《 起风了 》

435 48 47
                                    

လေပြင်းတို့ ရွက်လွှင့်ချိန်
[Unicode]

အချိန်ကား ချမ်းအေးလှသော ဆောင်းလလယ်။ နန်ကျင်းမြို့တော် တစ်ခုလုံးတွင် ဖြူဆွတ်သော နှင်းမှုန်တို့က အုပ်ဆိုင်းလျက် ရှိပြီး မြို့သူမြို့သားများသည်လည်း စောစီးစွာ အနားယူကြသဖြင့် လမ်းမထက်ရှိ အိမ်တိုင်းလိုလိုမှာ မိုးမှောင်စပြုသည်နှင့် တံခါးများ စေ့ပိတ်ကုန်ကြ၏။

တိတ်ဆိတ်သော ညဉ့်ယံတွင် ရုတ်တရက် မြင်းခွါသံတခွပ်ခွပ် ထွက်ပေါ်လာသည်။ အုန်းခွံရောင် မြင်းနှစ်ကောင် ဆွဲသည့် နက်ရွှေရောင် ရထားလုံးတစ်စီးသည် နှင်းများကြောင့် အတန်ငယ် ချော်နေသော လမ်းမထက်၌ မနှေးမမြန် မောင်းနှင်လာ၏။

"ဟီ~"

မြင်းဟီသံနှင့်အတူ ရထားလုံးသည် နန်ကျင်းမြို့တော် အစွန်အဖျားရှိ အိမ်ကြီးအိမ်ကောင်းတစ်ခုရှေ့၌ ရပ်တန့်သွား၏။

အအေးဒဏ်ကို အံတုနိုင်ရန် ထူထဲလှသော ခြုံထည်များနှင့် ဝါးခမောက် ဆောင်းထားသော ရထားလုံးမောင်းသူ၏ မျက်နှာအား မမြင်နိုင်ပေ။ ထိုလူက ခွေးခြေခုံတစ်လုံးကို နှင်းဖုံးနေသော အဖြူရောင်မြေပြင်ထက် ချလိုက်ပြီးနောက် ရထားလုံးအတွင်းမှ ပုဂ္ဂိုလ်အား ဆင်းလာရန် လက်ဟန်ပြသည်။

ကျောက်စိမ်းဖြူသဖွယ် အပြစ်အနာအဆာ ကင်းမဲ့သော ရှည်သွယ်သွယ် လက်ချောင်းများက ရထားလုံး၏ ကန့်လန့်ကာအား ပင့်တင်လာပြီးလျှင် ပုံရိပ်တစ်ခုက ခွေးခြေခုံမှတစ်ဆင့် မြေပြင်သို့ ဆင်းသက်လာသည်။

ထိုပုဂ္ဂိုလ်သည် ရထားလုံးမောင်းသူကဲ့သို့ တစ်ကိုယ်လုံးကို အဝတ်ထူထူများနှင့် ကြပ်ထုပ်မထားပေ။ ရိုးရှင်းပါသော်လည်း တင့်တယ်သည့် နီညိုရောင် သိုးမွေး ခြုံထည်ရှည် တစ်ထည်တည်းကိုသာ ခြုံလွှားထားသည်။

ဦးခေါင်းထက်၌ အနက်ရောင်ပေါ်တွင် ငွေရောင် အပြောက်အမွမ်းများ ပါသည့် မကိုဋ်ဦးထုပ်ကို ဆောင်းထားပြီး ဦးထုပ်အောက်ရှိ ဖြောင့်တန်းသော မျက်ခုံးနှစ်သွယ်နှင့် ဇာမဏီသဖွယ် မျက်လုံးအစုံက အတန်ငယ် နွမ်းလျနေပုံ ပေါ်သည့်တိုင် အရှိန်အဝါ ပြင်းလှသည်။ ကျစ်လစ်သော ခါးထက်၌ ချိတ်ဆွဲထားသည့် ဓားရှည်၏ အနီရောင် ဓားအိမ်က ခြုံထည်အောက်မှ တစ်ပိုင်းတစ်စ ထွက်ပေါ်နေပြီး တစ်ချက်ကြည့်ရုံနှင့် ရုံးတော်မှ ရာထူးမြင့်ပိုင်း အရာရှိမင်းတစ်ဦး ဖြစ်ကြောင်း သိသာပေသည်။

Miracle || OneShotsWhere stories live. Discover now