Ep - 1 [U]

1.4K 72 3
                                    

အခန်း (၁)

" ဖြစ်လာပြန်ပြီလား ခေတ်ရယ် "

ရဲတွတ်နေသည့် လက်ဖမိုးနဲ့ ညာဘက်ထောင့်က အောက်မေးရိုးမှာ ပလာစတာ တစ်ခု။ ပီကေဝါးပြီး လက်ထဲက မီးခြစ်ကို ဆော့ကစားရင်း အိမ်ထဲ ဝင်လာပုံက ဘာမှ မဖြစ်ခဲ့သလို ဒီဇိုင်းမျိုး။
တူပဲ တော်စပ်တာဆိုပေမဲ့ သားတစ်ယောက်လို ထိန်းကျောင်းလာရသူမို့ ဒီကလေးကို ဒေါ်မေသော် အထိခိုက် မခံနိုင်အောင် ချစ်သည်။ ခေတ်ကို ရန်မဖြစ်ဖို့ ဖျောင်းဖျပြောဆိုလည်း မရ။ ဆူငေါက် မာန်မဲလည်း မရ။ တခေတ်သွေးက ပြန်မပြော နားမထောင်။ သူ လုပ်ချင်ရာ လုပ်သည်။

" ဒီတစ်ခေါက်လည်း ယောလ်ငယ်ကြောင့်ပဲလား "

" တီမေ့ ဖုန်းနံပါတ် ပေးခဲ့တယ်။ ဆေးဖိုးက များလိမ့်မယ်။ တောင်းသလောက် ပေးလိုက်ပါ "

" တောင်းသလောက် ပေးဖို့က ကိစ္စ မရှိဘူး။ ဒါပေမဲ့ ကြာလာရင် မင်းနာမည် ပျက်လိမ့်မယ် ခေတ်ရဲ့။ မင်းအလုပ်က စာရေးတာလေ။ နည်းနည်းပါးပါး ဆင်ခြင်ဦးမှပေါ့ ခေတ်ရဲ့ "

အမေးဝါကျ သွန်ချလိုက်ပေမဲ့ အဖြေကိုတော့ တခေတ်သွေး မပေးလည်း ဒေါ်မေသော် သိနေပြီးသား ဖြစ်သည်။ ထပ်ခါပြောနေရသော စကားတွေကိုသာ မမောနိုင် မပမ်းနိုင် ဆိုမိသည်။ ဒါပေမဲ့ သူမ သတိပေးလည်း ခေတ်က ဂရုစိုက်ခဲ့တာ မရှိ။ ရေးခဲ့သည့် ဇာတ်လမ်းထဲမှာ ဇာတ်ကောင်စရိုက်တွေ နူးညံ့ချင် နူးညံ့လိမ့်မည်။ အပြင်မှာတော့ ခေတ်က မာရေကြောရေ နိုင်လွန်း၏။

အခုလည်း မီးခြစ်စံက မီးတောက်ကို ပြန်ပိတ်ချပြီး အပေါ် တက်သွားသည်။ အလျော်ပေးဖို့ ပြောသွားတာ ပေါ့ပေါ့ပါးပါး။ သက်ပြင်းချရင်း ကျန်ခဲ့ရသူက ဒေါ်မေသော်ပဲ ဖြစ်သည်။ ခေတ်ရဲ့ ပြဿနာတွေကို နောက်က လိုက်ရှင်းပေးရလွန်း၍ မှတ်တောင် မမှတ်ထားနိုင်တော့။

တခေတ်သွေးက ဆိုးသည်။ ဒါပေမဲ့ ဆိုးနေသည့် ခေါင်းစဉ်ကလည်း အခိုင်အမာ ရှိ၏။ ယောလ်ငယ်ကို ထိပါးလာသူမှန်သမျှကို ခေတ်က လူဆိုးကောင် လုပ်ပြီး တုံ့ပြန်တတ်သည်။

သူ့ဘက်က မမှားလည်း ရှည်ရှည်ဝေးဝေး ရှင်းပြတာမျိုး မရှိ။ ပြောစရာ ရှိတာကိုသာ တိုတိုရှင်းရှင်း ပြောတတ်သည်။ ဝါသနာနဲ့ အကျင့် စရိုက်က ကွဲပြားခြားနားလွန်းသည်။

ကိုးWhere stories live. Discover now