အပိုင်း (၃၄)

377 27 0
                                    

ပူဆွေးမှုများဖြင့် ပြည့်နှက်နေသောကြောင့် ဝိုင်တို့ အိမ်လေးသည် တိတ်ဆိတ်နေသည်။ မာမီနှင့် ဒယ်ဒီသည်လည်း ဇေကို သားအရင်းကဲ့သို့ ချစ်သောကြောင့် ပူဆွေးနေကြသည်။ ဇေနေခဲ့သော အခန်းလေးထဲရှိ စာအုပ်များကို ကိုင်တွယ်ရင်း ကုတင်ကို မှီကာ ရင်ထဲ နာကျင်နေရ၏။ သတင်းလာမေးသော ဧည့်သည်များကို အိမ်အောက်ထပ်တွင် ဧည့်ခံစကားပြောနေကြသော်လည်း ဝိုင် မသွားချင်။ ထက်မာန် လာလိမ့်မည်။ သူ့ကြောင့်လို့ မဆိုသာပေမယ့် သူ့အပြစ်မကင်းပေ။ လုပ်ရက်လိုက်တာ ဟု တွေးမိတော့ ဝမ်းနည်းကြေကွဲစိတ်ကြောင့် ငိုချင်လာသည်။ သို့သော် အံကြိတ်ကာ ထိန်းလိုက်၏။

အစကတည်းက သတိပေးစကား ပြောခဲ့ပေမယ့် လက်မခံတော့လည်း မတတ်နိုင်ဘူး… မင်းနာကျင်ရလိမ့်မယ် ထက်မာန်…

ဒေါက်… ဒေါက်… ဒေါက်…

“လော့ခ်မချထားဘူး မာမီ…”

မာမီဟု ထင်သောကြောင့် ဝင်ခိုင်းလိုက်သော်လည်း မြင်တွေ့လိုက်ရသော မျက်နှာပိုင်ရှင်သည် ထက်မာန်ဖြစ်နေသည်။ ခေါင်းငုံကာ အကြည့်ချင်းမဆုံသူသည် အပြစ်ကိုတော့ သိသားပဲ။

“မင်း ဘာလာလုပ်တာလဲ!”

“ငါ… တောင်းပန်ပါတယ် ဝိုင်။”

“တောင်းပန်တယ်တဲ့လား။ အဲ့တော့ ဇေ အသက်ပြန်ရှင်မှာလား။”

“ဒါပေမယ့် ငါ ဇေကို မသတ်ဘူးလေ။”

ဒေါသကြောင့် ထက်မာန်၏ အင်္ကျီကော်လံစကို ဆွဲလိုက်၍ မျက်လုံးကို စူးရဲစွာ ကြည့်လိုက်သည်။ နောင်တဟူသော အရိပ်အယောင်ကို တွေ့ရသော်လည်း နာကျင်မှုကိုတော့ မတွေ့ရချေ။

“မင်း မသတ်ဘူး ထက်မာန်…။ မင်း မသတ်ပါဘူး။ ဒါပေမယ့် မင်း အပြစ်ကင်းလား။ ဟမ်! ဖြေလေ။ မင်းသာ ဇေကို စိတ်ထိခိုက်အောင်၊ နာကျင်အောင် မလုပ်ခဲ့ရင် သူဒီလိုဖြစ်ပါ့မလား။ မင်းသာ သူ့ကို ချစ်အောင် မလုပ်ခဲ့ရင်လေ!”

“ငါ… ငါ မရည်ရွယ်ခဲ့ပါဘူး။”

“သေတဲ့သူက သေပြီ။ ရည်ရွယ်တာတွေ မရည်ရွယ်တာတွေက အရေးမပါဘူး။”

စစ်ကိုး (စစ္ကိုး)Where stories live. Discover now