စာကိုယ် -၁ (U+Z)

5.7K 543 93
                                    


Unicode

အရင်နေ့က ညိုသတင်းစာတိုက်ကို ပြန်အရောက်တွင် သူ့ဆရာ ဦးနေမင်းရှိန်က သူ့ကိုစကားပြောလာသည်။

" နေရီရီက အရင်က မန္တလေးမှာ မဟာဘွဲ့အတွက်တက်‌နေတာလေ။  ရန်ကုန်ရောက်တာ လပိုင်းဘဲရှိသေးတယ်။အခုလို နိုင်ငံရေးအခြေအနေမကောင်းတာမို့ ဆရာလည်းသူ့ကို ဟိုမှာစိတ်မချတာနဲ့ ကိုယ့်ညီမကိုကိုယ်နဲ့နီးနီးနားနားပြန်ခေါ်ထားလိုက်တာ။ သူဒီမှာ သူငယ်ချင်းအပေါင်းအသင်းလည်း သိပ်မရှိသေးတာမို့ ညို့ကိုခင်နေတာဖြစ်ပါလိမ့်မယ် ။ ညို သူ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေရင် သည်းခံပေးပါလို့ဆရာကဘဲတောင်းပန်ပါတယ်"

ကိုယ့်အလုပ်ရှင်ဖြစ်သူက ဒီလိုပြောလာတော့ ညိုဘာပြန်ပြောရမလဲမသိ။ သူတခါမှ နေရီရီ့ကိုစိတ်ရှုပ်စရာလို့မတွေးရသေးပါ။

"ဟို.. ညို မနေရီရီကို အနှောင့်အယှက်ဖြစ်တယ်လို့ မခံစားရပါဘူး။ ညိုလည်း သူ့ကိုခင်ပါတယ်"

သူရဲ့ခင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းက ဆရာ့ဆီကတဆင့် နေရီနားထဲပြန်ရောက်သွားသည်ထင်သည်။နောက်ရက်တွေမှာ နေရီရီက သတင်းစာတိုက်ကို နေ့တိုင်းလိုလို ရောက်လာသည် ။ လာတိုင်းလည်း ညို့ဘေးနားနေကာ ရောက်တတ်ရာရာများကိုထိုင်ပြောနေတတ်သည် ။ ပြီးရင် စကားတခွန်းက ပြောဖြစ်အောင်ပြောသေးသည်။

" ညိုဘဲ ကိုကိုကြီးကိုပြောတော့ နေရီ့ကိုခင်တယ်ဆို။ နေရီကလည်း ညို့ကိုသိပ်ခင်တာမို့ ညို့နားကကိုမခွာချင်တော့တာ"

ညနေ ရုံးဆင်းချိန်ဆို နေရီက မြင်းလှည်းငှား၍ သူ့ကိုအဆောင်အထိပြန်လိုက်ပို့ပေးသည်။ ပြီးမှသူက သူ့အစ်ကိုနှင့်အတူ အင်းယားလမ်းကအိမ်သို့ကားဖြင့်အိမ်ပြန်လေ့ရှိသည်။ ရုံးပိတ်ရက်တွေမှာဆိုလည်း နေရီက ညို့အဆောင်ကိုရောက်ရောက်လာကာ ဈေးသွားဖို့၊ ပြဇာတ်ကြည့်ဖို့ လာလာခေါ်တတ်သည်။

နေရီရီက ညို့ဘဝထဲ ရည်ရွယ်ချက်ရှိရှိ တစ်လှမ်းချင်းတိုးလာခဲ့ပုံရသည်။ ဘာကြောင့်လဲဆိုတော့ မေးခွန်းကိုတော့ ညိုအဖြေဆက်မရှာချင်တော့တာမို့ မသိသလိုဘဲဟန်ဆောင်နေဖြစ်တော့သည်။ရေစက်ရှိလို့ဆုံခဲ့ကြတာသာဆို ရေစက်ကုန်တဲ့အခါ ‌ကွဲသွားကြမှာပါဘဲ။

နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်(ေနညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်)🌼 Where stories live. Discover now