Zawgyi
တဆစ်ဆစ်နဲ့ ထိုးကိုက်နေတဲ့ ခေါင်းတစ်ခုလုံးကြောင့် လူက အိပ်ယာထဲက သေချာမထနိုင်။
ကျွတ်စ်...ကျွတ်စ် !
အားယူထကာ ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
ဘယ်သူမှမရှိ။
နောက်ဘက် အကွယ်လေးနောက်ကနေ ငိုသံတရှုံ့ရှုံ့ကြားတာမို့ ချောင်းကြည့်လိုက်မိသည်။
ထိုအချိန် သူ့ကိုပြန်၍ ချောင်းကြည့်လာတဲ့ မျက်ဝန်းနှစ်စုံကြောင့် လူက လိပ်ပြာလွင့်မတတ် အော်လိုက်မိကာ ကုန်းရုန်းထပြီး အနည်းငယ် မှောင်မဲနေတဲ့ ထောင့်ကြားလေး တစ်ခုကို ဝင်ပုန်းလိုက်မိသည်။
မိမိကို ချောင်းကြည့်လာသည့် လူနှစ်ယောက်ကလဲ ထိုနည်းတူပင် အော်ဟစ်လို့။
မှောင်မဲနေ၍ ဘာမှမမြင်ရ။ မိမိက မျက်လုံးတွေကို အားယူပြူးပြီးကြည့်တော့ ထိုသူနှစ်ယောက်ရဲ့ ပါးစပ်က ထွက်ကျလာသည့် စကားတွေ။
" အစ်ကိုလေး တောင်းပန်ပါတယ် မခြောက်ပါနဲ့ " တဲ့။
ပြီးလျှင် လက်အုပ်ကလဲ ချီထားလိုက်သေးသည်။
မခြောက်ပါနဲ့ ဆိုတော့ မိမိက သရဲလား ။ တစ္ဆေလား ။ ဘာကောင်ကြီးလဲ ။
ထိုအချိန် အပြင်ကနေ ထွက်လာတဲ့ နောက်ထပ် အသံတစ်သံ။
" ဟေး ! လီချောင် နဲ့ လီဖန်း !! ဘာတွေဖြစ်နေကြတာလဲ တံခါးလာဖွင့်စမ်း "
အပြင်က အသံကြောင့် ထိုသူနှစ်ယောက်က အားကိုးရာ ရသွားသည့်သဖွယ် ငိုယိုအော်ဟစ်ကာ အပြင်ကို ပြေးထွက်သွားကြသည်။
ခဏနေတော့ တရုတ်မီးအိမ်လေးတစ်ခုနဲ့ အတူ ဝင်လာတဲ့ လူတစ်ယောက်။
ထောင့်မှာကုပ်ကပ်နေတဲ့ မိမိမျက်နှာကို မြင်ရအောင် မီးအိမ်ရဲ့ အလင်းရောင်ကို ယူကာ ကြည့်လာသည်။
ထိုအချိန် မီးအိမ်ရဲ့ အလင်းရောင်လေးကြောင့် ထိုလူမျက်နှာကလဲ ထင်းခနဲ။
" ဝါး..ချောလိုက်တာ အိမ်မက်ထဲမှာ မင်းသားလေးနဲ့ လာတွေ့နေတာဘဲ "