အပိုင်း ၃

3.7K 404 8
                                    



အပိုင်း ၃
ကျဲဆီကနေ ပြန်လာတဲ့ လမ်းတလျှောက် တခေတ်စိတ်ထဲ မတင်မချ။ နေဧက ဆိုတဲ့ လူရဲ့ ပုံစံကို
မျက်လုံးထဲမှကို မထွက်။ တစ်နေရာရာမှာ တကယ်ကို ရင်းရင်းနှီးနှီးတွေ့ဖူးနေသလို ခံစားရသည်။ အရင်က
ကျဲပြဖူးတဲ့ သူကျောင်းတက်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာလား။ မသေချာ။
ဓာတ်ပုံတွေဆိုမှ ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့တဲ့ ဓာတ်ပုံက အာရုံထဲသို့ မဖိတ်ခေါ်ဘဲ
ဝင်ရောက်လာသည်။ ကျွန်တော့်ကို အဖေဘက်က အဘွားတို့ရှိရာ အမေရိကန်မှ အိုဟိုင်းရိုး ကို
သွားလည်ပတ်စေသည်က စတင်ခဲ့သည်။
အဘွားက မြန်မာအမျိုးသမီးပေမဲ့ အဘိုးကတော့ အမေရိကန် - စပိန် ကပြားတစ်ယောက်ပင် ။ မြန်မာပြည်တွင်းရေး မတည်မငြိမ်ဖြစ်တဲ့ ကာလတွေတည်းက အမေရိကန်တွင် ခိုလှုံခဲ့သူ အဘွားသည် အိမ်ထောင်နှစ်ဆက်ကျခဲ့ဖူးသည်ဟုတော့ သိရသည်။ ဖရော်ရီဒါတွင် ယောကျာ်းဖြစ်သူဘက်မှ အမျိုးများရှိနေပေမဲ့ အဘွားက သူ့အမျိုးသား ကျွန်တော့်အဘိုးခေါင်းချသွားရာ အိုဟိုင်းရိုးမှာပဲ တစ်ကိုယ်တည်းနေထိုင်ခဲ့တယ်။ ပထမအိမ်ထောင်နဲ့တုန်းက သာမန်အိမ်ရှင်မဟုဆိုသော်လည်း ကျွန်တော်တို့ အဘိုးနှင့် အိမ်ထောင်သစ် ပြန်ထူထောင်တဲ့ အချိန်တွင်တော့ အဘွားကကိုယ်ပိုင်အိမ်ထောင်မှုသိပ္ပံကျောင်းလေးတစ်ကျောင်းဖွင့်ထားနိုင်နေသည်။ သူမကျောင်းတွင် အချက်အပြုတ်နှင့် ၊ တခြား သိုးမွှေး ပန်းထိုး နှင့် တက်တင်းထိုး စတဲ့ အိမ်မှုကိစ္စအဝဝကို သတို့သမီးလောင်းများနှင့် ဝါသနာပါသောလူတချို့ကို သင်ကြားပေးရင်း သူ့စရိတ်လေးဖြင့်သူ အေးအေးဆေးဆေးနေထိုင်နေသော အမျိုးသမီးပင်။
ငယ်ငယ်တည်းက ကိုကို ရှိရာ ဖရော်ရီဒါကို သွားလည်သည်ထက် အဘွားအိမ်သို့သာ သွားနေ ဖြစ်သည်
။အဘွားကလည်း ကျွန်တော်လာရင်ပျော်နေတတ်ပြီးမုန့်မျိုးစုံလုပ်ကျွေးရင်းမြေးအဘွားနှစ်ယောက်တည်း သီးသန့်ပျော်နေတတ်သည်။ မေမေ ပြောပုံအရ ကိုကို့ ကို ငယ်ငယ်က အရမ်းကပ်ပေမဲ့ ကိုကို ဟိုမှာကျောင်းတက်တည်းက စိမ်းသွားခဲ့တာပင်။ အနေဝေးတာလည်းပါမယ်။
အဲ့ဒါကြောင့်ပဲလား မသိ ပြန်တွေ့ရင် ညီအစ်ကိုနှစ်ယောက် ရှိုးတိုးရှန်းတန်းဖြစ်နေတဲ့ အခြေအနေကို မကြိုက်တာနဲ့ပဲ ဒယ်ဒီဆုံးပြီးပြီးချင်းပဲ မေမေ့ဖက်က အဘွားက နိုင်ငံခြားလွှတ်တော့ သူနဲ့ အဆက်အဆံရှိတဲ့ ဖရော်ရီဒါထက် အိုဟိုင်းရိုးက အဘွားဆီကိုပဲ သွားခဲ့တာ။ ရန်ကုန်မှ အဘွားဒေါ်ယမုံနဲ့ အိုဟိုင်းရိုးက အဘွားနဲ့က တွေ့ဖို့နေနေသာသာမေးထူးခေါ်ပြောအဆင့်တောင် မရှိကြတော့... အဆင်ပြေသည်။
အစက ကျွန်တော်ထင်တာ။ ဒယ်ဒီသည် အဘိုးနှင့် အဘွား၏ သားအရင်းပေ့ါ။ဒယ်ဒီကိုယ်တိုင်သည်လည်း အနောက်တိုင်းဟန်ရောနှောနေသည့် ကပြားတစ်ယောက်ပုံ ဖြစ်နေခဲ့တာကြောင့်လည်း သံသယတစ်စမဝင်ခဲ့မိတာ။ ထိုနေ့မှသာ...ဒယ်ဒီ့စိတ်နှင့် မတည်မငြိမ်နိုင်သေးသော ကျွန်တော်သည် အဘိုး၏စတိုခန်းထဲမှ ကတ်ထူစက္ကူပုံးအဟောင်းလေးကို တွေ့ရာမှ စတင်သည်။
အဘွားသည် ပထမအိမ်ထောင်နှင့် မင်္ဂလာဆောင်ပွဲမှ ပုံများကို အခုချိန်ထိသိမ်းထားဆဲပင်။ မြန်မာနိုင်ငံမှာပင် ပြုလုပ်ခဲ့သော မင်္ဂလာပွဲသည် ခမ်းခမ်းနားနားဖြစ်ခဲ့ပုံပင်။ နိုင်ငံပိုင်သတင်းစာထဲအထိ သတင်း
ဓာတ်ပုံအဖြစ်ဖော်ပြခြင်းခံရသည်။ မင်္ဂလာဆောင်အကမ်းအဖြစ် ယခုခေတ်ကဲ့သို့ သော့ချိတ်လေးတို့
ဘာလေးတို့မဟုတ်ဘဲ ရွှေဒင်္ဂါးပြားတွေထိ ဝေခဲ့ကြသည်။ အဘွား၏ ခင်ပွန်းဟောင်းသည်လည်း ခန့်ခန့်ညားညားနှင့်အရပ်ရှည်ရှည်လူပုံသန့်သူဌေးသားတစ်ယောက်ပုံအပြည့်ပေါ်သည်။
တောင်ရှည်ခေါင်းပေါင်းများနှင့် မင်္ဂလာခေါင်းပေါင်းများ ဆင်ယင်လျက် မင်္ဂလာဘိသိတ်သွန်းစင်တွင် အဘွားနှင့် ယှဉ်တွဲထိုင်နေပုံသည် တင့်တယ်လှသည်။ ဓာတ်ပုံတွေကို အံ့သြတကြီးကြည့်နေသော ကျွန်တော့်နားသို့ အဘွားရောက်လာသည်အထိ သတိမပြုမိနိုင်သေးဘဲ နစ်မြောနေခဲ့တာ။
အတွေးတွေနဲ့ ကားမောင်းနေရင်း အဘွားကို လွမ်းလာသည်။ အဘွားသာ အဖြစ်မှန်တွေကို ဖုံးကွယ်ခဲ့
ရင် မိသားစုနှင့် သွေးမတော်သားမစပ်သည့် အမျိုးသမီးကြီးတစ်ယောက်၏ ခြယ်လှယ်မှုကို ကျွန်တေ်ာတို့
မိသားစု ခံစားနေကြရဦးမှာ။ အခုမှ သက်မချနိုင်သည့်အခြေအနေ။
အတွေးစတွေကို ဖြတ်ချရင်း နေထိုင်ရာကွန်ဒိုအောက်သို့လည်း ရောက်နေပြီဖြစ်၍ ကားပါကင်ထိုးဖို့ကိုသာ
အာရုံစိုက်လိုက်တော့သည်။
***
လွန်ခဲ့သည် ၃နှစ် ကိုဝေဟင့် ကို ခေါ်ကာ စင်ကာပူသို့ရောက်လာစဉ်ကတည်းက နေခဲ့သည့်ဒီအခန်းလေးကို
အဘွားကပဲ ဝယ်ပေးခဲ့တာ။ အရာရာက မပြောင်းလဲသေး။ အိုဟိုင်းရိုးမှ ပြောင်းလာပြီးတည်းက
အဘွားဆီလည်းမရောက်ဖြစ်တော့...
ကားသော့ကို ခုတင်ဘေးက ခုံပုလေးပေါ်တင် ၊ ခုတင်ပေါ်ထိုင်ချပြီးမှ အဘွားဆီသို့ ဖုန်းခေါ်ဖြစ်သည်။ ဒီအချိန်
ဆို အဘွားညနေစာ ချက်နေလောက်ရောပေါ့။
"ဟယ်လို ဘွား။"
"အိုး ခေတ်...အခုလေးတင် ညနေစာချက်ပြီးရင် မြေးနဲ့ ဖုန်းပြောဦးမယ်လို့တောင် အဘွားက တွေးနေတာ"
အသက်နှင့်မလိုက်ဖက်အောင် အဘွားအသံသည် နုပျိုနေဆဲပင်။
"ဘွား ဘာတွေချက်နေတာလဲ"
"အင်း...ဒီနေ့တော့ အာလူးနဲ့ ကြက်သား ။ ကညွတ်ကြော် ... မြေးရော ဘာစားပြီးပြီလဲ"
"ဟင့်အင်း ဘာမှမစားရသေးဘူး။ အခုလေးတင် ကျဲကျဲ ဆီက ပြန်လာတာ။ အဘွားကိုပါ သတိရ
လာတာနဲ့"
"ရစ်ချယ့်ဆီ သွားခဲ့တာလား။ အဆင်ပြေရဲ့လား မြေး"
"ပြေတယ်။ သုံးနှစ်လောက် စိတ်ရော လူရော အပြည့်အသုံးချပြီး အခုကျ ဘာမှလုပ်စရာမရှိသလိုကြီးဖြစ်နေ
တော့..."
"အဘွားဆီ ပြန်လာမလား မြေး..."
"လာချင်တယ်။ အခုတောင် ပြေးလာချင်နေပြီ"
"မြေး ဘယ်အချိန် ပြန်လာလာ အဘွားရှိတယ်နော်။ ခြူးလည်း လိုက်လာချင်တယ်ဆို ခေါ်လာလို့ရတယ်နော်"
"ကျေးဇူးပါ ဘွား ။ အရာရာအတွက်"
"မလိုပါဘူး မြေးရယ်။ ဘွားက ဆင်းသက်လာရာ မျိုးရိုးအမှန်ကို သိစေချင်ခဲ့ရုံပါပဲ"
"ဟုတ်...အဘွားလည်းနားတော့လေ။ မနက်ဖြန်မှ ဖုန်းထပ်ဆက်မယ်နော်"
"အင်း အင်း ။ မြေးလည်း အစားပုံမှန်စားနော်။ ဒီကို လာချင်တယ်ဆိုတာနဲ့ ဘွားက အချိန်မရွေးစောင့်နေတယ်
ဆိုတာ သိထားနော်"
"ဟုတ် love you"
"love you"
အဘွားနှင့် Selfieဆွဲထားသည့်ပုံကို ကြည့်မိရင်းမှ အံဆွဲထဲရှိ ဓာတ်ပုံတို့ကို ထုတ်ကြည့်မိပြန်သည်။ ရှေးက
အဖြူအမဲ ဓာတ်ပုံများကို အခုခေတ် ဒစ်ဂျီတယ်နည်းဖြင့် ပြန်လည်ထုတ်ယူထားသော ပုံများဖြစ်သည်။
မြင်လိုက်သည်နှင့် အမွှာတွေဆိုတာသိနိုင်သော ညီအစ်ကိုနှစ်ယောက်ကြား ပြုံးရွှင်စွာ ရပ်နေသည်က
ဆယ်ကျော်သက် အရွယ် မိန်းမပျိုလေးနှစ်ယောက်။ တစ်ယောက်မှာ ထိုခေတ်က ခေတ်မီသော
အပြင်အဆင်နှင့် မိန်းကလေးနား ခပ်ယို့ယို့ရပ်နေသည်က ယင်း၏ အစ်မဖြစ်သူ ။ အမွှာညီအစ်ကိုနှစ်ယောက်
တွင် တစ်ယောက်သည်ကား တစ်သက်လုံး ကျွန်တော်တို့အဘွားအရင်းဟု မှတ်ယူခဲ့သော ဒေါ်ယမုံ ခေါ် မြိုင်
၏ အချစ်ဦး ဦးညီညီသော် ဖြစ်လျက် ကျန်တစ်ယောက်မှာတော့ ကျွန်တော့် ဒယ်ဒီ၏ အဖေအရင်းဖြစ်သူ အဘိုး
ကိုကိုသော်ပင်။ ရှုပ်ရှုပ်ထွေးထွေးရှိလှသော အမျိုးစပ်ပုံသည် ဓာတ်ပုံထဲရှိ အဘိုးလေး ညီညီသော် နှင့် ဒေါ်ယမုံ
တို့ကြောင့် အစပြုခဲ့တာပင်။ အဘိုးအရင်းကိုကိုသော်သည် အိုဟိုင်းရိုးမှအဘွားနှင့် အိမ်ထောင်ကျကာ သုံးပွင့်
ဆိုင် အချစ်ဇာတ်ကြမ်းနှင့် ဝေးရာတွင် အခြေချခဲ့ပေမဲ့ အဘိုးသား ကျွန်တော့်ဒယ်ဒီကတော့ ဒေါ်ယမုံနှင့်
ကံကြမ္မာငင်ခဲ့သည်။
ဒေါ်ယမုံနှင့် ပတ်သတ်၍ ကနဦးနစ်နာသူကို ပြောပါဆို သူ၏ အစ်မဖြစ်သော ဒေါ်လေးကြိုင်ပင်။
ထိုခေတ်အခါက သွေးသားရင်းပေါ်ယုံကြည်လွန်းပြီး မိဘစကားမြေဝယ်မကျနားထောင်တတ်တဲ့
မိန်းမတစ်ယောက်ရဲ့ ဘဝက သနားစရာ ။ အဘိုးလေး ညီညီသော် ကို ဒေါ်လေးကြိုင် တကယ်ကြိုက်ခဲ့၏
မကြိုက်ခဲ့၏ မသေချာသော်လည်း ဒေါ်ယမုံစနက်ဖြင့် နီးစပ်ရာ လူနှင့် အိမ်ထောင်ပြုလိုက်ရရှာသည်။ အမှန်ဆို
ထိုနေရာတွင် ရပ်လျှင် ဇာတ်သိမ်းလှနိုင်သော်လည်း ဒေါ်ကြိုင်တို့လင်မယားနှစ်ယောက်လုံး စက်လှေမှောက်တဲ့
ကိစ္စသည် တကယ်ပဲ သွေးရိုးသားရိုးဟုတ်ပါလေစ။
ကိစ္စအားလုံး ပြီးပြတ်သွားသည့်တိုင် ကျွန်တော်အဖြေမရှာနိုင်သေးသော ပုစ္ဆာကလည်း ဒီတစ်ခုတည်းသာ။
ကြိုင်နံဘေးတွင် ပြုံးရွှင်စွာရပ်နေသော အဘိုးညီညီ့သော်ကို သေချာပြန်ကြည့်မိသည်။ ဒေါ်ယမုံကတော့
ကျွန်တော့်အမွှာအစ်ကိုနှစ်ယောက်ကို အမြဲပြောသည်။ ဘမျိုးဘိုးတူတွေ တဲ့ ။ ကျွန်တော့်အစ်ကိုတွေကတော့
သူတို့အဘိုးညီညီသော်လို သူချစ်တဲ့လူကိုသူမှမရရင် ဘယ်သူမှမရစေရဘူးဆိုပြီး မကြွေးကြော်ခဲ့ကြပေမဲ့
တစ်သက်လုံးမှာမှ အဲ့တစ်ယောက်အတွက် အသက်ရှင်နေကြသူချည်းပင်။ Ava နှင့် ကိုဝေဟင်ကံကောင်း
သည်ပဲ ပြောရမလား။ သူတို့အဲ့လို တစ်ယောက်တည်းကိုပဲ စွဲစွဲလမ်းလမ်း ချစ်တတ်ခဲ့ကြလို့ ကျွန်တော်
လည်း ကျွန်တော့်၏ တစ်ဦးတည်းသော ချစ်သူကို လက်မလွှတ်လိုက်ရတာပင်။ အရာရာတိုင်းက
အကြောင်းရှိလို့ အကျိုးရှိလာခဲ့တာဆိုရင် အကြောင်းရှိနေချိန်မှာ ခေါင်းအေးအေးထားပြီး အကျိုးအတွက်
စဉ်းစားနိုင်ဖို့ကလည်း လိုသေးတာ။ တော်သေးသည်။ ထိုအချိန်က...ကျွန်တော့်စိတ်ကို
ကျွန်တော်ထိန်းနိုင်ခဲ့လို့သာ...
Thank You All

တစ်ခေတ် Where stories live. Discover now