(Unicode)
မိုးစက်တို့က မိုးလင်းသည်အထိ တဖြောက်ဖြောက်ကျပြီး အလွန်မှာတော့ စိုစွတ်နေသော မြေသားတို့ဆီမှ မြေသင်းနံ့လေးသဲ့သဲ့လေးက လေအဝှေ့တို့နှင့်အတူ ရိုက်ခတ်လာသည်။ ညှင်းသဲ့သော လေနုကပတ်ဝန်းကျင်တစ်ခွင်ထက်ဆီကို တိုက်ခတ်ပြီးချိန်မှာတော့ ကျေးငှက်တို့၏ အော်မြည်သံစာစာလေးတွေက လင်းလဲ့လာသော နေရောင်ခြည်နွေးနွေးကို အံတုလို့နေလေရဲ့...။နေခြည်သည် မြေမျက်နှာပြင်ပေါ်သို့ နွေးထွေးစွာဖြာကျလျက် အလင်းဓာတ်တို့အား ပေးစွမ်းနေမြဲ...။
ဖြာကျနေသော အနွေးဓာတ်ရပ်ဝန်းကို ရယူကာ အစိုဓာတ်တို့ကို တဖြည်းဖြည်းချင်း ခမ်းခြောက်စေသော မြေထုကတော့ အပြေးအလွှားလာနေသော ကလေးမလေးတစ်ယောက်၏ ခြေလှမ်းတို့အား ယိုင်မကျအောင် ထိန်းထားပေးသယောင်။သူမရဲ့ခြေလှမ်းတွေက မြန်ဆန်နေပြီး အိမ်ကြီးဆီမှ တစ်ဖက်ကအိမ်ငယ်လေးဆီသို့ အပြေးလာနေခဲ့သည်။ဂါဝန်ပန်းရောင်လေးကို ဝတ်ဆင်ထားသော သူမလေးရဲ့ပုံရိပ်လေးက ချစ်စဖွယ်ကလေးမလေးတစ်ယောက်၏ ဟန်ပန်အပြည့်...။အိမ်တံခါးနားသို့ သူမရောက်သွားပြီးချိန်မှာတော့...
ဒုန်း...ဒုန်း...ဒုန်း။
" ရသရေ...ရသ...''
ပါးစပ်ကလည်းအော်ခေါ်ကာ လက်ကလည်း အိမ်တံခါးကို တဗုန်းဗုန်းထုနေသော သူမ။ တံခါးထုရိုက်သံ တဒုန်းဒုန်းကြောင့် ထိုတံခါးလေးက မကြာမီမှာပင် ပွင့်သွားသည်။ထိုကလေးမလေးက ပြုံးကာရပ်နေသည်။ ထွက်ပေါ်လာသူအမျိုးသမီးက စူးဝင်လာသော နေရောင်ကို လက်ဖြင့်ကာရင်း...
" သြော်...ဒီနေကလည်း မျက်စိတည့်တည့်ကိုမှ လာထိုးတယ်။ ပန်းမေ...လာလေ''
"ဟုတ်ကဲ့..အန်တီနှောင်း''
သူမလေးက ထိုအမျိုးသမီးလက်ကိုတွဲကာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။ ပြုံးလိုက်တိုင်းပေါ်သွားသော သွားတက်လေးများနှင့် ပါးပြင်ပေါ်က ပါးချိုင့်လေးနှစ်ဖက်က သူမလေးကို ချစ်စရာကောင်းအောင် တစ်နည်းတစ်ဖုံ ပံ့ပိုးနေသယောင်။ဒူးလောက်ထိရှည်သော ဂါဝန်ရှည်ဝဲဝဲလေးကို လက်တစ်ဖက်ဖြင့်ရမ်းကာ ဧည့်ခန်းထဲရှိ ခုံလေးတွင်ဝင်ထိုင်လိုက်သည်။အပျိုပေါက်ကလေးဖြစ်ပေမယ့် ကလေးစိတ်ကတစ်ပိုင်းမို့ ပြောရဆိုရခက်တာလည်းမရှိပါ။
YOU ARE READING
From My Tears...
Romanceသံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်နောင်ဘဝ လွမ်းချင်းရပ်မည် ချစ်ခြင်းအတ္တ ဤဘဝ...။ 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞-20.4.2021 𝐄𝐧𝐝 𝐃𝐚𝐭𝐞-15.10.2021 သံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်...
