Chapter : 32

21.8K 2.9K 304
                                    

Unicode

တစ်စုံတစ်ယောက်ကတော့ ညာနေပြီ

__________________

ဆောင်းအကုန် နွေအကူး ဆောင်းနှောင်းကာလပင်ဖြစ်သည်။

လင်းအားကြီးချိန်ကျော်လွန်လာသောအခါ ကြည်စင်နေသောကောင်းကင်မှ တောက်ပသောနေရောင်ခြည်သည် လောကတစ်ခွင်လုံးပေါ် ဖြန့်ကျက်ယိုစီးလာ​၏။

နှင်းမှုန်နှင်းကြွင်းများက ခပ်ပါးပါးလွှမ်းခြုံနေသည့်တိုင်
မြေသင်းနံ့​၏အငွေ့အသက်က နွေဦးရာသီဆန်လှသည်။
ဆောင်းနှင့် နွေတို့​၏ ထိပ်တိုက်တွေ့ဆုံမှုပါပင်။ ထို့အတူ
ပင်လယ်ပြာရောင်အလံများနှင့် မဟော်ဂနီရောင်အလံများဟာလည်း ရင်ဆိုင်တွေ့ဆုံကြလေပြီ။

နံနက်ခင်းသည် ဥတ္တရဘက်မှ မဟော်ဂနီရောင်အလံများ၊ ရာဓဇဘက်မှ ပင်လယ်ပြာရောင်တံခွန်များနှင့် အရောင်စုံသော မနက်ခင်းဖြစ်နေ​၏။

အရုဏသည် စစ်ဗျူဟာအလယ်ရှိ ကုန်းလယ်စီးနေရာတွင် ရှိနေ​၏။ သူသည် ဆင်ပေါ်မှနေ၍ မိမိတို့​၏တပ်အပြင်
ခပ်ဝေးဝေးမှ အပြာရင့်ရောင်ဝတ် ရန်သူ့တပ်များကို စူးစိုက်ကြည့်သည်။

သူ​၏မြရောင်မျက်ဝန်းများမှာ ထက်ရှခက်ထန်စွာ စူးရဲလွန်းပြီး အေးစက်လျက်....

"အချက်ပြလိုက်တော့..."

ဩရှကျယ်လောင်သော အမိန့်သံဖြစ်သည်။

ဆင်အောက်ရှိ အချက်ပြအဖွဲ့သည် အလံကို ကိုင်ဆောင်ဝှေ့ယမ်း လိုက်သည်။

တံပိုးခရာသံ၊ စစ်မောင်းဝေသံ လွှမ်းခြုံသွား​၏။

********************************

"ဇိယတ္တရဲ့စစ်ပွဲမှာ မင်းသားအရုဏရဲ့တပ်က အသာစီးရနေတယ်တဲ့...."

" ပန်းခရုံမြစ်ရဲ့ ဒီရေအတက်အကျကြမ်းတာ၊ မြန်တာကို
မင်းသိဒ္ဓာတ်ရဲ့တပ်က မသိဘဲ ဇွတ်ဝင်တိုက်တော့
တပ်လုံးမြုပ်ပြီး ရေနစ်တဲ့ကြွက်စုတ်တွေလိုပဲတဲ့လေ...ဟားဟားဟား"

" ရဲသိင်္ခက မြင်းပျံတပ်တွေကနေ မီးမြားတွေကို မိုးရွာသလို လွှတ်ချခိုင်းတယ်...မီးလျှံတွေများ ဟုန်းဟုန်းတောက်"

The Everlasting One  ( volume 1 )Unde poveștirile trăiesc. Descoperă acum