《 Black-Eyed Blonde 》

322 43 15
                                    

[Unicode]

ဆောင်းဦးအငွေ့အသက်တို့ ပြည့်နှက်နေသည့် နံနက်ခင်းတွင် စက်တင်ဘာလ၏ အတန်ငယ် အေးစိမ့်စိမ့်နိုင်သော လေပြည်က ခပ်သွဲ့သွဲ့ တိုက်ခတ်နေသည်။ B တက္ကသိုလ် ပရဝဏ် အရှေ့ဘက်ဂိတ်ပေါက်ရှိ ကားမှတ်တိုင်တွင်တော့ ရာသီဥတုကို အံတု၍ ရွှင်ပျတက်ကြွနေကြသည့် လူအုပ်တစ်အုပ် ရှိနေပါ၏။

ယနေ့သည်ကား B တက္ကသိုလ်မှ ကျောင်းသားသစ်များ၏ မေဂျာအလိုက် စုစည်းထွက်ခွါကြမည့် စခန်းချခရီးစဉ်နေ့ ဖြစ်သည်။ တက္ကသိုလ်ဖွင့်လှစ်မည့်ရက် မတိုင်မီ ကျောင်းသားများ ရင်းနှီးကျွမ်းဝင်စေရန် မေဂျာအသီးသီးမှ စီနီယာကျောင်းသားများ ဦးဆောင်ကာ စီစဉ်ကြခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အလွန်ပင် သိုက်သိုက်မြိုက်မြိုက် ရှိချက်က open campus နေ့ထက်တောင် ပို၍ လူစည်သည်။

ကျောင်းသားအုပ်ကြီးသည် ကားရပ်ရန် သတ်မှတ်ထားသည့် ဝန်းအတွင်း ခရီးဆောင်အိတ်များ ကိုယ်စီကိုယ်ငှဖြင့် တက်ကြွနေကြသည်။ B တက္ကသိုလ်သည် မြို့တော် B တွင် အကျော်ကြားဆုံး တက္ကသိုလ် ဖြစ်သည့်အလျောက် B တက္ကသိုလ်သို့ ဝင်ခွင့်ရသူများကလည်း သာမန်ထက် ပိုမို ထူးချွန်ပြီး ပြည့်စုံကုံလုံသော မိသားစုများမှ ဖြစ်ကြသည်။ အယောက်တိုင်းက အပြိုင်အဆိုင် ဝတ်စားပြင်ဆင်ထားကြပြီး ကိုယ့်အုပ်စုနှင့်ကိုယ် စုလျက် လှုပ်ရှားသက်ဝင်နေသည်။

အနည်းဆုံး ခရီးဆောင်အိတ် နှစ်ခု၊ သုံးခုလောက် ထုပ်ပိုးလာကြသည့် ကျောင်းသားများကြားတွင် ထူးထူးခြားခြား တောင်တက်ကျောပိုးအိတ်တစ်လုံးကိုသာ ပေါ့ပေါ့ပါးပါး လွယ်ထားသည့် ကျောင်းသားတစ်ဦးလည်း ရှိနေပါ၏။ ထိုကျောင်းသားသည် အထက်အောက် အနက်ရောင်ဖြင့် ခေါင်းထက်၌လည်း အနက်ရောင် ဦးထုပ်တစ်လုံးက ခပ်စိုက်စိုက် နေရာယူထားသည့်အပြင် ဟူဒီခေါင်းစွပ် ထပ်ဆင့် ဖုံးကွယ်ထား၍ မျက်နှာအမူအရာကိုပင် မမြင်ရချေ။

ယွင်ရှီးသည် မှတ်တိုင်ရှိ ကြော်ငြာဘုတ်တွင် စိတ်မဝင်စားစွာ မှီရပ်လျက် သူ့မျက်ခုံးများကတော့ စုကြုတ်နေကြသည်။ တကယ်တော့ သူ့စိတ်အခြေအနေက မနက်တည်းကကို အတော်လေး ဆိုးရွားနေခဲ့တာ ဖြစ်သည်။ ဘေးနားရှိ မပြီးနိုင်မစီးနိုင် စကားများနေကြသော မိန်းကလေးအုပ်စုက သူ့ကို ပိုလို့ စိတ်မကြည်စေသည်။ သူ့နားကြပ်ကလည်း အားကုန်နေ၍ လက်ရှိတွင် သုံးမရပေ။ အရာရာကို အလိုမကျ ဖြစ်နေရသည်နှင့် သူ့မှာ ပါဝါဘန့် ထည့်ခဲ့ဖို့လည်း သတိမရခဲ့။ ကားပေါ် ရောက်မှသာ နားကြပ်ကို အားသွင်းဖို့ နည်းလမ်းရှာရတော့မလို ဖြစ်နေသည်။

Miracle || OneShotsWhere stories live. Discover now