《 Downfall with You 》

446 56 9
                                    

[Unicode]

"လာကြ .. လာကြ .. ကမ်းပေ့ !!"

စားသောက်ဆိုင်၏ သီးသန့်ခန်းအတွင်း ခွက်ချင်းတိုက်သံများနှင့်အတူ ရယ်မောသံတို့ ပြည့်လျှမ်းနေသည်။

ဆယ်ယောက်မကသော လူအုပ်စုမှာ ဘီယာအရှိန်နှင့် ပို၍ နှုတ်သွက်၊ လျှာသွက် ဖြစ်နေကြပြီး အကြောင်းအရာမျိုးစုံကို ရွှင်မြူးတက်ကြွစွာ စကား ဖလှယ်နေကြသည်။

လှုပ်ရှားသက်ဝင်နေကြသော ထိုလူစုကို ကျော်လွန်ကာ သူ့မျက်လုံးတို့က အခန်းတံခါးဆီသို့ ရောက်ရောက်သွား၏။

ထိုအခိုက် ဘေးနားမှ မိန်းကလေးသူငယ်ချင်း တစ်ယောက်က သူ့ကိုပါ စကားဝိုင်းထဲ ထည့်သွင်းလာသည်။

"အတန်းခေါင်းဆောင် .. နင် အခုထိ EY မှာပဲလား"

ငေးငိုင်နေမိရာမှ သူ လှည့်ကြည့်လိုက်တော့ အခန်းထဲရှိ လူတိုင်းနီးပါးက သူ့အဖြေကို စောင့်ဆိုင်းနေကြကြောင်း တွေ့လိုက်ရသည်။ သို့နှင့် သူလည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်ရ၏။

"အင်း .. အခုထိတော့ အဲဒီမှာပဲ"

"ငါတို့ အတန်း​ခေါင်းဆောင်က မိုက်လိုက်တာ~"

"အတန်းခေါင်းဆောင် ဘွဲ့ရပြီးတည်းက EY မှာ အလုပ်ဝင်တာဆိုတော့ အခုလောက်ဆိုရင် လစာ တော်တော် များနေလောက်ပြီမလား"

"လွန်ခဲ့တဲ့တစ်နှစ်က ဦးလေးလော်တို့ ပြန်လာတုန်းက ပြောတာကြားလိုက်တယ်။ အတန်းခေါင်းဆောင်က senior accountant ဖြစ်နေပြီတဲ့"

"ငါကြားဖူးတာတော့ EY က senior accountant တွေရဲ့ လစာက ယွမ်နှစ်သိန်း ကျော်တယ်တဲ့။ ငါ့ရဲ့ တစ်နှစ်စာ ဝင်ငွေနီးပါးပဲ"

"အိုင်း .. ငါတို့အတန်းခေါင်းဆောင်ကတော့ အမြဲတမ်း ထူးချွန်နေတာပါပဲ~"

တစ်ယောက်တစ်ပေါက် ဝိုင်းဝန်း ချီးကျူးသံများကြားတွင် သူ ပြုံးသာပြုံးမိရင်း စကားဝိုင်းထဲသို့ အလိုက်သင့်ပဲ ဝင်ပြောနေလိုက်၏။ အားလုံး၏ မျက်နှာပေါ်တွင်လည်း အားကျဂုဏ်ယူမှုသာ ရှိပြီး တခြား ဘာမှမပါပေ။ သူ ကြီးပြင်းခဲ့သော ဤမြို့လေးထဲရှိ လူတွေအားလုံးသည် ထိုသို့သာ ဖြစ်ကြသည်။

Miracle || OneShotsWhere stories live. Discover now