါဆိုလို့...လက်ရာလေးတွေ တိုးတက်လာတယ်သိလား။ နင် ကျောင်းတက်တုန်းကပုံကိုဆွဲထား
တာတဲ့"
သူ ဆက်ကာရပ်လျက် မကြည့်နိုင်တော့ပါ။ ခန်းမဆောင်အပြင်ဖက်သို့သာ ထွက်လာခဲ့လိုက်ရတော့သည်။
သူသိသွားပြီ။ ထိုသူသည်တခြားမဟုတ်။ ကျဲ ကို လုံးဝရူးသွပ်ချင်စရာအတွေးတွေ ဝင်စေခဲ့သူ နေဧက ဆိုသူ
သာဖြစ်လိမ့်မည်။

တစ်ခေတ် Where stories live. Discover now