Part 5

423 32 0
                                    

စံပြ
အပိုင်း(၅)
06030541
"ဟင်..မောင်.."
"မျက်လုံးလေး ပြူးနေတာပဲ…ဘာဖြစ်တာလဲ…မိန်းမရဲ့.."
"မောင်က ဖုန်းမဆက် ဘာမဆက် ပြန်ရောက်လာတာကိုး.."
ငုဝါ အံသြ၀မ်းသာစိတ်ဖြင့် ထိုင်နေရာက ထသွားကာ မောင်လက်မောင်းကို ကိုင်၍ လှုပ်ရမ်းလိုက်သည်။
မောင့်လက်ထဲက ပန်းစည်းလေးကို လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ငုံ့နမ်းမိသည်။
"မောင် သာ ပြောရင် ငုဝါ လာကြိုမှာပေါ့.."
"အဲလို လာကြိုမှာ စိုးလို့ မပြောတာပါဗျာ…နေအရမ်းပူနေတယ်.."
"အေးအတူ ပူအမျှဆို.."
"ဟုတ်ပါတယ်..စကားတက်တဲ့ မိန်းမရယ်…မောင့်မိန်းမကို နှစ်ရက်လောက်ဝေးနေတာ ဘယ်လောက်တောင် လွမ်းနေလဲ သိရဲ့လား.."
"ဖုန်းပြောပြီး…မေမေ တို့တောင် အမြင်ကပ်နေတာ သိရဲ့လား…မောင်လေးတို့ လင်မယားကလည်း မျက်စောင်းထိုးနေတာပဲ..သူတို့တောင် အဲလောက်မပိုဘူးတဲ့.."
"ဟော..မောင်တို့ တကယ်လွမ်းနေတာကို သူတို့က ဘာလို့ အပိုထင်ရတာလဲ.."
"သိဘူးလေ…. လင်မယား သက်တမ်းကြာလာရင် အချစ်တွေ လျော့သွားတယ် လို့ သတ်မှတ်ထားလို့ နေမှာပေါ့.."
"အဲ့အထဲမှာ မောင်တို့ မပါဘူး မလား.."
"ဟုတ်ပါတယ်ရှင်….မောင့်ကို တနေ့ထပ် တနေ့ ပိုပြီး ချစ်လာရပါတယ်.."
"အမောပြေသွားတာပဲကွာ…မွား.."
'ဟယ်…ဆောရီး…မမ…"
၀န်ထမ်းကောင်မလေး က ခေါင်းငုံ့ပြီး ပြန်ထွက်သွားတော့မှ မောင့်ရင်ဘတ်ကို ဖွဖွ ထုလိုက်ပြီး ရယ်မိသည်။
အလုပ်လည်း လုပ်ချင်စိတ်မရှိတော့လို့ မောင်နဲ့ အတူတူ အိမ်ပြန်လာခဲ့လိုက်သည်။
မောင်က ရေချိုးနေချိန် ငုဝါက ညစာ အတွက်  ပြင်ဆင်ထားသည်။
အလုပ်တွေ ပြီးလို့ ဖုန်းခဏကြည့်ချိန်မှာ ၀န်ထမ်းကောင်မလေးက ငုဝါနဲ့ မောင့်ရဲ့ ပုံကို တင်ထားသည်။
"လေးစား အားကျ ရပါသော စံပြစုံတွဲ"တဲ့လေ..။
တမင် ပို့စ်ပေးပြီး ရိုက်ထားတာ မဟုတ်ပေမဲ့ ငုဝါက မောင့်ရင်ခွင်ထဲကနေ မော့ကြည့်ပြီး ရယ်နေကာ မောင်ကလည်း ပြုံး၍ ငုံ့ကြည့်နေသည့်ပုံပင်.။
ဟင်း..သူ့အကောင့်မှာ တင်တာ ဆိုပေမဲ့ အကုန်လုံး က အမျိုးမျိုးပြောတော့မှာ သိပါသည်။
မောင်က ရေသုတ်ရင်း အနားရောက်လာတော့ လက်ထဲက ဖုန်းကို ချပြီး ပြုံးပြလိုက်သည်။
"ဝိုင် အသစ်ဖောက်တာလား.."
"ဟုတ်တယ်….ဟိုတစ်ခါ မောင့်သူငယ်ချင်း လက်ဆောင်ပေးထားတာလေ…"
"မောင်တို့ နက်ဖြန် ကမ်းခြေ သွားကြရင် ကောင်းမလား.."
"ခုမှ ပြန်ရောက်တာ မလား..နားပါဦး မောင်ရယ်…"
မောင်က ငုဝါကို သိုင်းဖက်ပြီး နားရွက်
ကို ဖွဖွကိုက်နေတော့ တစ်ချက်တွန့်ပြီး ရယ်နေမိသည်။
အရမ်းလွမ်းနေတာ ဆိုတဲ့ မောင့်ရဲ့ စကားကို အကြွင်းမဲ့ ယုံကြည်ပါသည်။
.
"အကို…"
"ဟင်…"
ဇော်မောင်  နံရံကို မျက်နှာမူထိုင်၍ ဖုန်းသုံးနေချိန် တစ်ယောက်က ခေါ်လိုက်တော့ အသံလာရာ ဘေးဘက်ကို  လှည့်ကြည့်မိသည်။
"ဟို…မင်္ဂလာပါ…အကို…"
ဂါ၀န်၀တ်ထားသည့် ခပ်ငယ်ငယ် ကောင်မလေးက ဇော်မောင့်ရဲ့ မသိသလို တုန့်ပြန်မှုကြောင့် ပြုံးပြကာ ထပ်နှုတ်ဆက်ပြန်သည်။
ဘယ်သူမှန်း သေချာ မသိပေမဲ့ နှာရိုးပေါ် တင်နေတဲ့ စာကြည့် မျက်မှန် ကို လက်ညိုးနဲ့ တွန်းတင်ရင်း ပြုံး၍  ခေါင်းညိတ်ပြလိုက်သည်။
စိတ်ထဲမှာလည်း သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ညီမများလားလို့ တွေးမိသည်။
"ထိုင်လေ…ကလေး.."
"သြော်…အဟင်း…ညီမက အကို မသိဘူးထင်နေတာ.."
ဇော်မောင် အားနာလို့ ပြောလိုက်တာကို ကောင်မလေးက နားလည်မှု လွဲပြီး တစ်ချက်ရယ်၍ ခုံမှာ ထိုင်လိုက်သည်။
'အကို..မုန့်လာစားတာလား..'
"မဟုတ်ဘူး..အကို့ မိန်းမ အတွက် ပန်းစည်းလာ၀ယ်တာ…"
'သြော်…"
"………"
"အဟွင်း…အကို့ မိန်းမက ပန်းကြိုက်တယ်နဲ့ တူတယ်…ဟိုတစ်ခါတုန်းကလည်း အကို့ကို ဒီဆိုင်မှာ တွေ့တယ်.."
'ဟုတ်တယ်…အကို့မိန်းမက ရှာရခက်တဲ့ ပန်းမျိုးတွေပဲ ကြိုက်တော့ အကိုလည်း ဒီဆိုင်ရဲ့ ဖောက်သည်ဖြစ်နေတာပဲ…အဟွင်း.."
'သြော်…ဟုတ်….ဟို…ညီမ က တွေ့တုန်း ကျေးဇူးတင်ကြောင်း ပြောချင်တာနဲ့လေ.."
"ဟင်.."
ဇော်မောင် နားမလည်တဲ့ အမူအယာကို သတိထားမိသွားပြီး ကောင်မလေး က တစ်ချက် မျက်နှာ ပျက်သွားသည်။
"ဆောရီး…အကို သိပ်မမှတ်မိလို့ပါ.."
"ရပါတယ်…ကိုခိုင်၀င်း ဆိုင်မှာလေ…ညီမကို ပိုက်ဆံပေးသွားတယ်လေ.."
"သြော်…ဟုတ်ပြီ…မှတ်မိပြီ…"
တကယ်တော့ သောက်ထားတဲ့ အရှိန်ကြောင့်ကော သေချာ မကြည့်ခဲ့တာကြောင့်ကော  အခုချိန်ထိ မျက်နှာကို ခန့်မှန်းလို့ပင် မရသေးပါ..။
"တစ်ခုခု စားမလား…ကော်ဖီသောက်လေ.."
"ရပါတယ်…ညီမ  က အကို့ကို ကျေးဇူးတင်ချင်လို့ တမင်၀င်လာတာပါ…သွားဦးမယ်နော်.."
"သြော်…အင်း…"
ဆံပင်ကျောလယ်လောက်ကို ခပ်မြင့်မြင့်လေး စီးထားပြီး လွယ်အိတ်ကို စလွယ်သိုင်း၍ လွယ်အိတ်ကြိုးကို ဆုပ်ကိုင်ကာ ထွက်သွားတဲ့ ကောင်မလေးကို တစ်ချက် လိုက်ကြည့်မိသည်။
ဟင်း..ဒီကောင်မလေးက ဒီလိုတွေ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ..။
"အစ်ကို…ကျူးလစ်က ညက မှ ရောက်တာ…လွန်ခဲ့တဲ့ သုံးရက်ကပဲ ၀ယ်ထားတော့ ယူ့ပါ့မလားလို့..."
"နောက်ဆို မေးမနေပါနဲ့…ကိုယ့်မိန်းမရဲ့ အပြုံးက ဒီပန်းတစ်စည်းထပ် ပိုပြီး အဖိုးတန်ပါတယ်ကွာ.."
"အား..ထိသွားပြီ.."
"အဟွင်း..ကျေးဇူး…သွားပြီနော်.."
"ဟုတ်.."
ပန်းစည်းကို ကိုင်ပြီး ကားဆီကို လျှောက်သွားရင်း ကားစောင့်နေတဲ့ ကောင်မလေးက တစ်ချက် မျက်လုံးထဲ ၀င်လာသည်။
ဇော်မောင် ကားပေါ်ရောက်တော့ ကားကို လက်တစ်ဖက်တည်းဖြင့် ကျင်လည်စွာ မောင်းရင်း ဖုန်းဖွင့်လိုက်သည်။
"ဟလို…မောင်.."
"မိန်းမ အလုပ်မှာလား  အိမ်မှာလား.."
"ဟုတ်ဘူး..မောင်…မေမေ တို့ဆီမှာ.."
"ဒါဆို  မေမေတို့ ရှေ့မှာ မောင်တော့ ဆူခံရဥိးမယ်.."
"ဘာလို့လဲ..မောင်ရဲ့.."
"ရောက်မှ ပြောမယ်…"
"မောင် ဘာအပြစ်လုပ်ထားပြန်ပြီလဲ…"
"သေးသေးလေးပါ…"
"ဘာလဲ.."
"ခုလာနေပါပြီဆို.."
"ဘာလဲ..မောင်ရဲ့.."
"ဒါပဲ..ချစ်တယ်..မိန်းမ.."
ဇော်မောင် ကားမောင်းရင်း အဆူခံရမဲ့ ကိစ္စကို တွေးနေမိသည်။
ခြံထဲ ကား၀င်တာနဲ့ မိန်းမ ဖြစ်သူက ခါးထောက်ကာ စောင့်ကြိုနေပြီ..။
ပန်းစည်းကို အနောက်မှာ ဖွက်ထားလိုက်ကာ ပြုံးစေ့စေ့ ဖြင့် ထွက်လိုက်တော့ လိုက်ကြည့်နေသည်။
"ဘာလဲ..နောက်မှာ.."
"ဒီမှာ.."
'ဟင်…'
မျက်လုံးလေးက အရောင်လဲ့သွားကာ တစ်ချက်ပြုံးသွားပြီး အယောင်ယောင်မှားမှားဖြင့် ပန်းစည်းကို ကလေး တစ်ယောက်လို ပွေ့ပိုက်ထားသည်။
ပန်းစည်းတွေ မ၀ယ်ရတော့ဘူးလို့ အမိန့်ထုတ်ထားတဲ့ မိန်းမ က ခုတော့လည်း ပျော်နေတာပဲမလား..။
"အာ..မေ့လို့..မောင်က စကားနားမထောင်ဘူးကွာ..ပန်းတွေက တစ်လ တစ်ခါလောက်ပဲ ၀ယ်ပါဆို…အိမ်မှာ ပန်းတွေချည်းပဲ ပိုက်ဆံတွေ အလကားကုန်တယ်.."
"မောင့်အတွက်တော့ မောင့်မိန်းမရဲ့ အပြုံးလေးက ပိုက်ဆံထပ် ပိုပြီး တန်ဖိုးရှိလို့လေ…"
"အဲ့ အပြုံးနဲ့ ဗိုက်ပြည့်မလား..ကဲပြော..'
'ဟင်း…မောင်တို့ကျောင်းတက်တုန်းက မောင် အငတ်နေရင်တောင် မိန်းမ အတွက် ပန်းစည်းလေး တစ်စည်း လှလှပပ မပေးနိုင်ခဲ့ဘူးလေ…ခုပေးနိုင်တုန်း ပေးတာဗျာ..သိပ်မဆူပါနဲ့လား.."
"မောင်ရယ်…ငုဝါက..ဒီတိုင်း"
ဇော်မောင့်ခါးကို ဖက်ပြီး တောင်းပန်တဲ့ မျက်၀န်းများဖြင့် မော့ကြည့်ကာ ပြောတော့ နဖူးကို တစ်ချက် နမ်းလိုက်သည်။
သူငယ်ချင်းတွေ ပြောတာတော့ အချစ်ဆိုတာက အချိန်ကြာလေ သွေးအေးလေတဲ့..။
ကိုယ့်မှာတော့ လက်ထပ်ပြီးတာ ကြာလာပေမဲ့ လည်း ရင်ခုန်သံတွေ လတ်ဆတ်ပြီး မြတ်နိုးစွာ ချစ်မိနေဆဲပင်..။.
.
"မောင်…"
"ဟင်.."
မောင်က ဖုန်းနှိပ်နေရင်း မော့ကြည့်တော့  ငုဝါ ပြုံးပြရင်း ဆိုဖာမှာ ၀င်ထိုင်လိုက်သည်။
နှစ်ယောက်တည်းသာ ရှိနေသည့် တိုက်ခန်းမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။
မြတ်နိုးတို့ မိသားစု ပုံလေး တင်ထားတာ တွေ့ပြီး ငုဝါ ရင်ထဲမှာ နေလို့မကောင်း.။
မောင့်ကိုလည်း သနားသည်။
စိတ်ကို အတက်နိုင်ဆုံး ဖြေသိမ့်ကာ အကောင်းတွေချည်း တွေးနေရသည်။
မောင်နဲ့ နှစ်ယောက်တည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်နေရင်ဖြင့် လုံလောက်နေပါပြီလေ..။
"ဘာဖြစ်လို့လဲ..မိန်းမ.."
မောင်က မျက်မှန်ကို ချွတ်ပြီး ငုဝါလက်ကို ဆွဲကာ အနားကို တိုးကပ်ထိုင်သည်။
"ဟင်..မိန်းမ…ဘာဖြစ်လို့လဲ.."
"မဖြစ်ပါဘူး မောင်ရယ်…"
"မောင်က ကိုယ့်မ်ိန်းမ မျက်နှာကို မှန်လို ကြည့်နေတဲ့ ကောင်ပါကွာ..မောင့်မိန်းမ တစ်ခုခု ကို စိတ်မကောင်းဖြစ်နေတယ်..စိတ်ညစ်နေတယ်ဆိုတာ မောင်သိတာပေါ့.."
"အင်း…ခိုင်၀င်း တို့ မိသားစု လာတဲ့နေ့က မောင် ဖြစ်သလိုပုံစံမျိုးပဲမလား.."
"ဟင်.."
မောင်က နားမလည်သလို တစ်ချက်မျက်ခုံးတွန့်သွားပြီးမှ မလုံမလဲ ဖြစ်သွားပြန်သည်။
"မောင်က ဘာဖြစ်လို့လဲ.."
"ဟင်း..လင်မယား နှစ်ယောက်တည်း နေရတဲ့ ဘ၀မှာ တစ်ယောက် မျက်နှာ တစ်ယောက် အကဲခတ်ရုံနဲ့ စိတ်ထဲအထိ သိပါတယ် မောင်ရယ်..အဲဒါတွေ ထားပါ…ခုကတော့ မောင့်ကို လက်ဆောင် ပေးမလို့ပါ.."
"ဟမ်….ဒီနေ့ မောင်မွေးနေ့မှ မဟုတ်တာ…"
"မွေးနေ့မှ ပေးစရာလား..ဒီနေ့က မောင့်အလုပ်ကို မောင့်နာမည်နဲ့ တရား၀င် မှတ်ပုံတင်တာ ခြောက်နှစ်ပြည့်လေ.."
"အိုး..မိန်းမ က အဲလောက်ထိ မှတ်ထားတာလား..ဟား.ဟား…ချစ်လိုက်တာကွာ.."
မောင်က အသည်းယားသည့် ပုံစံဖြင့် ငုဝါ ကိုယ်လေးကို ဆွဲဖက် ကာ မျက်နှာ အနှံ့ နမ်းတော့သည်။
ငုဝါ နောက်တွန့်ပြီး ရင်ဘတ်ကို ဖွဖွ တွန်းလိုက်တော့မှ မောင်က ပြုံး၍ ရပ်တန့်သွားသည်။
ဘေးမှာ ရှိနေတဲ့ နာရီ ဘူးလေးကို မောင့်လက်ထဲ ထည့်ပေးလိုက်သည်။
"မောင့်ရဲ့ အချိန်တိုင်းမှာ ငုဝါနဲ့ အတူ ရှိနေသလို ဖြစ်အောင် နာရီလေး ပေးတာ မောင့်ရဲ့.."
"ဟာ..ဒါက…"
"ဘာလဲ စျေးကြီးတယ် ပြောဦးမလို့လား..မောင်ကလေ…ငုဝါကိုဆို အမြဲဆူတယ်..မောင်ကျတော့ လွင့်ပစ်ရမဲ့ ပန်းတွေ ၀ယ်ပြီး ပိုက်ဆံဖြုန်းနေတာလေ.."
"ဟား.ဟား..ရန်တွေ့နေလိုက်တာကွာ…ကိုယ့်မိန်းမက ချစ်လို့ ၀ယ်ပေးတာ မောင်က ဆူပါ့မလား..သြော်..ဒါနဲ့..ဒါက စုံတွဲတွေ အတွက် ထုတ်ထားတာမလား..မိန်းမ၀တ် ဘာလို့ ၀ယ်မလာလဲ.."
"ငုဝါဆီမှာ နာရီက ဆယ်လုံးလောက် ဖြစ်နေပြီလေ.."
"ဟင်း..ကပ်စေးနှဲမလေး…အိုကေ..မောင့်ကို ၀တ်ပေးဦးလေ.."
"အင်း.."
ငုဝါ ပြုံး၍ ခေါင်းညိတ်လိုက်ကာ နာရီ ဘူးထဲက နာရီကို ဖြည်းဖြည်း ထုတ်လိုက်သည်။
အကြာစိမ်းတွေနဲ့ မောင့်လက်ပေါ်မှာ နာရီကို သေချာ ၀တ်ပေးပြီး လိုက်ရဲ့လားလို့ ကြည့်ရသည်။
"မောင် က ဘာပဲ ၀တ်၀တ် စမတ် ဖြစ်နေတာပဲနော်…"
"ဟုတ်လား.."
"ဟုတ်တယ်…မောင့်က ငုဝါ ရဲ့ ယောက်ျားဖြစ်နေလို့ အဲလောက် ချောတာ သိရဲ့လား.."
"ဟောဗျာ…တစ်ဖက်ကြီး စောင်းမနေလွန်းဘူးလား.."
"မစောင်းပါဘူး…မိန်းမဆီက ချောတာ လှတာ စမတ်ကျတာတွေ ကူးသွားလို့ပါ…"
"ဟား..ဟား..ဟုတ်ပါပြီ…မိန်းမဆီက ကူးသွားတာ တစ်ခု ရှိသေးတယ်.."
"ဟင်..ဘာလဲ.."
"အိပ်ရင် ဟောက်တာလေ.."
"ဟာ…ဟောက်စရာလား..ဒီလောက် ပိန်ပိန်လေးကိုး..မောင်သာ ဟောက်တာ.."
"မောင်က အစတုန်းက မဟောက်ပါဘူးကွာ…"
"မောင် ဘယ်လိုသိလဲ.."
"အိပ်နေတုန်း ကိုယ့်ကိုယ်ကို ထကြည့်တာပေါ့…"
"အပိုတွေ…ကိုယ်ထဲက ဝိညာဉ် ထွက်သွားမှပဲ အဲလို ကြည့်လို့ရမယ်.."
"အဟွင်း..မောင်တော့ တရေးနိုးတိုင်း  ငုဝါကို ကြည့်တာပဲ..ဟောက်နေလိုက်တာ…"
"တော်ပါတော့..နာရီ ကြိုက်ရဲ့လား.."
"အင်း…၀ယ်ပေးတဲ့သူကို ပိုကြိုက်နေလို့ ခက်နေတယ်.."
"ဟာ..မောင်.."
ငုဝါ တစ်ချက်သာဟန့်လိုက်ပေမဲ့လည်း မောင့်ရဲ့ ကြင်နာမှုတွေကို မရုန်းဖယ် နိုင်ပါ..။
မောင့်ရဲ့ ကြင်နာမြတ်နိုးမှုတွေကို ခံယူရတာလည်း ကံကောင်းဆုံး မိန်းမ တစ်ယောက်လိုပင်..။
.
"ဟင်….သူက မင်းဆီမှာ လုပ်တုန်းလား."
"အေးလေ.."
၀န်ထမ်း ၀တ်စုံ ၀တ်ကာ ဧည့်ကြို လုပ်နေတဲ့ ကောင်မလေးကို တွေ့တော့ ဇော်မောင် မအောင့်ထားနိုင်တော့ပဲ ခိုင်၀င်းကို ထုတ်မေးမိသည်။
ခိုင်၀င်းက ပြုံးစေ့စေ့ဖြင့် ပြန်ဖြေတော့ စိတ်ပျက်မိသည်။
"ဘာလဲ..မင်းကယ်လိုက်တာနဲ့ ဒီက ထွက်သွားမယ် ထင်လို့လား…ငါးသိန်းဆိုတာ အိမ်လခ တောင်မရဘူးကွာ..မင်းကလည်း.."
"ဒါပေမဲ့ကွာ…ငယ်ငယ်လေးပဲ..တခြားအလုပ်ပေးပြီး ကူညီဖို့ကောင်းတယ်.."
"ခုလည်း ဧည့်ကြိုပဲ လုပ်တာပါကွာ…"
"…………."
ဇော်မောင် ခေါင်း၇မ်းပြီး ခိုင်၀င်းထည့်ပေးတဲ့ ခွက်ကို ယူသောက်လိုက်သည်။
"ဘီယာတော့ မသောက်ဘူး…ငါ့မိန်းမ အနံ့မခံနိုင်ဘူး."
"မင်း မိန်းမ ကလည်း ကြီးကျယ်လိုက်တာကွာ..မင်း ဘာ သဘောကျပြီး ယူထားတာလဲ..ပြောပြစမ်းပါ"
"အနံရိုင်းတာပါကွာ…ကြီးကျယ်တာတော့ မဟုတ်ပါဘူး..ငါတို့ မယူခင်ကတည်းက သူနဲ့ငါ အတူတူ ရုန်းကန်ပြီး ကြိုးစားခဲ့ရတာကွ…ငါတို့ နှစ်ယောက်က လင်မယား သံယောဇဉ် ဆိုတာထက် ပိုပါတယ်…အိမ်မှာ ငါက သားအလတ်ဆိုတော့အမြဲလွတ်နေတယ်….သူနဲ့တွေ့တော့မှ ငါ့ဘ၀ နွေးထွေးလာတယ်…ငုဝါ က မိန်းမ မဆန်ဘူး…ငါတို့ နိုင်ငံခြားမှာ ကျောင်းတက်တော့ သူ့အိမ်က အဆင်ပြေတယ်…ဒါကို ငါ့ဘက်ငှဲ့ပြီး အိမ်က အထောက်အပံ့ မယူဖို့ သူပဲ အရင် ဆုံးဖြတ်တာလေ…ငါတို့ နှစ်ယောက်စလုံး ဒုက္ခတော်တော် ရောက်တယ်…သူ တစ်ချက်မှ မညီးဘူး..ငါနဲ လမ်းခွဲဖို့လည်း တစ်ခါမှ မပြောဖူးဘူး…ငါနဲ့ အေးတူပူအမျှ တကယ်နေတာ…သူ့ကို ငါ ချစ်တာ နည်းတောင် နည်းနေသေးတယ်.."
"ဟွန့်..တော်ပါတော့..စံပြ လင်မယားတွေရယ်…သောက်စမ်းပါ…ဒါနဲ့ မင်းတို့ ကလေး ဘာလို့ မယူသေးတာလဲ..ဟိုတစ်ခါ ငါပြောသားပဲ ဆေးသွားစစ်ပါဆို…"
"မစစ်ချင်ပါဘူးကွာ..ဘယ်လို အဖြေ ဖြစ်ဖြစ် ငုဝါ က  စိတ်မကောင်း ဖြစ်မှာ စိုးတယ်.."
"ဟင်း..ဒါဆိုလည်း အရွယ်ရှိတုန်းတခြားနည်းလမ်းတွေ ဘာတွေနဲ့ ကြိုးစားကြည့်ပေါ့ဟ…အပြောင်းအလဲလေး ငါ ဖန်တီးပေးမယ်လေ...ငါ့မှာ ဆေးရှိတယ်…မင်းက မိန်းမကို အရမ်းချစ်တော့ ညှာနေလို့ ဖြစ်မယ်..."
"လုပ်စရာလား..မလိုပါဘူးကွာ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပြီး သက်ဆုံးအထိ အတူတူ နေသွားချင်တဲ့ ဆန္ဒပဲ ငါ့မှာ ၇ှိတယ်.."
"တော်တော် နားလည်ရခက်တဲ့ကောင်ပဲကွာ…ဟော..ခဏနေဦး..မြတ်နိုးတို့ ဆိုင်လိုက်လာပြီ.."
'ဟင်.."
ဇော်မောင် မျက်လုံးပြူးသွားသည်။
'ဟာ..ဒါဆို…ငါ ရှိတယ်လို့ မပြောနဲ့နော်.."
"ဘာလို့လဲဟ.."
"ကျစ်..ဟိုဟာ..မင်းတို့ဆိုင်က ဝေးတယ်လေ.."
"ငါသိပါတယ်…ငုဝါက မင်းကို ငါ့ဆီမလာဖို့ မှာထားတယ်မလား.."
"အဲလို မဟုတ်ပါဘူး.."
"ငါ သဘောပေါက်ပါတယ်….ဧကရီ အခန်းထဲ ပို့ပေးလိုက်.."
"………."
ဇော်မောင်ကတော့ ဘယ်သူမှ မစောင့်ပဲ အခန်းဘက်ကို အရင်ရောက်လာခဲ့ပြီ..။
ကောင်မလေးက သော့ဖွင့်ပေးရင်း အပြုံးဖြင့် နှုတ်ဆက်သည်။
"ပန်ကာ ဖွင့်မလား အကို.."
"အင်း.."
"ညီမ သောက်စရာယူခဲ့မယ်နော်.."
"…………."
ဇော်မောင် ပြန်သွားရ ကောင်းမလား တွေးမိပေမဲ့ မြတ်နိုးတို့က ကလေးတွေနဲ့ဆိုတော့ကြာကြာ မနေလောက်ပါဘူးလေ..။
"ထည့်ပေးမယ်နော်…အကို.."
"ရတယ်.."
"ညီမ ကို စိတ်ဆိုးနေတာလားဟင်…အကိုစေတနာကို နားလည်ပေမဲ့  ညီမ ဘ၀က.."
"မဟုတ်တာပဲ…မင်းဘ၀ကို မင်းက ပိုသိတာပေါ့…"
"ဟုတ်…ညီမ ထိုင်မယ်နော်..၀န်ထမ်း ငယ်ငယ်လေးတွေ ထားတာကို ဆရာကတော်က မကြိုက်လို့ပါ…'
"……….."
ဇော်မောင် ခေါင်းညိတ်လိုက်တော့  ရှေ့ခုံမှာ ခပ်စောင်းစောင်း ၀င်ထိုင်သည်။
"ဒါဒီ…အဲဒါ သောက်မယ်.."
"ဟေ့ကောင်..အဲဒါ အရက်ကွ…"
"နည်းနည်း သောက်မယ်..ဒါဒီလည်း သောက်တာပဲ.."
"ဟုတ်တယ်လေ..နင်သောက်မှတော့ ကလေးလည်း သောက်ပြီပေါ့.."
"ဟာကွာ..မသောက်တော့ဘူး..ဒါ မကောင်းဘူး."
"ဒါဒီက မကောင်းတာ သောက်တာ…သောက်မယ်…သောက်မယ်.."
"ကျစ်..ဖျော်ရည်သောက်..ဒါဒီ ထည့်ပေးမယ်.."
"အာ့ဆို အရက်နဲ့ရောပေး.."
"ဟာ..ဒီကောင်.."
ဇော်မောင် ကြားနေရတဲ့ အသံတွေကြောင့် ရယ်မိသွားသည်။
"အကို က  ကလေး ချစ်လား.."
"အင်း.."
"အကို နဲ့ မိန်းမ က အ၇မ်းချစ်ကြတာဆိုတော့ သားသမီးတွေနဲ့ ပျော်စရာ ကြီးနေမှာနော်.."
"အကိုတို့မှာ ကလေး မရှိဘူး.."
'သြော်.."
"………"
"ဘာလို့ ကလေးမမွေးတာလဲဟင်.."
ဇော်မောင် တစ်ချက်ကြည့်လိုက်တော့မှ ကောင်မလေးက တောင်းပန်သည့် မျက်၀န်းများဖြင့်
"ဆောရီး အကို…မမေးသင့်တာ မေးမိသွားတယ်..ညမက အကိုတို့မိသားစုနဲ့ဆို ပျော်ဖို့ကောင်းမယ်ထင်လို့ပါ..ဆောရီးနော်…သူဌေးနဲ့ မတိုင်ပါနဲ့နော်.."
မျက်ရည်ဝေ့လာတော့ ဇော်မောင် ဘာမှ မဖြစ်သလို  လက်ကာပြလိုက်ရသည်။
"မတိုင်ပါဘူးကွာ…အင်း…ဘယ်လို ပြောရမလဲ…ကလေးချစ်ပေမဲ့လည်း မရရင် မယူဘူးပေါ့…"
"………."
"အကို နောက်တစ်ခါ ဒီကို လာရင် အကို့မိန်းမကိုလည်း ခေါ်လာပါလားဟင်…အရမ်းချစ်ခံရတဲ့ အမကို အပြင်မှာလည်း တွေ့ဖူးချင်လို့ပါ.."
"အဟား..ဒါတော့ မဖြစ်ဘူး…အခုတောင် မိန်းမ သူငယ်ချင်း လာလို့ ဒီမှာ လာပုန်းနေရတာလေ…အကို က မယကကွ..'
"အဟီး…မိန်းမကို ချစ်တာပါ…သိသာတယ်…"
'ဟလား…ကျစ်…ဘာလို့ ဒီလောက် ပူနေတာလဲ..မသိဘူး…"
ဇော်မောင့် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကအထူးအဆန်းကြီး ခံစားနေရတော့ မရပ်မနား လည်ပတ်နေတဲ့ ပန်ကာ ကို မော့ကြည့်မိသည်။
ပန်ကာရဲ့ ဆေးရောင်က အစိမ်းလိုလို အဝါလိုလို..။
ချွေးတွေ ထွက်ပြီး စိတ်တွေ လှုပ်ရှားကာ ရင်ခုန်နေသည်။
"ဘာ…ဘာဖြစ်တာလဲ…အကို.."
"မသိဘူး…မူးသလိုလိုနဲ့…ပူလောင်ပြီး…ဟင်း.."
ရှေ့ကို ရောက်လာတဲ့ ကောင်မလေး က မျက်နှာပေါ်က ချွေးတွေကို သုတ်ပေးနေသည်။
ဇော်မောင် စိတ်ထိန်းနေပေမဲ့ လက်တွေက အလိုအလျောက် သူ့လက်မောင်းကို ဆုပ်ကိုင်မိသည်။
"အို…အကို…"
"ဘာ….ဘာလုပ်တာလဲ…."
"…………"
"မောင်…မောင်…ချစ်ချင်တယ်…ငုဝါရယ်.... ပိတ်လိုက်စမ်းပါ…လာစမ်းပါ…"
"အကို…"
"လက်တွေ ငြိမ်ငြိမ်နေစမ်းပါ…မင်း လက်တွေကို မလှုပ်နဲ့…"
"…………."
"…………."
"…………"
ဇော်မောင် သက်ပြင်း တစ်ချက် ချပြီး ဘာလုပ်ရမှန်း ဘာပြောရမှန်းလည်း မသိတော့ပါ..။
"ငါဖုန်းဆက်ထားတယ်..မင်း သူငယ်ချင်းတွေနဲ့တွေ့နေလို့ နောက်ကျမယ်လို့..မင်း ပြန်လို့ အဆင်ပြေပါ့မလား.."
"…………"
ငုဝါကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလဲ တွေးမိရုံဖြင့် ရင်တွေဆောင့်ခုန်သွားသည်။
"ကျစ်…ငါက မင်း အရင်လို ချက်ချင်းပြန်မယ်လို့ တွက်ပြီး ဆေးထည့်လိုက်တာ…ဟိုကောင်မလေး ကလည်း အခန်းထဲမှာ ထိုင်စကားပြောနေမယ်လို့ မထင်ဘူးကွာ…ဆောရီး…"
"……….."
"ဘာပဲ ဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုပေါ့ကွာ…ငုဝါကလည်း နားလည်တက်ပါတယ်…"
"ကျစ်…ငါကွာ….ငုဝါ မဟုတ်မှန်း သိရဲ့သားနဲ့ မထိန်းချုပ် နိုင်ဘူးဖြစ်သွားတယ်…ဟိုကောင်မလေးကော…"
"ဆေးကြောင့်ဖြစ်တာပါကွာ…ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့…သူကလည်း ကိစ္စ မရှိပါဘူး..ငါ ပိုက်ဆံနဲ့ ရှင်းလိုက်လို့ရတယ်.."
"ဟင်း.."
"ဘာလဲ…အိမ်မပြန်ရဲတော့လို့လား..ဒီမှာ အိပ်လေ…"
"ပြန်ရမယ်…ဟင်း….ငုဝါကို ပြောဖို့တော့ တော်တော်လေး ကြိုးစားရဦးမယ်…ပြန်မယ်ကွာ.."
"အေး.."
ဇော်မောင့် အတွက်တော့ အိမ်ပြန်ဖို့ ခြောက်ခြားရတဲ့ ပထမဆုံး ညပင်..။

စံပြWhere stories live. Discover now