Part 3

481 40 0
                                    

စံပြ
အပိုင်း(၃)
06010518
"အဓိပ္ပာယ် မရှိတာ..မိန်းမရယ်…"
မောင့်မျက်နှာက နားမလည်နိုင်ခြင်းတွေ ပြည့်နှက်နေသည်။
ငုဝါ ကိုယ်တိုင်ကလည်း ရင်တွေ ခုန်နေသည်။
"ဟုတ်တယ်…မ…မသွားချင်ဘူး..ငုဝါကြောင့် ဖြစ်နေတာ သေချာပါတယ်..မောင်ရယ်…ဒီတိုင်းလေးပဲ မျှော်လင့်နေပါရစေနော်…အင့်…"
ငုဝါ မျက်ရည်ကျလာတော့ မောင်က ချက်ချင်း မျက်နှာပြောင်းသွားပြီး ပခုံးကို ဆွဲ၍ ရင်ခွင်ထဲ ထည့်ကာ ဖက်ထားသည်။
"ဟင်း…ဆေးသုံးတာ များသွားလို့ နေမှာပါ…အားဆေး ပြန်သောက်ရမယ်…သိပ်မစိုးရိမ်ပါနဲ့.."
"………."
ငုဝါတို့ ကြိုးစားနေတာ တစ်နှစ်ကျော်ပြီမို့ မောင်က စစ်ဆေးဖို့ ပြောလာသည်။
တားဆေးတွေ ဆက်တိုက် သုံးခဲ့တာမို့ ကိုယ်၀န်ရဖို့တောင် လွယ်ပါ့တော့မလား မသိတော့ပါ..။
သူငယ်ချင်းတွေ အကုန်လုံး သားသမီး တစ်ယောက်လောက်တော့ ရနေပြီမို့ ငုဝါလည်း လိုချင်လာသည်။
မောင့်အတွက် ရင်သွေးတစ်ယောက် မွေးပေးချင်သည်။
အမျိုးမျိုးကြိုးစားခဲ့သော်လည်း အဖြေက မထူးမခြားနားပင်..။
ကလေးမရနိုင်တော့ဘူးဆိုတဲ့အဖြေမျိုး ထွက်လာမှာ သေလောက်အောင် ကြောက်ရပါသည်။
"မငိုနဲ့တော့…လာ…မောင်တို့ အပြင်သွားမယ်…တစ်ခုခု သွားစားမယ်.."
ငုဝါ ခေါင်းညိတ်လိုက်တော့ မောင်က ပိုက်ဆံအိတ်ကို အဆင်သင့်ယူပြီး ဆံပင်ကိုလည်း စုသိမ်းကာ ချည်ပေးသည်။
မောင် အရမ်းချစ်နေတာ သိတော့ ငုဝါမှာ ပို၍ပင် အားနာရပါသည်။
လက်ထပ်ပြီးကတည်းက ကလေးယူလိုက်ရင် ခုလောက်ဆို တော်တော်လေး ကြီးနေပါပြီ..။
ငုဝါတို့ မုန့်စားနေချိန် နန္ဒာလည်း ရောက်လာတော့ အတော်ပင် ဖြစ်သွားသည်။
မောင်က ဆိုင်ကို ခဏပြန်သွားတော့ စကားပြောလို့ အဆင်ပြေသည်။
"နန္ဒာ…နင့်သားကို ကိုယ်၀န်ဆောင်တော့ ဘာထူးခြားလဲ.."
"ဟင်..ဘာမှ မထူးခြားပါဘူး.."
"မဟုတ်ဘူးလေ…ဟိုဟာ…အားဆေးတွေ ဘာတွေ သောက်ရလား..အဲဒါမေးတာ.."
"အင်း..သောက်ရတယ်..ဘာလို့လဲ.."
"ငါ ကလေးလိုချင်လို့ဟာ…ဆေးဖြတ်ထားတာလည်း ကြာနေပြီ..ခုထိ မထူးခြားသေးဘူး."
"အိုး..အဲဒါ ငါ့ကို မပြောဘူး…"
"သိဘူးလေ…စောင့်ကြည့်ရင်း ကြာသွားတာပဲ..တစ်နှစ်လောက် ရှိပြီ…"
"အမလေး…ခုခေတ်ကြီးမှာ နင်က အဲ့လောက်ကြာကြီး စောင့်ကြည့်နေတယ်…ဒုက္ခပါပဲ…နောက်နေ့ ဆေးရုံလာခဲ့ဟာ…နက်ဖြန်လာနော်..နက်ဖြန်…"
"အေးပါ..လာပါ့မယ်…"
"လွယ်လွယ်လေးကို ခက်နေတယ်..ဟာမ…ဒါကြောင့် အပူသည်မလေး ဖြစ်နေတာကိုး..နင်က အပူသည် လုပ်ချင်လို့ အပူသည်ရုပ်ဖြစ်နေတာပဲနော်..ဟား..ဟား.."
နန္ဒာကို ခပ်တိုးတိုးဆဲလိုက်ပြီး  မောင်မှာပေးခဲ့တဲ့ ထမင်းပေါင်းကို ခပ်စားလိုက်သည်။
ဟင်း..ခုမှပဲ စားရတာ အရသာ ပြန်တွေ့ပါတော့သည်။
.
"ဟေ့…ခိုင်၀င်း…ငါ ဒီမှာ.."
"သြော်…အေး.."
ဇော်မောင် ထိုင်နေရာက လက်ပြလိုက်တော့  အနားကို လျှောက်လာသည်။
ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီးတော့ ခွက်ကိုသာ စကိုင်တော့သည်။
အိမ်မှာ ငုဝါ တစ်ယောက်တည်းမို့ ဇော်မောင် ကြာကြာ မနေချင်ပါ..။
"ဒီမှာ…ငါ ချိန်းထားတာ ရှိသေးလို့ အချိန်မရလို့ကွာ.."
"အေးပါ…ငါ နားလည်ပါတယ်…ဒါနဲ့ ငါ ခုလို ချေးတာကို ငုဝါ မသိစေနဲ့နော်.."
"ဟင်.."
ခိုင်၀င်းက အထူးအဆန်းပြောတော့  ဇော်မောင် တစ်ချက် တွေသွားသည်။
"သူ က ငါ့ကို မုန်းနေတာကွ.."
"မုန်းတာတော့ မဟုတ်ပါဘူးကွာ.."
"ငါနဲ့ အဆက်အဆံ မလုပ်ဖို့ ပြောတယ်မလား…ငါနဲ့ပေါင်းလည်း မင်းလို ကိုယ်ကျင့်တရားကောင်းတဲ့ ယောက်ျားက ဘာများ ပြောင်းလဲမှာ မို့လို့လဲ…ဒါက ဗီဇ နဲ့ ဆိုင်တာလေ…ငါက ဗီဇကိုကတည်းက မကောင်းတာကွ.."
ဇော်မောင် အားနာစွာဖြင့်ပင်
"သူက မြတ်နိုး ကို မင်းရိုက်တာ သိပြီး စိတ်ဆိုးနေတာပါကွာ…စိတ်ထဲ မထားပါနဲ့.."
"အေးပါ..ငါ နားလည်ပါတယ်…မြတ်နိုးကို ငါနဲ့တောင် ကွာခိုင်းနေတာ…"
"စိတ်တိုနေတုန်းမို့ပါကွာ.."
"ဟုတ်မှာပေါ့…ငါကလည်း လူကောင်းမှ မဟုတ်တာ…ထားပါတော့…ဒီပိုက်ဆံတော့ သေချာ ပြန်ဆပ်မှာပါ…အတိုးလည်း ပေးပါ့မယ်..မင်း ကျေးဇူးမမေ့ပါဘူး.."
"မလိုပါဘူးကွာ…ငါသွားပြီ…ညမနက်နဲ့ဦး…"
"အေးပါ.."
သိန်းရာချီပြီး ယူတုန်းကတောင် ဒီလို မပြောပါဘူး..။
ဒီကောင် ထူးဆန်းနေလိုက်တာ..။
ဖြစ်သမျှ အကြောင်းတွေကို ငုဝါက ဇေ်ာမောင့်ကို ပြန်ပြောပြသလိုပဲ မြတ်နိုးကလည်း ခိုင်၀င်းကို ပြန်တိုင်တယ် ထင်ပါရဲ့..။
မိန်းမတွေများ ရှုပ်လိုက်တာ…။
ဇော်မောင် ကားကို လက်တစ်ဖက်တည်းဖြင့် ကျင်လည်စွာ မောင်းရင်း လမ်းဘေးမှာ ရောင်းနေတဲ့ မုန့်ဆိုင်လေးကို တွေ့တော့ အရှိန်လျော့လိုက်သည်။
ငုဝါ အတွက် အသုပ်စုံ တစ်ပွဲနဲ့ ရခိုင်မုန့်တီ တစ်ပွဲ ထပ်၀ယ်လိုက်သည်။
အိမ်ကို ပြန်ရောက်တော့ မိန်းမက စူပုတ်ပုတ်ဖြင့် အိမ်တံခါး ဖွင့်ပေးသည်။
"ဘာလို့ နောက်ကျနေတာလဲ မောင်.."
"သူငယ်ချင်း တစ်ယောက်နဲ့ တွေ့လို့ နှုတ်ဆက်နေရတာ.."
"ဘယ်သူငယ်ချင်းလဲ.."
"ဟို…ဟိုကောင်လေ…မိုးကျော်စိုး.."
"………."
ဆရာမလေးက မျက်ခုံးတွန့်ပြီး သေချာ စဉ်းစားနေသေးသည်။
ဇော်မောင် အလိမ်တွေ ပေါ်သွားမှာ စိုးလို့ လက်ထဲကို မုန့်ထုတ်တွေ ကပျာကယာ ထိုးထည့်ပေးလိုက်ရသည်။
"ဟာ..ဒါတွေ ၀ယ်လာတာလား..မောင်ပြောတော့ အဲဒါတွေ စပ်တယ် မစားရဘူးဆို.."
"တစ်ခါတလေ တော့ စားပါ…မောင့်မိန်းမကို သနားလို့နော်.."
"အဟွင်း..ဟုတ်ကဲ့ပါ…ကျေးဇူးတင်ပါတယ်နော်…မောင့်အတွက် ထမင်းပြင်ထားလိုက်မယ်နော်…ဒေါ်ကြီးက ဒီနေ့ မောင်ကြိုက်တဲ့ ဟင်းတွေချည်းချက်ပေးသွားတာ..မြန်မြန် လာနော်..ငုဝါ လည်း ဆာနေပြီ.."
"အင်းပါ.."
ဇော်မောင် အခန်းထဲကို အပြေးအလွှား ၀င်လာခဲ့ပြီး ရေချိုးဖို့ ပြင်ဆင်ရသည်။
ရေချိုးပြီးလို့ အမှိုက်ခြင်းထဲ အမှတ်တမဲ့ အကြည့်ရောက်သွားချိန် ရင်ခုန်ရသည်။
ကိုယ်၀န်စစ်ဆေးတဲ့ ကော်ချောင်းလေးက မျဉ်းတစ်တန်းထဲကို ပြနေသည်။
ဒါဆို ဒီနေ့ ငိုထားပြီးပြီပေါ့လေ..။
အရင်လတွေတုန်းက ကိုယ်၀န်ရှိမရှိ စစ်ဖို့ဆိုရင် ဇော်မောင့်ကိုပါ အနားခေါ်ထားပြီး ရင်ခုန်နေတက်သည်။
ခုတော့ သူတစ်ယောက်တည်း ခံစားနေတာ သိလိုက်တော့ စိတ်မကောင်း ဖြစ်ရပြန်သည်။
သားသမီး အရမ်း လိုချင်ပေမဲ့လည်း ငုဝါ ကို စိတ်မဆင်းရဲစေချင်ပါ..။
မလိုချင်ပါဘူးလို့ လိမ်လိုက်ရင်လည်း ငုဝါက ပိုပြီး စိတ်မကောင်းဖြစ်ဦးမည်။
ဇော်မောင် ဘာမှ မဖြစ်သလိုပုံစံဖြင့် ထမင်းစားခန်းကို ၀င်ခဲ့လိုက်သည်။
"မိန်းမ စောင့်နေတာလား.."
"အွင်း.."
"မုန့်တီ အရင်သောက်နေတာလား..စပ်နေပြီမလား.."
"အွင်း.."
မျက်ရည်တွေကို သုတ်ပြီး နှာခေါင်းကိုလည်း ပွတ်နေတော့ ဇော်မောင့်ရှေ့က မလျော့သေးတဲ့ မုန့်တီ ပန်းကန်ကို နေရာရွေ့လိုက်သည်။
"တော်ပြီ…အင့်…ရေနည်းနည်း သောက်လိုက်…တော်တော် ဆိုးတဲ့ မိန်းမပဲ နည်းနည်းလေး အလိုလိုက်တာနဲ့ စကားနားမထောင်ချင်တော့ဘူး.."
"မောင်က အလိုလိုက်နေတော့ငိုချင်တာ…သိရဲ့လား.."
ကလေး တစ်ယောက်လို ငိုတော့ ဇော်မောင် ထသွားပြီး ခေါင်းလေးကို ပွေ့ဖက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်ရတော့သည်။
"အီး…"
"ဘာလို့ တစ်ယောက်တည်း ခံစားနေရတာလဲ…မိန်းမရယ်…မိန်းမ ပြောတော့ မောင်တို့ က လင်မယား နစ်ယောက်ပေါင်းမှ တစ်ဘ၀ ဆို…"
"အင့်…မောင့်အတွက် ကလေး မွေးမပေးနိုင်ရင်…ဘယ်လို လုပ်မလဲဟင်.."
"မဟုတ်တာကွာ..စောင့်ကြည့်ပါဦး…သူများတွေဆို တစ်သက်လုံး ကလေး မရဘူး ထင်ပေမဲ့ အသက်ကြီးမှ ရချင်ရတာပဲဟာ..စိတ်ရှင်းသွားအောင် ဆေးခန်းပြမယ်ဆိုတော့လည်း မိန်းမက လက်မခံဘူး.."
"ငုဝါ ကြောက်လို့ပါ.."
"ကဲ…တိတ်တော့…အဲ့ကိစ္စ ခေါင်းထဲက ထုတ်ထား…တော်ကြာ ဒင်းလေးတို့ ေ၇ာက်လာရင် ခုလို နေနိုင်မယ်ထင်လား..ထမင်းစားချိန်တောင် ရမှာ မဟုတ်ဘူး… မန်းမန်းတွေ အိးအီးတွေနဲ့ သူတွေနဲ့ချည်း တိုင်ပတ်နေမှာကွ…ပါးပါးနဲ့ မားမား ခုလို ရိုမန့်လုပ်ချိန်တောင် မရတော့ဘူး..သိရဲ့လား.. "
"အဟင်း…လွှတ်…နှပ်တွေ ပေကုန်လိမ့်မယ်..မျက်နှာသစ်မို့…"
"လာ..မောင် သစ်ပေးမယ်.."
"အား..နေပါစေ…"
ဇော်မောင့် ရင်ဘတ်ကို ထုပြီး ထသွားတော့ မှ သက်ပြင်းခိုးချမိသည်။
ကလေးလေးတွေ လိုချင်တာပေါ့..။
ဒါပေမဲ့လည်း မလိုချင်ပါဘူးလေ..။
.
"ဘယ်လို…လက်မောင်းမှာ ပစ္စည်းထည့်လိုက်တယ်..ဟလား.."
"ဟုတ်တယ်.."
"ဘာလို့လဲ…ငုဝါရဲ့.."
ဇော်မောင် နားမလည်ခြင်း များစွာဖြင့် မျက်လုံးပြူးရင်း မေးလိုက်ပေမဲ့ သူကတော့ အလုပ်မပျက်..။
"မောင်မေးနေတယ်လေ…"
"စိတ်သောက ဖြစ်နေရတာ ပင်ပန်းလို့…တစ်လ တစ်လ အရမ်းပင်ပန်းလို့ သိရဲ့လား.."
စားပွဲကို လက်သီးနဲ့ ထုပြီး ပြောကာ ခေါင်းမှောက်ငိုနေတော့မှ စိတ်ကို လျော့ချလိုက်ရတော့သည်။
တကယ်ဆို တိုင်ပင်သင့်တာပဲလေ.။
ဘာမဆို တိုင်ပင်ပြီးမှ လုပ်ကြမယ်ဆိုပေမဲ့ ခုတော့ ဇော်မောင် ဘာမှ မသိလိုက်ရပါ..။
နန္ဒာတို့ ဆေးရုံမှာ လိုအပ်တာ စစ်ဆေးပြီး အဆင်ပြေမယ်လို့ ထင်ထားတာပဲ..။
ခုတော့  …။
"မငိုပါနဲ့…လာ…မောင်တို့ တစ်နေရာသွားရအောင်..ဒီမှာ ၀န်ထမ်းတွေလည်း ရှိနေတယ်.."
မျက်ရည်ကို ပွတ်ဆွဲသုတ်ပြီိး ထ တော့ ပခုံးကို ဖိကာ ပြန်ထိုင်ခိုင်းလိုက်ရသည်။
ပိုက်ဆံအိတ်ထဲက ပေါင်ဒါဘူးကို ထုတ်ပြီး ပါးပေါ်ကို တင်ပေးတော့ တစ်ချက်၇ှိုက်ရင်း လှမ်းယူသည်။
ဆံပင်လေးတွေကို သပ်ပေးပြီး ငေးကြည့်နေရင်း ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရပါသည်။
ကိုယ်၀န်ဆောင်ဖို့ ခက်ခဲနေတာ သေချာသွားလို့ ထင်ပါရဲ့..။
ကလေး ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထပ်မမေးတော့ဖို့ပဲ ဆုံးဖြတ်ိလိုက်တော့သည်။
"မောင်…"
"ဟင်.."
ကားမောင်းနေချိန် ပထမဆုံး ထွက်လာတဲ့ စကားမို့  အာရုံစိုက်ကာ လှည့်ကြည့်ရင်း ထူးလိုက်သည်။
"ငုဝါ က ကလေး မမွေးနိုင်ဘူးဆို…မောင် ကွာရှင်းမှာလားဟင်."
'ဘာ…"
ဇော်မောင့် နားထဲ ပြည့်လျှံသွားတဲ့ ကြောက်စရာ စကားလုံးကြောင့် အံသြရင်း ကားကလည်း လမ်းဘေး ကပ်ရပ်လိုက်သည်။
"ဘာပြောလိုက်တာလဲ…ငုဝါ.."
"မောင့်အတွက် ရင်သွေး မမွေးပေးနိုင်ရင်…ကွာ…အင့်…ကွာ…"
"တော်စမ်း…နောက်တစ်ခါ ထပ်ပြောကြည့်…မောင် ဒီတိုင်း နေမှာ မဟုတ်ဘူးနော်…"
"မောင်ရယ်…ဘယ်လိုလုပ်မလဲ…"
"မောင် ပြောသားပဲ…အလျင်မလိုပါဘူးလို့..ကလေးမွေးပြီး နှစ်ရှည်စီမံကိန်းနဲ့ ခိုင်းစားဖို့မှ မဟုတ်တာပဲ…ဘယ်အချိန် မွေးမွေးပေါ့ကွာ…ဘာလို့ အဲလောက် ခေါင်းထဲ ထည့်နေရတာလဲ…ငုဝါ ဒီတစ်လ အတွင်း ၅ပေါင် ကျသွားတာ သိလား..အစားအသောက်မမှန် အိပ်ရေးပျက်နေတာကော သိရဲ့လား…ဂျင်မသွားတာကော ရှော့ပင်းမထွက်တာကော ဘယ်လောက်ကြာနေပြီလဲ…မနက်ဖြန် မွေးနေ့ ဆိုတာလည်း မေ့နေတယ်မလား.."
"မောင့်မွေးနေ့.."
"ဟွန့်…ပြောမှ…"
"ဒါပေမဲ့..မောင်ရယ်…စောနက မောင်စိတ်ဆိုးနေတယ်လေ.."
"စိတ်ဆိုးတာက မောင့်ကို မပြောပဲ ကိုယ့်သဘောနဲ့ ကိုယ် တစ်ယောက်တည်း ဆေးရုံသွားလို့…ဖုန်းဆက်လိုက်ပါလား..မောင်လာမှာပေါ့ မိန်းမရယ်.. .."
"မောင်ကလေ…အင့်…အဲဒါကြောင့် ပိုပြီး အားနာရတာ…အင့်.."
"သြော်…ချော့ကာမှ ပိုဆိုးပြီ.."
"တီ…တီ…"
"ဟယ်..မောင်းလေ…'
"မိန်းမ က မျက်ရည်ကျနေတာ.."
"တော်ပြီ..သုတ်လိုက်ပြီ..မောင်းလို့ဆို..ဆဲကုန်ပြီ.."
ဇော်မောင် ကားကို ပြန်လှည့်လိုက်တော့မှ မျက်စောင်းလေးဖြင့် ပြုံးသွားသည်။
မောင် ဘယ်လောက်ချစ်ရသလဲ မိန်းမ သေချာ မသိပါဘူးလေ…။
.
'ဇော်မောင်.."
"အေး…လာ….မြတ်နိုးနဲ့ ကလေးတွေကော.."
"နယ်က သူ့အမေအိမ်မှာလေကွာ..ကဲ သူငယ်ချင်း မင်းက အတိုးမယူဘူးဆိုတော့ တစ်ဝိုင်းတော့ ဧည့်ခံပါရစေကွာ..မင်းက ငါ့ကျေးဇူးရှင်ကြီးပါ..'
"အေးလေ..မင်းပြေလည်နေတာ တွေ့ရတော့ ၀မ်းသာတယ်ကွာ…အရင်လို  ကော မိန်းမ နိုင်သေးလား.."
"ဟား..ဟား..ငုဝါ ကျေးဇူးကြောင့် မနိုင်ရဲတော့ပါဘူးကွာ…နောက်ပြီး ငါ့မိန်းမက ကိုယ်၀န်နဲ့ဆိုတော့ ချော့ပေါင်းနေရတယ်.."
"ဟမ်…နောက်တစ်ဗိုက်လား…အငယ်လေးတောင် သုံးနှစ်မပြည့်သေးဘူးမလား.."
"ဟုတ်တယ်…ငါသူ့ကို ဆေးမသုံးခိုင်းဘူးလေ..သားသမီး များတော့ ကောင်းတာပေါ့ကွာ..ခုက မိန်းကလေးကွ..နောက်တစ်ယောက် ထပ်ယူရဦးမယ်..ဒါမှ သားနှစ်ယောက်  သမီး နှစ်ယောက် အဆင်ပြေမှာ…ဟား.ဟား.."
"လောဘကြီးလိုက်တာကွာ..မြတ်နိုး နားရပါ့မလား.."
"သူတို့က လာဘ်ကောင်လေးတွေကွ…ခုတစ်ယောက်ဆို ကိုယ်၀န်ရှိကတည်းက အလုပ်အကိုင်တွေ အဆင်ပြေတော့တာပဲ…မင်းတို့ကော..ကလေး မယူသေးဘူးလား..တို့ထက် အရင်လက်ထပ်ပြီး ကဲလို့ မဝသေးလို့လားကွာ…"
ဇော်မောင် ပြုံး၍ ပခုံးတွန့်ပြလိုက်ကာ ရေခဲခွက်ကို အနားဆွဲယူလိုက်သည်။
"ဘာလဲ..လုပ်ငန်းတွေ တိုးချဲ့ဦးမလို့လား..မိသားစုအတွက်လည်း အချိန်ပေးကြပါဦးဟ.."
"အေးပါ…ငါသိပါတယ်…မင်း မိန်းမကတော့ ဆေးမသုံးထားလို့နေမှာပေါ့..လွယ်တယ်လေ….ငုဝါကျတော့ကွာ…ငါတို့ ဆယ်နှစ်လောက်ကွာ..အမျိုးမျိုး တားဆီးထားမိတော့ လာမဲ့ကလေး က စိတ်ကောက်သွားတယ် ထင်ပါရဲ့..ခုတော့ ကိုယ်က ပြန်မျှော်နေရတယ်လေ..ဟား..ဟား..'
"အာ…ဒါများ..ဆေးတွေ ဘာတွေ သောက်ရင် ရမှာပါကွ…အားမလျော့နဲ့ သူငယ်ချင်း..မင်းက အလတ်ကြီး ရှိပါသေးတယ်ကွ..ဟား..ဟား..မင်းတို့က အလုပ်ချည်းပဲ ဖိလုပ်နေတာကိုးကွ…ခရီးလေး ဘာလေးထွက် လွတ်လွတ်လပ်လပ်နေ….ငါတို့ကိုပဲ ကြည့်လေ…ဒီမှာ လင်မယား အဆင်မပြေ ရန်တွေဖြစ်…ယောက္ခမ အိမ်တက်နေတော့မှပဲ ထီဆုထပ်ပေါက်တာကွ…ဟား.ဟား.."
ဇော်မောင်လည်း အလိုက်သင့်လိုက်ရယ်နေရပေမဲ့ စိတ်ထဲမှာတော့ ကလေးသုံးယောက်နဲ့ ပျော်နေမဲ့ ခိုင်၀င်း မျက်နှာကို မြင်ယောင်မိသည်။
ခုတော့လည်း လူပေ တစ်ယောက်လို မဟုတ်တော့ပဲ တကယ့်အိမ်ထောင်ဦးစီးပုံစံပြောင်းသွားခဲ့ပြီလေ..။
အလုပ်ကိုလည်း ကြိုးစားနေသလို နယ်မှာ ကေတီဗီ နဲ့ အရက်ဆိုင် တွဲဖွင့်ရင်း ၀င်ငွေကောင်းလာခဲ့သည်။
အလုပ်ကောင်းမဟုတ်ပေမဲ့ စီးပွားရေးတော့ အဆင်ပြေသွားကြပြီ..။
ခုလည်း ဒီမှာ ဘားတစ်ခု ဖွင့်ဖို့တောင် စီစဉ်နေပြီ..။
သူတို့တွေ အဆင်ပြေသွားတာ ၀မ်းသာရပေမဲ့ ကိုယ့်ကိစ္စကတော့ အဆင်မပြေသေး..။
စိတ်ထဲ သိပ်မထားပေမဲ့လို့ တစ်ခါတလေတော့လည်း မိသားစုဘဝလေးတောင့်တမိသည်။
"မင်းတို့က မြို့ကြီးမှာနေတာပဲ နိုင်ငံခြားလည်း ထွက်နေတာပဲကွာ..ဆေးတွေ ဘာတွေ စစ်ကြည့်ပါလား…"
"အင်း..သေချာစစ်ဖို့ကျတော့ကွာ…အဖြေသိရင် သူ စိတ်မကောင်းမှာ စိုးရိမ်နေတာ…သားသမီး လိုချင်ပေမဲ့…ငါ့မိန်းမ စိတ်ဆင်းရဲမယ်ဆို မယူချင်တော့ပါဘူးကွာ…"
"ဟား..မင်း က အဲဒါကြောင့် လူတကာ အားကျတဲ့ ယောက်ျားဖြစ်နေတာပေါ့ကွာ…ငုဝါ သိပ်ကံကောင်းတဲ့ မိန်းမပါပဲ…မြတ်နိုးတို့ အားကျတာ မဆန်းပါဘူး.."
"ငါက မိန်းမကို အရမ်းချစ်တာကိုးကွ.."
"ငါတို့က မင်းတို့ အိမ်ထောင်ရေးကို အရမ်း အားကျနေတာနော်…မလျော့နဲ့..ချ…ဟား..ဟား…"
ဇော်မောင် ပခုံးတွန့်ပြီး တစ်ခွက်သောက်တော့ ခိုင်၀င်းက ရယ်နေသည်။
အိမ်ကို ပြန်ရောက်တော့ ခိုင်၀င်း ပိုက်ဆံဆပ်တဲ့ အကြောင်းပြောမိပေမဲ့ မြတ်နိုးကိုယ်၀န်ရှိနေတဲ့အကြောင်းတော့ မပြောဖြစ်ခဲ့ပါ..။
လျှိုဝှက်ချက် တစ်ခု ထားမိသလို ဖြဖ်သွားတော့ ဇော်မောင် စိတ်မသက်သာစွာဖြင့် သက်ပြင်းချမိသည်။
ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ ချစ်ရသူလေးကို ထွေးပိုက်ဖက်ထားလိုက်တော့ မျက်မှန်လေးချွတ်ကာ မော့ကြည့်၍ ပြုံးပြသည်။
မောင် သိပ်ချစ်ရတဲ့ မောင့် အချစ်ရယ်..။
.
"မိန်းမ…မပြီးသေးဘူးလား.."
"ပြီးပါပြီ.."
ငုဝါရှေ့က မှန်မှာ ပေါ်နေတဲ့ ပုံ၇ိပ်ကို ငေးကြည့်နေရင်းက အသိ၀င်လာကာ နှုတ်ခမ်းနီကို အရောင်ထပ်တင်လိုက်မိသိည်။
"ဝိုး…အမိုက်စားပဲကွ.."
မောင်က အပြုံးလေးဖြင့် မျက်နှာကို သေချာ အကဲခတ်နေတော့ ရှက်ပြုံးဖြင့် တုန့်ပြန်လိုက်ကာ လက်မောင်းကို တစ်ချက်ကိုင်လိုက်သည်။
"မောင်…ဘောင်းဘီ လဲ၀တ်လေ.."
"ပုဆိုးနဲ့ မသွားရဘူးလား.."
"ငုဝါက အရမ်းပြင်ထားသလို ဖြစ်နေတယ်.."
"သြော်…အင်း…"
ငုဝါ အသင့်ထုတ်ထားတဲ့ ဘောင်းဘီကို လှမ်းပေးလိုက်ကာ ပိုက်ဆံအိတ် လေးကို ဘေးတစ်စောင်းလွယ်လိုက်သည်။
အသက်အရွယ်နဲ့ မသင့်တော်ပေမဲ့ အပြင်အဆင်အရတော့ လိုက်ဖက်ပါသည်။
"မောင်တို့က ကလပ်က ပြန်လာတဲ့ ပုံဖြစ်နေပြီနော်…ဟီး.."
"အဟွင်း.."
ငုဝါ ရင်ခုန်နေပါသည်။
မြတ်နိုးနဲ့ မတွေ့ဖြစ်တာ နှစ်နှစ်ကျော်ခဲ့ပြီ..။
သူ့သမီးလေး မွေးပြီးမှ နယ်က ပြန်လာကြသည်မို့ မောင်က သွားတွေ့သင့်သည်လို့ ပြောသည်။
စေတနာကို နားမလည်တဲ့ သူငယ်ချင်းကို ခွင့်လွှတ်နိုင်ပေမဲ့လည်း..။
ကိုယ့်အားနည်းချက်ကြောင့် အပြောခံရမလားလို့ တွေးမိရင် စိတ်မောရပြန်သည်။
သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ကလေး မယူသေးဘူးလား ဆိုတဲ့ မေးခွန်းကို ရှောင်ရင်း အပေါင်းအသင်းတွေနဲ့ ကင်းကွာနေတာ ကြာပါပြီလေ။
'မောင်…မြတ်နိုးနဲ့ တွေ့ဖို့ အဆင်ပြေပါ့မလားဟင်.."
"မတွေ့တာ ကြာလို့ပါ မိန်းမရဲ့…မောင့်မိန်းမလည်း လူ၇ိုင်းမလေး ဖြစ်နေပြီ.."
မောင်က လက်ကို ကိုင်ရင်း လှေကားတွေကို တက်ကာ တစ်ဖက်ကလည်း အထုတ်တွေ ကိုင်ထားသေးသည်။
အကုန်လုံး ပြောင်းလဲကုန်ပေမဲ့ မောင်ကတော့ မပြောင်းမလဲ ဂရုစိုက်တက်တာလေးတွေ အတွက် ကျေးဇူးတင်ရပါတယ် မောင်ရယ်..။
"တင်တောင်…တင်တောင်…"
"လာပါပြီ…"
မြတ်နိုးရဲ့ အသံလေး ကြားလိုက်ချိန် မောင့်လက်မောင်းကို ပို၍ ဆုပ်ကိုင်လိုက်မိသည်။
မောင်က နားလည်သည်မို့ ငုဝါကို ကြည့်ကာ အားပေးသည့် အပြုံး ပြုံးပြသည်။
"ဟော…လာကြ…ကြည့်စမ်း..လင်မယားနှစ်ယောက် နိုက်အောက်ကြတယ်ပေါ့လေ…"
"အဟွင်း….ကလေးတွေတောင် မနည်းကြီးပြီ.."
"အမလေး..မျောက်မူးလဲတွေ ဖြစ်နေတာ ငုဝါရဲ့…နင်ကတော့ အမြဲတက်ကြွ လန်းဆန်း ဖလန်းနေတာပဲ ငါ အားကျလိုက်တာ…ငါ့မှာတော့ ကလေး သုံးယောက်နဲ့ လူရုပ်တောင် မပေါက်တော့ပါဘူးဟာ.."
မြတ်နိုးက ခပ်ညီးညီးပြောပြီး ဆိုဖာပေါ်က ကလေး ကစားစရာတွေကို အောက်ပစ်ချတော့ ငုဝါ ပြုံးပြလိုက်သည်။
အရင်အတိုင်း ရင်းရင်းနှီးနှီးမို့ တော်ပါသေးသည်။
"ငါတွေ့ပါတယ်…ဖယ်မလီပုံတွေ တင်တာ အလန်းတွေချည်းပါနော်.မိသားစုလိုက် မိမိုက်နေတာပဲ…."
"ဟား..ဟား…နင်တို့ကျတော့ အမေရိကန် စုံတွဲလား…အမြဲတမ်း နှစ်ယောက်တည်း သာယာနေတာ လေးဆယ်ကျော်မှ ကလေးမွေးဖို့များ စီစဉ်ထားလားဟေ.."
"အဟွင်း…အဲဒါလည်း ကောင်းတာပဲ…လွတ်လပ်တာပေါ့…"
"ခိုင်၀င်းကော.."
"နင်တို့စားဖို့သောက်ဖို့သွား၀ယ်ချည်ရဲ့…သောက်ဖို့ များများနေမှာပါလေ…"
မောင်ကတော့ကလေး နှစ်ယောက်နဲ့ တစ်ခဏ အတွင်း အသားကျသွားကာ အတူတူတောင် ဆော့နေပြီ..။
ဆိုဖာမှာ မြတ်နိုးနဲ့ ရောက်တက်ရာရာတွေ ပြောရင်း ကလေး နှစ်ယောက်နဲ့ မောင့်ဆီကိုတော့ ခဏခဏ အကြည့်ရောက်မိသည်။
ကလေးလေးတွေနဲ့ အပြိုင် ရယ်မောနေတဲ့ မောင်က ချစ်စရာကောင်းလိုက်တာ..။
"ဟန်နီ တောင် ကိုယ်၀န်ရှိနေပြီတဲ့…အဲ့ကောင်မ ပြောတော့ မယူသေးဘူးဆိုပြီး...."
"ဟလား…ငါလည်း သူတို့နဲ့ သိပ်မတွေ့ဖြစ်ဘူးလေ.."
"ငါတို့က မအားတာ နင်က အားတယ်လေ…အဲတော့ နင်ပဲ လာတွေ့ပေါ့ ငုဝါရဲ့.."
"ဟုတ်ပါတယ်…ကျွန်မပဲ အားနေတာ.."
"သြော်..ကလေးတွေ ကိစ္စ နဲ့ လုံးပန်းနေရတာကို ပြောတာပါဟဲ့…ဟော..နင့်တူမ နိုးပြီထင်တယ်..ခေါ်ခဲ့မယ်.."
မြတ်နိုး ထသွားတော့ ကလေးတစ်ယောက်ကို ချီပြီး အရုပ်ပြနေတဲ့ မောင်ကတော့ ဘာမှ မသိ..။
စိတ်မ၀င်စားအား..။
ငုဝါမှာသာ စိတ်မကောင်း ဖြစ်နေရသည်။
"ဟော….ကြည့်ဦး…ငုဝါရေ..နင်မမွေးပေးတာပဲ နေမယ်နော်…ဇော်မောင်ဂုတ်ပေါ်တောင် ငါ့သား ရောက်နေပြီ.."
"အဟွင်း..သူက ကလေးချစ်တာ.."
"ဟဲ့..ချစ်၇င် မွေးပေါ့ဟဲ့..မငယ်တော့ဘူး.."
'မလိုပါဘူး..မြတ်နိုးရာ…ငါက ကလေးချစ်တယ်ဆိုပေမဲ့ အချိန်တိုင်း ပင်ပန်းခံရလောက်အောင်တော့ မချစ်ပါဘူး…အရမ်းချစ်ချင်လာရင် နင်တို့အိမ်လာလည်မယ်….နင်တို့အိမ်က ကလေးများတာပဲ တစ်ယောက်ပေးပေါ့…ငါ့မိန်းမလည်း ဗိုက်မနာရတော့ဘူးပေါ့…"
"သြော်..တော်တော် တရားတာပဲနော်…သူ့မိန်းမ ကျတော့ နာမှာ စိုးသေး..ဟွန့်.."
မောင့်ရဲ့ စကားကြောင့် ငုဝါ နည်းနည်း စိတ်သက်သာသွား၍ ပြုံးမိသည်။
မြတ်နိုးရဲ့ သမီး ပေါက်စလေးကို ပွေ့ချီလိုက်ကာ သေချာ ငုံ့ကြည့်တော့ ပြုံးပြနေသည်။
ချစ်စရာကောင်းလွန်းပေမဲ့လည်း နှုတ်က ထုတ်၍ မပြောရဲ့..။
မောင်လည်း အနားမှာ ရှိနေတော့ မပြောရက်ပါဘူး..။
ခိုင်၀င်း ပြန်ရောက်လာတော့လည်း ငုဝါတို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံတော့ တချိန်တုန်းက သူငယ်ချင်း ကိုချစ်တဲ့စိတ်ကြောင့် ရန်ရှာခဲ့မိတာတောင် အားနာမိပါသည်။
ပြဿနာဆိုတာ အချိန်ကြာသွားတော့လည်း ဘာမှ မဟုတ်ပါလားနော်..။
"မောင်.."
"ဟင်.."
"ကလပ် သွားရအောင်.."
"အယ်…"
"မသွားတာ ကြာပြီလေ.."
"အင်း..ဟုတ်တာပဲ.."
မြတ်နိုးတို့ အိမ်က အပြန် ကလပ် မှာ ညနက်တဲ့အထိ နေခဲ့ကြသည်။
ပျော်နေတယ်လို့ ထင်ရပေမဲ့လည်း ရင်ထဲမှာ ဒဏ်ရာ ကိုယ်စီကို ပိုက်ထွေးလျက်ပေါ့လေ..။

စံပြWhere stories live. Discover now