Part 1

2.9K 75 2
                                    

စံပြ
အပိုင်း(၁)
06011234
"ဟာ…လှလိုက်တာ…"
"အေးလေ..အမြဲလှနေတော့တာပဲ…."
"ဟဲ့…နင့်ကြောင့် ငါတို့တွေ အရောင်မှိန်တယ် သိရဲ့လား.."
"နည်းလေး ဘာလေး ပေးပါဟာ..သူများတွေ ယောက်ျားရရင် အလှပျက်တယ်တဲ့…"
မင်္ဂလာနှစ်ပတ်လည် ငါးနှစ်ပြည့် အထိမ်းအမှတ် အတွက် အ၀တ်အစားရွေးနေကြရင်း သူငယ်ချင်း တွေက ငုဝါ ကိုသာ တိုက်ခိုက်နေတော့သည်။
"ဟဲ့…နင် ကိုရီးယား သွားတုန်းက မျက်နှာပြင်လာတာ မလား…"
"ဟား..ဟား..မဟုတ်ပါဘူးဟာ…ပိုလှတာတော့ ဘယ်တက်နိုင်မလဲ…ယောက်ျားက အရမ်းချစ်ပြီး အရမ်းစိတ်ချမ်းသာအောင် ထားတော့ နုပျိုနေတော့တာပဲလေ…ဟား..ဟား…"
"မနာလိုအောင် သိပ်ပြောတာပဲ…မကြောက်မရွံ့…ဟွန့်.."
"ဟား..ဟား…ငါ့ယောက်ျားကိုတော့ စိတ်ချတယ်…နင်ကြိုးစားလည်း အရာထင်မှာ မဟုတ်ဘူး.."
"အေးပါ…ငါတို့အုပ်စုမှာ နင် တစ်ယောက်ပဲ ယောက်ျား ရပြီး စိတ်ချမ်းသာရတာနော်…"
"ဟုတ်တယ်…ဟုတ်တယ့်…"
"နင်တို့ကို ပြောသားပဲ..ယောက်ျားယူတယ်ဆိုတာ ကိုယ်ချစ်ကို တွေးနေရုံနဲ့ မပြီးဘူး..သေချာ စဉ်းစားရတယ်ဟ…ဟိုကောင်မ မြတ်နိုးကို ကြည့်ပါလား..ခုတွေ့ ခုယူနဲ့ ဟော..ကလေးပါ ထပ်ယူတာ ခုတော့ ဒုက္ခလှလှတွေ့နေပြီလေ…မြင်ရတွေ့ရတာ တကယ်စိတ်မချမ်းသာဘူး.."
သူငယ်ချင်း မြတ်နိုးကိုသတိရရင်း ကရုဏာ ဒေါသဖြင့် ပြောမိတော့ သည်။
"ဟုတ်ပါပြီ…နင်က လင်ကောင်းရပြီး စံနေသူဆိုတော့ ပြောပါ..ပြောပါ…"
ငုဝါ အတွက် ဂါ၀န်ရှည်တွေ ရွေးပေးနေတဲ့ ဒီဇိုင်နာ သူငယ်ချင်း ဟန်နီက မျက်စောင်းထိုးရင်း ပြောတော့ ဟက်ခနဲ့ ရယ်မိသည်။
ဟုတ်ပါရဲ့…ကိုယ့်လောက် ကံကောင်းတဲ့ မိန်းကလေး ကမ္ဘာမှာ မရှိဘူးလို့ မပြောပေမဲ့ ငုဝါတို့ သူငယ်ချင်း အုပ်စုမှာတော့ ငုဝါ တစ်ယောက်သာ ကံကောင်းလွန်းသည်။
ယောက်ျားဆိုတာ ပြစ်ချက် မကင်းဘူးဆိုတဲ့ စကားကို လက်ကိုင်ပြီး သူတို့ယောက်ျားတွေရဲ့ အပြစ် တမျိုးစီကို နားလည်ခွင့်လွှတ်ပေးနေကြရသည်။
မြတ်နိုးရဲ့  ယောက်ျားက အဆိုးဆုံးပင်..။
မိဘတွေက တင့်တင့်တယ်တယ် နေနိုင်ကြပေမဲ့ သူ့ယောက်ျားကတော့ အလောင်းကစားက ဝါသနာကြီးလွန်းသည်။
ယောက်ျားဆိုတာ အသောက်အစား အလောင်းကစားနဲ့ မကင်းဘူးဆိုပေမဲ့လည်း သူကတော့ လွန်ပါသည်။
ကိုယ်ပိုင်ကား နှစ်စီးစလုံး ရောင်းပစ်လိုက်ပြီးတာတောင် ရပ်တန့်ဖို့ အစီအစဉ်က မရှိသေးဘူး.။
တိုက်ကလည်း ပေါင်ထားရပြန်ပြီတဲ့..။
နယ်က မိဘတွေကလည်း မထောက်ပံ့တော့ဘူးဆိုတော့ မြတ်နိုး မှာ စီးပွားရေးကိစ္စကော အသက်သိပ်မကွာတဲ့ ကလေး နှစ်ယောက် ကိစ္စ နဲ့ပါ အပူသည်လုံးလုံး ဖြစ်နေပြီ..။
ငုဝါ ကိုယ့်အတွက် ပျော်နေရင်းမြတ်နိုး အကြောင်းတွေးမိပြန်တော့ သက်ပြင်းချမိပြန်သည်။
"ပြီးပြီလား..မိန်းမ.."
"ဟော…ကိုပိုပို…နင်ကလည်း ဟာ…မိန်းကလေး အ၀တ်လဲခန်းထဲ ၀င်လာရလား.."
"ဘာဖြစ်လဲ..ကိုယ့်မိန်းမ ကိုယ်လာကြည့်တာပဲ…မောင့်မိန်းမ ကကွာ အလှမပြင်ရသေးတာတောင် ဒီလောက်လှနေရလား…အဘွားကြီးတွေ ထဲမှာ ထင်းနေတာပဲ.."
"အောင်မယ်…"
"မသာ.."
"သေနာလေး…"
အကုန်လုံးရဲ့ရန်တွေ့သံတွေ ထွက်လာပေမဲ့ ငုဝါ ပြုံးရင်း ချစ်ရတဲ့ မောင့်ဆီကို လက်ကလေး ဆန့်ပေးလိုက်တော့ အနားကို ရောက်လာပြီး တွဲကိုင်သည်။
လက်ကို မြှောက်ပြီး တစ်ပတ် လှည့်တော့ သူငယ်ချင်းတွေရဲ့ အသံတွေ ထွက်လာပြန်သည်။
"အမလေး..သွားမယ်..သွားမယ်…"
"အဟွင်း…"
"ကြွ…နီနီ…နင့်သားငိုနေလို့ နွေမိုး ဖုန်းဆက်ထားတယ် သိလား.."
"ဟာ..ဒါဆို ငါ ပြန်မှ ဖြစ်မှာပေါ့…ငါ့ကို လိုက်ပို့ပါဦး..နန္ဒာရယ်…"
"ဆေးခန်း၀င်ရမှာ ဆိုတော့ ရပါတယ်..သွားမယ်လေ…"
နန္ဒာကလည်း နာရီကြည့်ပြီး လက်ပြကာ ထွက်သွားတော့ ငုဝါတို့ လင်မယား နှစ်ယောက်သာ ကျန်တော့သည်။
"ဟာ…ဘာလုပ်တာလဲ.."
"ချစ်လို့ နမ်းတာလေ.."
"မောင် သိပ်မကဲနဲ့..သူတို့က နာလိုတာ မဟုတ်ဘူး.."
"အယ်…ဘာလို့လဲ.."
မောင် က တော့ ငုဝါ ရဲ့ လက်ကို ကိုင်ထားရင်း  လက်စွပ်လေးကို သေချာ နေရာချပေးရင်း မေးခွန်း ပြန်ထုတ်ပြန်သည်။
"သူတို့တွေရဲ့ ယောက်ျားတွေက မသိတက်လို့တဲ့လေ…ငုဝါက ယောက်ျား ရ ကံကောင်းတယ်တဲ့…အဲလိုမှန်းသိရင် မောင့်ကို ပဲ ယူလိုက်မှာပေါ့တဲ့ ခုလည်း…သူတို့ ယောက်ျားတွေကို မောင့်ဆီ သင်တန်းတက်ခိုင်းမယ်တဲ့..ငုဝါ ကလည်း ပြန်ပြောလိုက်တာပေါ့…မောင့်လို ဖြစ်ဖို့ စောင့်ဦး…လို့.."
"ဟား.ဟား.."
မောင်က သဘောကျကာ ရယ်ရင်း ရန်တွေ့တဲ့ ပုံစံအတိုင်း ပြောပြနေတဲ့ ငုဝါရဲ့ နှာခေါင်းကို ဖွဖွ ဖျစ်သည်။
အ၀တ်အစားတွေ ရွေးပြီးတော့နေ့လည်စာစားဖို့  စားသောက်ဆိုင် တစ်ဆိုင်ကိုလည်း သွားရသေးသည်။
"မောင်.."
"အင်း…"
"ငုဝါ နဲ့သာ မတွေ့ရင် မောင် ဘယ်လို မိန်းမ မျိုးကို ချစ်မိမှာလဲ ဟင်.."
"ဟာ…သူငယ်ပြန်တာလား…မောင် တို့က အိမ်ချင်းကပ်နေတာပဲ…မောင် ရဲ့ မိန်းကလေး သူငယ်ချင်းကလည်း ငုဝါ ..အချစ်ဦးကလည်း ငုဝါ ဟော လက်ထပ်လိုက်တာလဲ ငုဝါပဲ..မောင့်မှာ အဲလို တွေးဖို့တောင် အချိန်ရှိခဲ့လို့လား.."
"ကြည့်စမ်း…မသိရင် သူ့ကို အပိုင်သိမ်းထားတာ ကျနေတာပဲ.."
"မဟုတ်လို့လား..နိုင်ငံခြား သွားရင် ငိုမှာ ဆိုလို့ မောင့်မှာ ချစ်နေတဲ့ အကြောင်း ပြောပြီး ချော့လိုက်ရတာလေ.."
"သြော်..တကယ် မချစ်ဘူးပေါ့…"
"ဘယ်ချစ်မလဲ.."
ကားမောင်းနေတဲ့ မောင့် လက်မောင်းကို ဖွဖွ လိမ်တော့ မောင်က လက်တစ်ဖက်နဲ့ ထိန်းမောင်းရင်း  ငုဝါရဲ့ ပခုံးကို ပြန်ဆွဲဖက်သည်။
"မောင်တို့က ခုမြင် ခုချစ် ကြတာ မှ မဟုတ်တာ ငုဝါရယ်…လက်ထပ်တာ ငါးနှစ်ပြည့် ဆိုပေမဲ့လည်း မောင်တို့ သမီးရည်းစား သက်တမ်းက ဆယ်နှစ် ရှိပြီ…ဟော ချစ်တာကတော့ ငယ်ငယ်လေးကတည်းက အိမ်ချင်းကပ်ပြီး မောင်နှမလို ချစ်ခဲ့ကြတာပဲမလား…မောင်တို့ အချစ်က ခိုင်မြဲရုံတင် မဟုတ်ဘူး..ပေါင်းစည်းနေပါပြီ…"
"ငုဝါလည်း..မောင့်ကို အရမ်းချစ်တယ်…နှစ်တွေ အကြာကြီး ဆိုးခဲ့တာတောင် စ်ိတ်မယိုင်မပြောင်းမလဲ ချစ်ပေးတာ ကျေးဇူးတင်တယ်နော်..မောင်.."
"တကယ်လား…ဒါဆို…ညကျရင် ဒီ လက်ဆောင်လေး သုံးပေးနော်.."
ကားကို လက်တစ်ဖက် ထဲ မောင်းရင်း အိတ်ကို လှမ်းယူပြီး ပေးတော့ ငုဝါ စိတ်၀င်တစား ယူကြည့်လိုက်သည်။
နာမည်ကြီး တံဆိပ်ကို ကြည့်လိုက်တာနဲ့ အတွင်း၀တ်မှန်း သိတော့ ပခုံးတွန့်ရင်း ဘူးကို ဖွင့်လိုက်သည်။
ဆွဲဆောင်မှု ရှိရှိ အနက်ရောင် ၀တ်စုံကို  လက်ညိုးနဲ့ မြှောက်ကြည့်ကာ ပြန်ထည့်လိုက်တော့  မောင်က နှုတ်ခမ်းကိုက်ပြသည်။
"ဒါနဲ့ဆို သုံးထည်ဖြစ်နေပြီ.."
"ဒါက ဒီဇိုင်းသစ်…"
"မောင်ကလေ..မထင်ရဘူး..တော်တော် ဘူးတယ်နော်.."
"ဘာ…"
"…………"
မောင်က စိတ်မဆိုးပေမဲ့လည်း လေသံမာမာ ဖြင့် အော်တော့ ငုဝါ ဆံပင် အခွေလေးတွေကို လက်နဲ့ ဖွလိုက်ပြီး ၀တ်ထားတဲ့ ရှပ် ကြယ်သီး နှစ်လုံးကို ဖြုတ်လိုက်သည်။
ကိုယ်တစ်ခြမ်းစောင်းပြီး နှုတ်ခမ်းကိုက်ပြတော့ မောင်က အော်ရယ်တော့သည်။
"ဟုတ်ပါတယ်…မောင်က ဘူးတယ်..ဘာဖြစ်လဲ..ကိုယ့်မိန်းမကိုပဲ ကိုယ်ဘူးတာလေ…ဘူးတယ်ဗျာ…အစတုန်းကတော့ ညမှ ၀တ်ခိုင်းမလို့..ဒါပေမဲ့ ဒီကောင် က ဘူးမလား…အဲတော့ ခုပဲ ၀တ်လိုက်တော့နော်….ပြန်မယ်.."
"ဟယ်…ဝိုင်…"
"မဝိုင်ဘူး..ဘူးမယ်..ဒါပဲ.."
"လူဆိုး…"
ငုဝါ  ဟန်ပါပါ ပြောရင်း နွဲ့လိုက်ပေမဲ့ လည်း  အရာရာတိုင်း အချိန်တိုင်းမှာ မောင့်အလိုကျ ပါပဲ မောင်ရယ်..။
.
"မောင်…နည်းနည်းမော့ကွာ…"
"မိန်းမကော..နည်းနည်းစောင်းလေ.."
"အမလေး…ဖြစ်နေလိုက်ကြတာ…မုန်းဖို့ကောင်းတယ်…နင်တို့ပွဲဆိုပေမဲ့ အဲလောက် မကဲပါနဲ့.."
"ကိုယ့်ယောက်ျားကို ကြယ်သီးတပ်ပေးတာလည်း နင်တို့မှာ အပြစ်သိလား.."
"လွန်ပါတယ်အေ..ဟိုတစ်ယောက်ကလည်း ယောက်ျားလေး ဖြစ်ပြီး နေရာတကာ ပါတယ်…ဒီဇိုင်နာ ကိုယ်တိုင် ပြင်ပေထားတာပါနော်…ခါးကြိုးကို ဘာပြန်လုပ်နေပြန်လဲ.."
"ခါးပတ်ကွင်းက စောင်းနေလို့ပါဟာ…လာ..မိန်းမ…မောင်တို့ လွတ်လပ်တဲ့ နေရာ သွားကြမယ်.."
"ဟဲ့..နင်တို့ပွဲနော်…ဘယ်သွားကြဦးမလို့လဲ.."
သူငယ်ချင်းတွေ ပြောစကားကို နားမထောင်ပဲ လက်ဆွဲပြီး ထွက်လာတဲ့ မောင့်နောက်ကို ငုဝါလည်း ပါလာခဲ့ရသည်။
"ဒီလောက် နှစ်တွေ အကြာကြီး ကြာတာတောင် တနေ့ထက် တစ်နေ့ ပိုချစ်လာတယ် ကွာ.."
ငုဝါ ပြုံးရင်း မောင့်ကို ဖက်လိုက်ကာ  ငြိမ်သက်နေမိသည်။
ဟုတ်ပါတယ်…ငုဝါလည်း အဲလို ပါပဲ ..။
မောင့်ကို တစ်နေ့ထက် တစ်နေ့ ပိုပြီး ချစ်နေသည်။
နောက်လည်း အမြဲ ချစ်နေဦးမှာ သေချာပါသည်။
မြန်မာပြည်မှာ ကျောင်းတက်တော့လည်း အတူတူ..။
နိုင်ငံခြားမှာ ကျောင်းသွားတက်တော့လည်း အတူတူ..။
နိုင်ငံရပ်ခြား ရောက်သွားကတည်းက မောင်နဲ့ ငုဝါ ပိုပြီး နီးစပ်သွားသည်။
အဆောင်တောင် မငှားနေတော့ပဲ အခန်းတူတူ သုံးကြပြီး တူတူ နေကြသည်။
ငုဝါ ဘ၀မှာ မောင့်ကိုပဲ ချစ်ခဲ့ဖူးသလို မောင် ကလည်း ငုဝါကိုသာ ချစ်ခဲ့သည်။
မိဘ ညီအစ်ကို မောင်နှမတွေထက် ရင်းနှီးသည့် နွေးထွေးသည့် ဆက်ဆံရေးမျိုးဖြင့် ငုဝါတို့ အိမ်ထောင်ရေးက သာယာခဲ့ပါသည်။
ဘွဲ့တစ်ခု ရပြီး မြန်မာပြည်ကို ပြန်ရောက်လာပေမဲ့လည်း နှစ်ယောက်စလုံး ၀င်ငွေနည်းသည့် အလုပ်တစ်ခုစီ ၀င်လုပ်ကြရသေးသည်။
လက်ထပ်ဖို့ထက် အလုပ်တွေကိုသာ တစ်ခုစီ ပြောင်းခဲ့ကြရသည်။
မိဘတွေက အချမ်းသာကြီး မဟုတ်ပေမဲ့ ငုဝါ တို့ နှစ်ယောက်စလုံး ကြိုးစားခဲ့ကြသည်။
ဒါကြောင့်လည်း လက်ထပ်တဲ့အချိန်မှာ နှစ်ယောက် စုဆောင်းထားတာလေးတွေဖြင့် သင့်တင့်သော လက်ထပ်ပွဲ ကျင်းပနိုင်ခဲ့သည်။
အရင်ကတော့ အလုပ်ကြိုးစားနေရတော့ ပူးပူးကပ်ကပ် သိပ်မနေဖြစ်..။
အလုပ်တွေလည်း အတည်တကျ ဖြစ်လာတဲ့ ခုလို အချိန်မှာ နီးနီးကပ်ကပ်နေချိန် များလာပြီး အချစ်မေတ္တာက သူများတွေ သတိထားမိလောက်အောင် သိသိသာသာ ဖြစ်နေပြီလေ..။
"ငုဝါရေ…"
"ခေါ်နေပြီ..မောင်…"
"အင်း…သွားကြမယ်.."
မောင်က ပခုံးကို ဖက်လိုက်တော့ ငုဝါက ခါးကို ပြန်ဖက်လိုက်ရင်း အခန်းထဲကထွက်လာခဲ့လိုက်သည်။
"ကိတ်မုန့်လှီး.."
"ရေး.."
မောင်နဲ့ ငုဝါတို့ နမ်းပြီးနောက် အပြုံးကိုယ်စီဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေမိသည်။
နှစ်ယောက်စလုံးရဲ့ မျက်၀န်းတွေက ဂုဏ်ယူသော ကြည်နူး၀မ်းသာသော အကြည့်များဖြင့် စိုလဲ့လဲ့ ကလေး ဖြစ်နေသည်။
ကိတ်လှီးပြီး ရှန်ပိန် ဖောက်ကာ သူငယ်ချင်းတွေ အတူတူ စားကြသောက်ကြတော့သည်။
"ဆောရီး…ငုဝါ.."
"အမလေး..မြတ်နိုး ရောက်လာသေးတယ်ပေါ့လေ.."
"အေးဟယ်..နောက်ကျသွားတယ်.."
"ဘယ်မလဲ…နင့်ယောက်ျား.."
"မပါဘူး…နင်လှလိုက်တာဟာ…အရမ်းလှတာပဲ သူငယ်ချင်းရယ်…"
မြတ်နိုးက စကားပြောင်းလိုက်ပေမဲ့လည်း ငုဝါကတော့ စိတ်တိုရပါသည်။
ဒီလိုပုံစံဆိုရင် မြတိနိုးတို့ လင်မယား စကားများလာပြန်ပြီ ထင်ပါရဲ့..။
အလိုက်သင့်ပဲ စကားပြန်ပြောလိုက်ရပေမဲ့လည်း စိတ်ထဲ မပူလောင်ချင်တော့လို့ မောင့်ရဲ့ လက်ကိုသာ ပြန်ချိတ်လိုက်သည်။
"မငုဝါကို အားကျလိုက်တာ…ကိုဇော်မောင်ကအရမ်းချစ်တက်တာပဲနော်…"
"အမယ်…တို့လည်း သူ့ကို ချစ်သားပဲ..ဘာလဲ မိန်းမချစ်ရင်ကော အသိအမှတ် မပြုကြဘူးလား.."
"အဲလို ဟုတ်ပါဘူး..ကိုဇော်မောင် က အရမ်းချစ်ပြတော့ ရိုမန့်ဆန်ဆန်လေးကို အားကျရတာပေါ့.."
"ဟုတ်ပါပြီ…နောက်ဆို…တို့ယောက်ျားကို သင်တန်းဖွင့်ခိုင်းမယ်…ယူတို့ ဘဲတွေကို သင်တန်းလာတက်ခိုင်းပေါ့.."
"ဟီး…လွှတ်မှာ စိတ်သာချ…"
လူတကာ က ချီးကျူးနေကြပေမဲ့လည်း မောင်ကတော့ လူရှေ့မှာ တမင်ချစ်ပြတာ မဟုတ်ပဲ သူ့ပုံမှန် စိတ်သဘောထားအတိုင်းသာ ပြောဆိုနေတာ ငုဝါသိပါသည်။
စိန်လက်ကောက်၀တ်ထားတာ စောင်းနေတာကိုလည်း မြင်ပြီး သေချာ ပြင်ပေးပြန်တော့ အကုန်လုံးက ပြုံးကြပြန်သည်။
မောင့်ရဲ့  အချစ်ခံနေရတာကို ငုဝါ အနေနဲ့ ကျေနပ် ပျော်ရွှင်ရပါသည်။
ပွဲမှာ လူနည်းသွားတော့မှ အထူးခန်းထဲမှာ သူငယ်ချင်းတွေ စုံမိတော့သည်။
"ကဲပြော..သတ်ကြပြန်ပြီလား.."
"ခိုင်၀င်းက လူတောင် ဟုတ်ရဲ့လားဟာ..နင့်အဆင့်အတန်းနဲ့ ဒီလို လူကို ယူတာ မှားတယ်..ကွာပစ်လိုက်ပါဟာ.."
"ဟင်း…ငုဝါရယ်….နင်ကတော့ နိုင်ငံခြားမှာတောင် ဘွဲ့ယူထားတာ အလုပ်ကလည်း အတည်တကျ ဖြစ်နေပြီ..ငါက ကလေးတွေနဲ့ ချည်း အချိန်ကုန်နေတာ အလုပ်လည်း မလုပ်နိုင်သေးဘူး..ကွာဖို့ဆိုတာလည်း ကလေးတွေ မျက်နှာက ရှိသေးတယ်…"
"အဲဒါပြောတာပေါ့ လင်ကုန်ရှုံးတော့ တစ်သက်လုံးလို့..နင့်လူက ပြင်မယ်ထင်လား..တစ်သက်လုံး ဒီလိုပဲ သွားမှာ သိရဲ့လား.."
"ကဲပါ…သူငယ်ချင်းတွေ ပျော်ပျော် နေရအောင်ဟာ..မြတ်နိုးလည်း အကုန်မေ့ပြီး ပျော်ပစ်လိုက်.."
ဒီဂျေသံကြောင့်သာ စုစု က ဦးဆောင်ပြီး အခန်းထဲက ထွက်သွားပေမဲ့ မြတ်နိုးက ဖမ်းဖို့ လွယ်တာ မဟုတ်ဘူး..။
သူက ယောက်ျားကို သူတော်ကောင်း ထင်နေတာ..။
"နေဦး..မြတ်နိုး..မနက်ဖြန် အချိန်ရရင် ငါ့ဆီ လာစမ်းပါ.."
"ဟင်..ဘာလို့လဲ…"
"နင့်ကောင်က ကေတီဗီ က မိန်းမနဲ့ ရှုပ်နေတယ်ဟ…"
"အင်း..ငါသိပါတယ်..ခုလည်း လိုက်ချောင်းပြီး မိလို့ ပြဿနာရှင်းလာတာ…"
"ဟင်..လိုက်ချောင်းတယ်…ဟလား.."
ငုဝါ အံသြစွာမေးလိုက်တော့မြတ်နိုးက ခေါင်းညိတ်၍ ၀န်ခံသည်။
"နင်ဟယ်…ဘာလို့ အမြဲ လိုက်ချောင်းတာလဲ…သိက္ခာကျခံပြီး…ဒီလောက် သိနေတာပဲ တစ်ခါလည်း မဟုတ်…နှစ်ခါလည်းမဟုတ်…ပိုက်ဆံကျတော့လည်း အလောင်းအစားလုပ်ပစ် မိန်းမကလည်းရှုပ်သေး…နင်ဘာကို မက်နေတာလဲ ကွာလိုက်.."
"ဟင်း…ယောက်ျားဆိုတာ ဒီလိုပါပဲဟာ..နင်ကတော့ ချွင်းချက်ပေါ့လေ…ကံကောင်းတဲ့သူကိုး…ငါကွာလိုက်ရင် ဟိုမိန်းမနောက် ပါသွားမှာပေါ့ဟ…အချိန်မှီ လိုက်ထိန်းလိုက်ရင် ပြီးပါတယ်ဟာ…သူတို့တွေက အဲလိုပဲ…ပြီးတော့လည်း စိတ်ထဲ ရှိကြတာ မဟုတ်ပါဘူး.."
"ဟင်း…ခုလည်း ရန်ဖြစ်လာတာမလား…ငါ့သူငယ်ချင်းမှာ မိတ်ကပ်တောင် မလိမ်းနိုင်ဘူး..လာ ငါ ပြင်ပေးမယ်နော်.."
အပျိုတုန်းနဲ့ တခြားစီ ဖြစ်နေတဲ့ မြတ်နိုးရဲ့ မျက်နှာကို မိတ်ကပ် နည်းနည်း ပြင်လိမ်းပေးလိုက်သည်။
"ပျော်ပျော်သာနေ…လာ….အရင်အတိုင်းနေနော်…ငါသိတဲ့ မြန်နိုးက ခပ်မိုက်မိုက်လေး.."
"အဟီး..ကလေး အမေ ဖြစ်နေပါပြီဟဲ့.."
"အောင်မယ်…နင့်မျက်နှာက ဘာပြောင်းသွားလို့လဲ..အရင်တိုင်း ချစ်စရာလေးပဲကို.."
"အေးပါဟာ.."
မြတ်နိုးက ငုဝါတို့ အဖွဲ့မှာ အသွက်ဆုံးလေး..။
ခုတော့ သူမဟုတ်တော့တဲ့ အတိုင်းပါပဲ..။
စီးပွားရေးကလည်း သိပ်အဆင်မပြေတော့ အားငယ်နေတာ သိပါသည်။
မြတ်နိုး တွန့်ဆုတ်နေတာ သိတော့ ငုဝါ လက်ကို ဆွဲ၍ ခေါ်ထုတ်လာခဲ့သည်။
သူငယ်ချင်းတွေ အရင်အတိုင်း အော်ကြပျော်ကြနဲ့ ငုဝါတို့ အသက်တွေလည်း အရင်အတိုင်းလို ပြန်ဖြစ်သွားခဲ့သည်။
ညတစ်နာရီ အထိ ပျော်ခဲ့ကြတာမို့ မောင်က မူးမူးဖြင့် ပြောသေးသည်။
တော်ပါသေးရဲ့ နေ့ခင်းက အိမ်ပြန်သွားခဲ့လို့တဲ့..။
သူငယ်ချင်းတွေက အထာမသိပေမဲ့ ငုဝါကတော့ မျက်စောင်းဝဲလိုက်သည်။

စံပြWhere stories live. Discover now