28K 3.8K 60
                                    

(Unicode)

အရင်တစ်ခေါက် ခွန်နှောင်းဝမ်းလျှောပြီးကတည်းက ခွန်နှောင်းတွင် သူငယ်ချင်းတစ်ဦးအသစ်ရလေသည်။ ဘွားဥ၏မြေးဟုဆိုသော ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးသည် ကလေးများကြားတွင် မြန်မာစကားနားလည်သော၊ မြန်မာစကားပြောတတ်သော တစ်ဦးတည်းသော ခွန်နှောင်း၏ အဖော်ဖြစ်သည်။

"အကိုစိုင်းနောင်"

"ပြောလေ့ ခွန်နှောင်း"

"လူကြီးမှာလေ အဖေတို့ အမေတို့မရှိဘူးလား"

"ရှိလေစ၊ ကျိုင်းတုံဘက်မှာ အခြေချလေရော့"

"ဪ"

အကိုစိုင်းနောင်သည် ခြံထဲတွင် မေမြို့ပန်းတချို့ကို ရေလောင်းနေလျက်ပင် ခွန်နှောင်းမေးသမျှကို ဖြေနေရသည်။ ခွန်နှောင်းလည်း မနေသာတော့။ ရေပုံးယူကာ အကိုစိုင်းနောင် မလောင်းရသေးသော ပန်းပင်တချို့ဘက်ကို လိုက်လောင်းလေသည်။

ဖျင်နီဝတ်စုံ ခပ်ကြီးကြီးဝတ်ထားသော ခွန်နှောင်းသည် ရေပုံးမနိုင့်တနိုင်မကာ လျှောက်နေသဖြင့် အင်္ကျီ ဘောင်းဘီတို့တွင်ပင် ရွှံ့များ ကပ်ငြိနေပေသည်။

"အို ဘာတွေအလုပ်ရှုပ်နေပါလေ့"

ခြံတံခါးဖွင့်ကာ ခြံထဲဝင်လာသော မမနန်းစောသည် ခွန်နှောင်းကို နှုတ်ဆက်လေသည်။

"မမ ကျွန်တော့်နားမလာနဲ့ဦး၊ ညစ်ပတ်နေတယ်ဗျ"

"ဒီအလုပ်ဖြင့်မလုပ်ပါစ၊ ဧည့်ကို အိမ်ရှင်က ပြန်ခိုင်းသလိုဖြစ်နေရော့ထင့်၊ ဦးသာကို ပြောဦးမှပါလေ"

တစ်မြို့လုံးတွင် လူကြီးကို နာမည်တပ်ခေါ်ဝံ့သော မမနန်းစောကို ကြည့်ခြင်းဖြင့် လူကြီးသည် မမကို မည်မျှအရေးပေးခဲ့ကြောင်းသိနိုင်ပေသည်။

ထိုညက လူကြီးပြောခဲ့သလို ...

"မေတ္တာမျှဖူးချင်ခဲ့သော တစ်ဦးတည်းသော မိန်းကလေး"ဟု ပြောပုံထောက်လျှင် လူကြီးက မည်မျှ တန်ဖိုးထားကြောင်းလည်း သိနိုင်ပေသည်။

ချစ်တတ်လှသော လူကြီးသည် ချစ်ခံရဖို့ ထိုက်တန်သည်ဟု ခွန်နှောင်းတွေးမိပါသေးသည်။ တစ်နေ့နေ့တော့ လူကြီးကို ချစ်မယ့်သူ ပေါ်လာမှာပါလေ။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now