စာကိုယ် -၂( U+Z)

4.4K 485 28
                                    

Unicode

ကာတွန်းဆရာ ကိုတင်မောင်က ညို့ကိုစာလိုက်ပေးတာ နေရီမြင်ပြီးနောက်တွင် အရင်လို ရုံးသွားတဲ့အခါ မြင်းလှည်းငှါး၍သွားခွင့်မရှိတော့။ အရင်က ရုံးဆင်းချိန်မှသာ နေရီကလိုက်ပို့ပေးတတ်ပေမယ့် အခုတော့ မနက်ရုံးအလာမှာပင် နေရီက အဆောင်အထိလာခေါ်တတ်သည်။ ပြီးတော့ သူ့မလာခင် အဆောင်ရှေ့ထွက်စောင့်နေသည်ကိုလည်းမကြိုက်ပါ။ သူကိုယ်တိုင် အဆောင်ထဲဝင်ခေါ်မှသာ ထွက်ရသည်။ သူတို့ကားလေး ဗိုလ်ဆွန်ပက်လမ်းကထွက်အလာတွင် ကာတွန်းဆရာကိုတင်မောင်ကို စောင့်မြဲနေရာမှာ စောင့်နေတာ တစ်ပတ်လောက်တော့ တွေ့ရသေးပေမယ့် နောက်ဆုံးတော့ လုံးဝလက်လျော့သွားပုံရသည်။ ထိုအခါမှ နေရီ့မျက်နှာကပြုံးဖြီးဖြီး။ တခါတလေပိုင်စိုးပိုင်နင်း လုပ်တတ်လွန်းသော နေရီ့ကိုလည်း ညိုနည်းနည်းကလေးမှစိတ်မကွက်မိတာ ဘာကြောင့်များဖြစ်နိုင်ပါသလဲ။ ညိုကဘဲ စိတ်ရှည် သဘောကောင်းလွန်းလို့များလား။ အခုတော့ သဘောကောင်းမနောကောင်းညိုလေးခမျာ နေရီ့အိမ်ပေါ်ပင် အထုတ်ပိုက်လိုက်လာရပြီဖြစ်သည်။ ကိုကိုကြီး မန္တလေးဘက်ကို ခရီးသွားစရာရှိတာနှင့် ပတ်သတ်ပြီး နေရီ့မှာအခွင့်အရေးတစ်ခုရသွားသည်။ ခေတ်ကာလမကောင်းတဲ့အခြေအနေမှာ အိမ်မှာ တစ်ယောက်ထဲ မနေရဲဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ညို့ကို သူ့အိမ်မှာအဖော်လာနေပေးရန်ဆိုသည်။ ကြီးကြီးမြ ရှိသားဘဲဟုပြောတော့လည်း နေရီက သူ့ကို ပြောတော့ခင်တယ်ဆိုပြီး ဒါလေးတောင်မကူညီချင်ဘူးလားဟူ၍စိတ်ကောက်သည်။ နောက်ဆုံးတော့ အမြဲအလျှော့ပေးရသည့် လူကညိုသာဖြစ်သည်။ အရင်က ရုံးတက်ချိန်တွေလောက်သာ ညို့ဘေးနားနေရီရှိနေပေမယ့် အခုတော့ နှစ်ဆယ့်လေးနာရီ နေရီကညို့ဘေးနားကပ်နေတော့သည်။ ဒါပေမယ့် ညို့က နေရီ့ကိုစိတ်ရှုပ်စရာလို့မမြင်မိဘဲ ကိုယ့်ကို ဒီအတိုင်းအတာလောက်ထိ တွယ်တာနေတဲ့သူရှိမှန်းသိတဲ့အခါ စိတ်ကလေးဟာနွေးရသည်။ တခါတလေ လောကကြီးဟာ ကိုယ်မရှိလည်းဖြစ်ပါတယ်လို့တွေးမိတဲ့အခါ လောကကြီးကကိုယ့်ကိုမလိုလည်း တစုံတယောက်ကိုတော့ ကိုယ့်ကိုလိုအပ်နေစေချင်တာမျိုး။ တွယ်မိသည့် သမုဒယတွေက နက်လာသည့်အခါ ကိုယ်တိုင်တောင်သတိမထားမိပါဘဲ သံယောဇဉ်ဟာ ခေါင်းစဉ်တစ်မျိုးနဲ့ အရောင်ပြောင်းသွားတတ်သလား။

နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်(ေနညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်)🌼 Where stories live. Discover now