Part 8

381 32 0
                                    

စံပြ
အပိုင်း(၈)
06040801
"မိန်းမ…"
"ဟင်…"
"ကိုယ်တို့ အပြောင်းအလဲ တစ်ခု လုပ်ရင် ကောင်းမလား…"
"ဘာလုပ်မလို့လဲ..မောင်.."
ငုဝါက အလုပ်လက်စကို ရပ်လိုက်ပြီး မော့ကြည့်တော့ ဇော်မောင် ပြုံးပြလိုက်သည်။
"ဟိုလေ…ကလေး တစ်ယောက် မွေးစားရင်ကောင်းမလားလို့.."
"ဟင်.."
ငုဝါ မျက်၀န်းထဲက အရိပ်တွေကို ကြည့်ရုံဖြင့် စိတ်ရှုပ်ထွေးသွားသလို သံသယတွေ ဖြစ်နေတာလည်း သိလိုက်သည်။
"မောင်က ကလေးတစ်ယောက် မရှိမဖြစ် လိုအပ်နေလို့လား…"
"အဲလို လည်း မဟုတ်ပါဘူး..မိန်းမက ဒီကိစ္စ နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတာ မောင်သိတယ်လေ…မောင် အသိ တစ်ယောက်ကလည်း ကလေးမွေးပြီး နိုင်ငံခြားသွားရမယ်တဲ့ အမွေစားအမွေခံ မွေးစေချင်တယ်လေ…အဲဒါကြောင့်ပါ.."
"မဟုတ်သေးပါဘူး မောင်ရယ်…ငုဝါ လိုချင်တာက ကိုယ့်ရင်သွေး အစစ်လေ…သူများ သားသမီးကို ပင်ပန်းခံပြီး မွေးဖို့ဆိုတာ လူကော စိတ်ကော အရာရာ ပြင်ဆင်ပြီးမှ အဆင်ပြေမှာ…. ကလေးလည်း မလိုချင်တော့ပါဘူး…အသစ် တိုးချဲ့လိုက်တဲ့ အလုပ်တွေနဲ့ နားချိန်တောင် ရှိတာမဟုတ်ဘူး..ခုချိန်မှာ သားသမီး မရှိတာကိုပဲ ကျေးဇူးတင်နေရတယ်…အဲဒါ သိရဲ့လား.."
"ဟို…သူကလေ..ကလေးကို မလိုချင်ပဲ ရတာတဲ့..လင်မယားလည်း ကွဲသွားပြီဆိုတော့ မွေးပြီးတာနဲ့ မိဘမဲ့ကျောင်းပို့ပစ်မှာတဲ့..မောင်ကလည်း သနားလို့ ငါမွေးပါ့မယ်လို့ ပြောလိုက်တယ်…"
"အိုး…ဘယ်လို မိဘလဲ…ဘယ်လောက်ပဲ စိတ်နာနာ သားသမီးကို ခုလို လုပ်စရာလား…မောင်မှာ အဲလို စိတ်မျိုး ရှိတဲ့ အသိမိတ်ဆွေ ရှိနေတာ ငုဝါတော့ အံသြတာပဲ…"
"အင်းလေ…သူတို့ ကိစ္စက လည်း ရှုပ်နေတာကို…"
"မမွေးချင်ပါဘူး မောင်ရယ်..သူများ သားသမီး မွေးစားတာ မလွယ်တဲ့ ကိစ္စပဲ…"
"ဒါပေမဲ့..ကလေး ရှိနေတော့…"
"တော်ပြီ..မောင်…လုံး၀ မမွေးဘူး..ရပြီလား..ဘာလဲ…မောင်က ဆုံးဖြတ်ပြီးသွားလို့ ငုဝါကို ပြောပြနေတာလား.."
"အဲလိုလည်း မဟုတ်ပါဘူး…မောင်တို့ ဘာပဲ လုပ်လုပ် တိုင်ပင်နေတာပဲ မိန်းမရယ်…ခုလည်း တိုင်ပင်တာပါ.."
"ဟင်း..မောင်ရယ်…ဒီကိစ္စ နဲ့ပတ်သက်ပြီး ငုဝါ မေ့နိုင်အောင် ကြိုးစားတယ်…ခု နေသားကျနေပါပြီ…ရရင်လည်း ယူမယ်…မရလည်း မယူဘူး..နော်..မောင်…တကယ်လို မောင်က ကလေး တစ်ယောက်ရှိမှ ဖြစ်မယ်ဆိုရင်တော့  ငုဝါ ကြိုးစားလို့ မရတဲ့ အခြေအနေ ဖြစ်နေပြီဆို တခြား တစ်ယောက်နဲ့ လက်ထပ်ဖို့ ငုဝါခွင့်ပြုမှာပါ…"
"ဟာ…ဘယ်လို ပြောလိုက်တာလဲကွာ.."
ဇော်မောင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တော့ ငုဝါက ခါးကို ဖက်ပြီး မျက်နှာအပ်ထားသည်။
ဆံပင်လေးတွေကို သပ်ပေးလိုက်ကာ စိတ်ရှုပ်အောင် ပြောမိတာကိုလည်း နောင်တရသည်။
ဒီကိစ္စ က ကိုယ့်အပြစ်တွေပဲ..။
ကိုယ့်အမှားကြောင့်ရလာတဲ့ ကလေးကို ငုဝါက သားသမီး အရင်းလို ပြုစုပေးရဦးမယ်ဆို တရားပါ့မလား..။
ဇော်မောင် အားနာသွားကာ မျက်နှာလေးကို ဖွဖွ ကိုင်လိုက်သည်။
"မောင့် မိန်းမ ပင်ပန်းတာ မောင် မကြိုက်ပါဘူး..ခု အလုပ်တွေ ပင်ပန်းနေတုန်းမလား…ဘယ်သွားချင်လဲ.."
"ပစ္စည်းသစ် မိတ်ဆက်ပွဲပြီးမှ စီစဉ်ပါ မောင်ရယ်..ဒီရက်ပိုင်း အလုပ်အရမ်းများတယ်…သြော်..ဒါနဲ့…မောင် ဒီအပတ် ပန်းလည်း မပေးဘူး.."
"သြော်…အင်း…မောင် သတိရပါတယ်…မိန်းမက ပန်းမ၀ယ်ရဘူး မှာထားလို့ပါ…နောက်ပြီး မိန်းမကြိုက်တဲ့ ပန်းတွေက ကုန်သလောက် ဖြစ်နေပြီ…နောက်ရက်စောင့်နေတာ…"
"အမယ်…ကျားကျားက ဒီတစ်ခါ စကားနားထောင်သားပဲ…အဲဒါကြောင့် ချစ်တာ.."
ဇော်မောင့် ပါးပေါ်ကိုအနမ်းရောက်လာတော့ မလုံမလဲဖြင့် ရယ်နေမိသည်။
မုသားသုံးလိုက်ရတာကိုလည်း စိတ်ထဲ မလုံမလဲ ဖြစ်လာလို့ မနက်ဖြန် ပန်းဆိုင် သွားဖို့ ဆုံးဖြတ်လိုက်ရသည်။
.
"ဟော…အကို…လာလေ…"
ဇော်မောင် လက်ထဲက အထုတ်တွေကို လှမ်းယူပြီး အပြုံးဖြင့် ပြောတော့ ခေါင်းညိတ်ကာ ၀င်လိုက်သည်။
အခန်းက လင်းနေတော့ အရင်ထက်ပိုလို့ အဆင်ပြေသွားသည်။
အိတ်တွေကို စားပွဲပေါ် တင်ပြီး အလုပ်များနေတဲ့ သူ့ကို တစ်ချက် ကြည့်မိသည်။
ဒူးအထ်ိဖုံးတဲ့ လက်တစ်လုံးကြိုး ဂါ၀န် အကြပ်လေး ၀တ်ထားသည်။
ဗိုက်က နည်းနည်းထွက်နေတော့ ကြည့်နေရင်း စိတ်ထဲ တမျိုးဖြစ်သွားကာ အကြည့်လွဲမိသည်။
"အကို…အချိန်ရလားဟင်..ဆယ်မိနစ်လောက်.."
"ရပါတယ်…ဘာလို့လဲ.."
"ဟာ…တော်ပါသေးရဲ့…ခဏလေး..ညီမ ခုချက်လိုက်မယ်.."
"ဟာ..နေပါစေ…ဘာမှ မလုပ်နဲ့…"
ဇော်မောင် ပြောနေတာကို နားမထောင်ပဲ ဆံပင်တွေကို စုလိမ်ကာ ဆံညှပ်ဖြင့် ညှပ်လိုက်သည်။
အိမ်နေရင်းပုံစံပေမဲ့လည်း ပေစုတ်စုတ် မဟုတ်။
ဆံပင်ကို လုပ်နေချိန် လက်မြှောက်ထားတော့ ဗိုက်က ပိုသိသာလို့ နေရခက်စေသည်။
"ခဏလေးပါ အကို…ညီမ ချက်တာ မြန်ပါတယ်…အကို ၀ယ်ပေးတာတွေကို တစ်ခါတည်း ဟင်းခြောက် ချက်ထားရတယ်လေ…မဟုတ်ရင် ထားလို့ အဆင်မပြေဘူး.."
ရေခဲသေတ္တာ မရှိတာကို သတိရပြီး ဇော်မောင် ခေါင်းညိတ်ပြလိုက်မိသည်။
ဒယ်အိုးနီ တစ်အိုးတည်းရှိပြီး မီးပလက်ထိုးကာ ဖွင့်လိုက်သည်။
"ထမင်းက စောစောကတည်းက ချက်ထားတယ်…အကိုလာရင် အဆင်သင့်အောင်လေ…ဘာဟင်းစားချင်လဲ  အကို…"
"သပ်သပ်ကြီး ချက်မနေပါနဲ့…မဆာပါဘူး.."
"ညီမ ရဲ့ ကျေးဇူးရှင်ကို တစ်နပ်လောက်ဖြစ်ဖြစ် ကိုယ်တိုင်ချက်ကျွေးချင်တဲ့ စေတနာပဲ ရှိတာပါ အကို…"
မျက်နှာငယ်ဖြင့် ပြောတော့ ထပ်ငြင်းလို့ မကောင်းတော့လို့ ခေါင်းညိတ်လိုက်သည်။
"ဟင်း သပ်သပ် မချက်ပါနဲ့…ထမင်းကြော် ဖြစ်ဖြစ် သုပ် ဖြစ်ဖြစ် တစ်ခုခု လုပ်ကျွေးပေါ့…နည်းနည်းပဲ လုပ်နော်…အကို မနက်စာ အိမ်ပြန်စားရဦးမယ်.."
"ဟီး…စိတ်ချပါ အကိုရဲ့..အများကြီး စားဖို့လည်း မရှိပါဘူး..ခဏလေးစောင့်ပါ….ထမင်းသုပ်ဖို့ လိုတာတွေ ရှိတယ်…ကြော်ဖို့က ကြက်ဥ မရှိလို့.."
"မင်း ဖုန်းဆက်တုန်းက မှာလိုက်ပါလား.."
"ကြက်ဥ က  သယ်ရခက်တယ်လေ….အကို အမြင့်ကြီး တက်လာရ အားနာနေပြီ…"
"အပန်းမကြီးတာကိုကွာ.."
ဇော်မောင် ပြောလိုက်တော့ ထမင်းအိုးထဲက ထမင်းကို ခပ်ထည့်နေရင်း အပြေးအလွှားဖြင့် ကြက်သွန်ဥကိုလည်း ရေဆေးသေးသည်။
"အစ်မကော နေကောင်းလား.."
"ကောင်းပါတယ်…"
"ဒီအပတ် ရှော့ပင်း မသွားကြဘူးပေါ့.."
"အင်း…ခုတလော မအားဘူးလေ….အကို့မိန်းမက အလုပ်လောဘအိုးလေး…ပစ္စည်းအသစ်ထပ်ထုတ်ဖို့ လုပ်နေတယ်…"
"ဟုတ်လား..ဒီတစ်ခါလည်း ပေါက်မှာပါ….အစ်မရဲ့ မိတ်ကပ်က ရောင်းအားကောင်းပါတယ်.."
"အင်း…သူက အခြေခံလူတန်းစားတွေအတွက် စျေးသက်သာပြီး ပစ္စည်းကောင်းအောင် သေချာ လုပ်တယ်လေ…"
"ဟုတ်မယ်…ညီမ တို့ အဆောင်မှာဆို အကုန်အဲ့တံဆိပ်ပဲ သုံးတာ…စျေးလည်း တကယ်သက်သာတယ်လေ…"
"ကိုရီးယားမှာလည်း သင်တန်းသွားတက်သေးတယ်.."
"အစ်ကိုတို့ လက်ထပ်ပြီးမှ သွားတာလား.."
"အင်းလေ…နှစ်နှစ်လောက်ကြာတယ်.."
"အိုး..ဒါဆို အကို တော်တော် လွမ်းလိုက်ရမှာပဲ.."
"အဟင်း…ဘာပြောကောင်းမလဲ…တစ်ခါတလေ ဖုန်းပြောရင်း အိပ်ပျော်သွားတာ  သူက လုပ်စရာ ရှိတာ လုပ်ပေမဲ့ အကိုကတော့ အိပ်ပျော်နေတာ သူလည်း ဖုန်းမချ အကို လည်း ဖုန်းမချ အဲလိုတွေ လွမ်းရတာ.."
"အကို က လိုက်သွားရင် ပြီးရော..""
"အဲတုန်းက အကို့ စီးပွားရေးက ဒီမှာ အခြေချဖို့ ကြိုးစားနေတုန်းဆိုတော့ ဘယ်မှ သွားလို့မရဘူးလေ.."
"အဲဒါကြောင့် အကိုတို့ အရမ်းချစ်ကြတာဖြစ်မယ်..ဝေးနေချိန်မှာ အချစ်စစ်နေရင် သူတို့က တကယ်ချစ်ကြတာတဲ့.."
"ဟုတ်မယ်…အကို နိုင်ငံခြားသွားရတော့လည်း ငုဝါက အမြဲဖျားတာပဲ."
"အစ်မလည်း တော်တော် ချစ်တက်တယ်နော်.."
"သူက လူကြီးလို ချစ်တက်တာ..အကိုကတော့ ကလေးဆန်တယ်တဲ့ သူပြောတာပဲ…"
"ဟီး..ဟုတ်မယ်…"
ကြက်သွန်လှီးလိုက် ရေဆေးလိုက်ဖြင့် အလုပ်များရင်း စကားပြောနေတော့ ဇော်မောင်လည်း ရင်းနှီးစွာ ပြောနေမိပြန်သည်။
"ဟာ…အလေး မ မ နဲ့လေ…"
"ဟုတ်….ဒါက လမ်းမှာရှုပ်နေလိုပါ.."
ရေဘုံးကို နေရာရွေ့ပေးလိုက်ပြီး နေ့တိုင်း ဒီလို ရွေ့နေမလားလို့ တွေးမိသည်။
"အ…"
ခရမ်းချည်သီး လှီးနေရင်းနဲ့ အသံထွက်လာတော့ ဇော်မောင် အနားကို ရောက်သွားကာ ဘာဖြစ်တာလဲ ကြည့်မိသည်။
"ရှသွားတာလား.."
"နည်းနည်းပါ အကို.."
"ဟိုတခါလည်း ဓားရှလို့ ဖြစ်ပြီးပြီ.."
"နည်းနည်းလေးပါ…ခဏလေးနော် ပြီးတော့မယ်.."
"ရပါတယ်…ဖြည်းဖြည်းလုပ်ပါ…မင်းကြည့်ရတာ ကလေးပေါက်စလေးလို ပျာယာခတ်နေတာပဲ…ကိုယ်၀န်ဆောင်သည်နဲ့ မတူဘူး…အမြဲတမ်း အဲလိုပဲ နေ နေတာလား..."
"ဟီး… ဟုတ်ပါဘူး..အကိုရဲ့…ခုက  အကို အချိန်မရမှာစိုးလို့ မြန်မြန် လုပ်ပေးနေလို့ပါ…"
"များလား ရေဆေးလိုက်လေ.."
"ရတယ်…အကို.."
ဇော်မောင် စိတ်မရှည်တော့လို့ လက်ကို ဆွဲပြီး လက်ညိုးကို ရေပိုက်အောက်မှာ ထားပေးလိုက်သည်။
"သွေးတိတ်သွားပြီ…ပလတ်စတာ ရှိလား.."
"ဟုတ်…ခဏနော်..ဟိုနေ့က ဘယ်မှာ တင်လိုက်မိလဲ မသိဘူး.."
"ဒီနားတဝိုက်မှာ ပလတ်စတာ ဆောင်ထားရတယ်ဆိုတော့ မင်း ခဏခဏ ဓားထိတယ်မလား.."
"အကို က စုံထောက်ကျနေတာပဲ.."
"သတိထားမှပေါ့…"
"ဟုတ်…သြော်..ဟိုမှာ ဘူး.."
အရင်လူတွေ လုပ်ထားတဲ့ ခပ်မြင့်မြင့် စင်ပေါ်မှာ ရောက်နေတဲ့ ဘူးကို ခြေဖျားထောက်ပြီး ယူတော့ ဇော်မောင်ကပဲ ရှေ့တိုးလိုက်ရသည်။
"အမလေး…"
"ကျစ်…ဖြစ်ပြီ.."
အပေါ်က ပြုတ်ကျလာတဲ့ ဘူးကို ရှောင်ရင်း ဇော်မောင့် ရင်ခွင်ထဲ ပစ်ကျလာတော့ စိုးရိမ်စိတ်ဖြင့် ပခုံးကို ထွေးပိုက်ကာ ကာလိုက်ရသည်။
"အမလေး..မျက်နှာပေါ်သာ ကျရင်…"
နီးနီး ကပ်ကပ် အနေအထားကြောင့် ဇော်မောင်ပဲ အရင်နောက်ဆုတ်ပေးလိုက်သည်။
"အမလေး.."
"ဘာဖြစ်တာလဲ.."
ဘယ်နားထိသွားလဲလို့ မေးလိုက်ပေမဲ့ မသိမသာ ပူနေသည့် ဗိုက်ပေါ်ကို သူ့လက်ကရောက်သွားသည်။
"တစ်ခုခု ဖြစ်လို့လား.."
"လှုပ်နေတယ်…ဟီး…"
"…………"
ကိုယ်၀န်ဆောင် အတွေ့အကြုံကို မသိနားမလည်ပေမဲ့  သူက ပြုံးနေတော့ စိုးရိမ်စရာ မရှိတော့လို့  ဗိုက်ကိုသာ ကြောင်ကြည့်နေမိသည်။
"အကို လာရင် လှုပ်တာပဲ…ကိုင်ကြည့်ချင်လား ဟင်.."
"နေ…နေပါစေတော့…"
"ဟယ်..မေ့လို့…ညီမ မြန်မြန် လုပ်ပေးမယ်နော်…"
ထမင်းထဲကို လိုအပ်တာတွေ ကပျာကယာ ထည့်ပြီး သုပ်ပေးနေတော့ အားနာလို့ ထိုင်စောင့်နေလိုက်ရသည်။
"ပန်းကန်လုံးနဲ့ပဲထည့်ပါ.."
"ဟုတ်…"
ဇော်မောင်ရှေ့မှာ ရောက်လာတဲ့ ထမင်းသုပ် ပန်းကန်ကို အရသာ မခံပဲ ကပျာကယာ ခပ်စားလိုက်သည်။
"အကို..ဆီချက် စားလားဟင်…မကြိုက်မှာ စိုးလို့ ထည့်မသုပ်ထားဘူး…"
"စားပါတယ်.."
"ဒါဆို..ထည့်မယ်နော်…"
ဇော်မောင် ခေါင်းညိတ်လိုက်တော့ လက်လှမ်းထည့်ပေးချိန် ဆီချက်အရည်က  ဇွန်းပေါ်က လျှံကျလာသည်။
"ဟ…"
"ဟယ်…ဒုက္ခပါပဲ…"
"ရတယ်..ရတယ်…"
"အရောင်နုတော့ စွန်းကုန်လိမ့်မယ်..အကို.."
"ရတယ်…ကိစ္စ မရှိဘူး…မင်းလည်း စားပါ…"
"ညီမ လျှော်ပေးရမလား..ဟင်း…စားစေချင်လို့ လုပ်နေတာ တလွဲချည်း ပဲ…နမော်နမဲ့ဖြစ်နေတာ.."
"ဆီပေတာ ဘာမှ မဖြစ်ပါဘူးကွာ…စားပါ..စိတ်ထဲ မထားနဲ့…မဆိုးပါဘူး…မင်းအသုပ်က လက်ရာ ကောင်းသားပဲ.."
"ဟလား….အမှန်အတိုင်းပြောရရင် တစ်ခါမှ မလုပ်ဖူးဘူး..ဟီး.."
"ကောင်းပါတယ်…"
ဇော်မောင် စားနေရပေမဲ့လည်း အရသာတော့ သိပ်မတွေ့..။
အားတက်သရော အပြေးအလွှား လုပ်ကျွေးတာမို့ အလိုက်သင့် ပြောလိုက်ရသည်။
ပန်းကန်ထဲက ကုန်တော့ ပန်းကန်တစ်ခါတည်း ဆေးလိုက်သည်။
"ဟာ…လက်ဆေးတယ် မှတ်လို့ အကိုရဲ့..ထားလိုက်ပါ.."
"ရပါတယ်…ပြီးပြီ..ပြန်ဦးမယ်.."
"ဟင်…သြော်…ဟုတ်…အကို ကြာသွားပြီထင်တယ်…"
ဇော်မောင် စားပြီးတာနဲ့ ချက်ချင်း ပြန်ဖို့ ပြောတော့ အံသြသွားတဲ့ မျက်နှာ အမူအယာ ဖြစ်သွားပြီးမှ  ပြောင်းလဲသွားသည်..။
"လိုအပ်တာရှိရင်လည်း.."
"မရှိပါဘူး အကိုရဲ့.."
ဇော်မောင် ခေါင်းညိတ်ပြီး အခန်းထဲက ထွက်ကာ တံခါး ပြန်ပိတ်ခဲ့လိုက်သည်။
ကားပေါ် ရောက်တော့မှ သတိထားမိတာ ဆီချက်နံ့က တော်တော် ပြင်းနေသည်။
"ကျစ်.."
အကျီ င်္လဲ၀တ်ရင်လည်း ငုဝါ ဆီက မေးခွန်းတွေကို ဖြေရတော့မည်။
နနွင်းရောင် ဝါနေသည့် အကျီ င်္လက်ကို ဘာလုပ်ရမှန်းမသိ..။
တံတောင်အထိ ခေါက်တင်ကာ ဖုံးထားလိုက်ပြီး ရေမွှေးထပ်ဖြန်းလိုက်သည်။
နေ့ခင်း ထမင်းတူတူ စားဖို့ ပြန်ရမှာမို့စိတ်ထဲ အားနာစွာဖြင့်  သက်ပြင်းချမိသည်။
"မောင်…နောက်ကျတယ်.."
"ဆောရီး…ကား နည်းနည်းကြပ်နေလို့ မိန်းမရဲ့..ဆာနေပြီလား.."
"ဟင့်အင်း…လာ….ဒီနေ့ ငုဝါ ကိုယ်တိုင် မောင်ကြိုက်တဲ့ ဟင်းတွေ ချက်ထားတယ်.."
"မိန်းမ အလုပ်မအားတဲ့ကြားက ဘာလို့ ကိုယ်တိုင် ချက်တာလဲကွာ…"
"ဟော…မေ့နေပြန်ပြီလား..ဒီနေ့ ဆန်းဒေးလေ…"
"ဟုတ်သား.."
"မောင်တစ်ယောက်တည်း ပိတ်ရက် နားရက် မထားပဲ အလုပ်တွေကို လေဘကြီးနေတာလေ.."
"မောင် လုပ်သမျှတွေက မောင့်မိန်းမအတွက် ချည်းပဲမလား..ရှော့ပင်း ထွက်ဖို့လေ…ဟား.ဟား.."
"မသိပါဘူး….တခြား ဘာအကြောင်းရှိလို့ အသည်းအသန် ရှာနေလဲမှ မသိတာ.."
"ဟင်.."
ဇော်မောင် မျက်လုံးပြူး၍ လှည့်ကြည့်လိုက်တော့ ငုဝါက ပြုံးစေ့စေ့ ဖြစ်နေရာကနေ မျက်လုံးလေး ဝိုင်းသွားသည်။
"မောင် စိတ်ဆိုးသွားတာလားဟင်…ငုဝါက ဒီတိုင်းစလိုက်တာပါ မောင်ရယ်…မောင့် အချစ်ကို စော်ကားတာမဟုတ်ပါဘူး.."
ငုဝါက ပြန်တောင်းပန်နေတော့ စိတ်မကောင်းဖြစ်ရပြန်ကာ ခေါင်းရမ်း၍ ဖက်ထားလိုက်သည်။
မောင် မလိမ်ချင်ဘူး မိန်းမရယ်..။
ဒါပေမဲ့ မောင် ပြောပြတဲ့အခါ ငုဝါ ခံစားရမှာလည်း မောင် မမြင်ရက်ဘူး..။
မောင် ဘယ်လို လုပ်ရမှန်းလည်း မသိတော့ပါဘူး ငုဝါရယ်..။
မောင်သိတာတော့ မောင့်မိန်းမကို မောင် သိပ်ချစ်တယ်..။
မိန်းမ စိတ်ဆိုးမယ်ဆိုတဲ့ အတွေးတစ်ခုကတောင် မောင့်ကို ပူလောင်စေတယ်..။
မောင့်ကို ခွင့်လွှတ်ပါ အချစ်ရယ်..။

စံပြWhere stories live. Discover now