စောင့်မျှော်ခြင်းပန်းဆိုင်

658 101 2
                                    




Furin [Japan Air Chime]

~~~~~

ချွမ် ~ ချွမ် ~ ချွမ် ~

နွေဦးမို့ တဖြူးဖြူးတိုက်ခတ်နေသည့် လေပြေကြောင့်  ပန်းဆိုင်နာမည်ဆိုင်းဘုတ်ဘေးမှာချိတ်ဆွဲထားသည့် Furin လေးမှ အသံသာသာလေးထွက်လာသည်။ တိတ်ဆိတ်သည့်ဒီနေရာလေးမှာ လေတိုက်တိုင်း မြည်လာသည့် Furin သံလေးဟာ သာယာဖွယ်ကောင်းစွာ။ ကြားမိသူတိုင်းကိုလည်း ပြုံးမိစေနိုင်အောင်ကို
စွမ်းဆောင်နိုင်သည်။


ချွမ် ~ ချွမ် ~ ချွမ်~

Furin မြည်သံကြောင့်  အတောက်ပဆုံးပြုံးမိသူဟာ ဆိုင်တွင်းမှပန်းတွေကို ရေဖြန်းနေသည့်ဆိုင်ရှင်လေး။ဒီ Furin မြည်သံလေးကြောင့် သူ့ဘဝကအထီးမကျန်သလို ခံစားနေရခြင်းသာ။

ဂုတ်ပိုးအထိဝဲကျနေသည့် ဆံနွယ်တွေကို တစ်ဝက်စုစည်းထားပြီး နဖူးပေါ်ဝဲကျနေသည့်ဆံမျှင်တချို့ကိုတော့ ဆိုင်ရှင်လေးဟာ သပ်တင်လိုက်၊ ပြန်ကျလာလျှင် သပ်တင်လိုက်နှင့်  ပန်းပင်တွေကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေသည်။

ပန်းပင်မျိုးစုံနှင့် ပန်းမျိုးစုံကို လှလှပပလေးစီရီထားသည့် ဆိုင်အတွင်းမှာတော့ ပန်းရနံ့မျိုးစုံသင်းပျံ့နေလျက်။ အပြင်အဆင်လေးက မြင်ရရုံနှင့် ရင်ထဲအေးချမ်းစေပြီး ဆိုင်ရှင်လေးရဲ့ ဝန်ဆောင်မှုကောင်းသည်ကြောင့် ဒီပန်းဆိုင်လေးက နာမည်တစ်ခုတော့ရှိနေသည်။ အကောင်းမွန်ဆုံးသော ပန်းအမျိုးအစားအကြံပေးမှုနဲ့အတူ  လှပသပ်ရပ်သည့် ထုပ်ပိုးပြင်ဆင်ပေးမှုကြောင့် ဒီဆိုင်ရှင်လေးကို အချစ်အကြံပေးလေးလို့တောင် ခေါ်ဝေါ်ကြသေးရဲ့။ ဆိုင်ရှင်လေးဟာလည်း ဒီလိုရှင်သန်နေရသည်ကိုပင် သိပ်ကိုကျေနပ်နေဟန်။

ချွမ် ~ ချွမ် ~ ချွမ် ~

Furin လေးမှ ထပ်မြည်လာသံနှင့်အတူ ဆိုင်တံခါးဖွင့်လို့ဝင်လာသူတစ်ယောက်။ ယူနီဖောင်းအရ အထက်တန်းကျောင်းသားလေးဖြစ်ပုံရသည်မို့ဆိုင်ရှင်လေးရဲ့ ခေါင်းထဲမှာ အရင်က ပုံရိပ်တွေ စီစီရီရီပေါ်လာသည်။ တိုက်ဆိုင်လွန်းသည်မှာလည်း သူတက်ခဲ့သည့်  အထက်တန်းကျောင်းမှ ယူနီဖောင်းဖြစ်နေပါရဲ့။


" ပထမဆုံး ဝန်ခံဖို့များလား  "

ပန်းတွေကို တအံ့တသြမျက်လုံးကစားနေသည့် ကျောင်းသားလေးကြောင့် ဆိုင်ရှင်လေးမှ ပြုံးရိပ်ရိပ်လေးနှင့်မေးသည်။ ဆိုင်ရှင်လေးရဲ့မျက်နှာဟာ ပြုံးနေပေမဲ့ မျက်ဝန်းတို့မှာတော့ နက်နဲသည့်ခံစားချက်တချို့ကရှိနေပါသေးသည်။

" ဟုတ်  ဟုတ်ပါတယ်။ "

ထစ်ထစ်အအဖြေသည့် ကျောင်းသားလေးဟာ ခေါင်းကြီးငုံ့လို့ရှက်နေဟန်။

ဆိုင်ရှင်လေးက ရေဖြန်းနေသည့်ဗူးကို ချထားလိုက်ပြီး နှင်းဆီနီနီတွေရှိရာသို့ ခြေလှမ်းကာ  မပွင့်အာသေးသည့် နှင်းဆီနီတစ်ခိုင်ကို ဆွဲယူလိုက်သည်။

ကောင်တာသို့ လျှောက်သွားလိုက်ပြီးနောက် ကြည်ပြာရောင်ဖဲကြိုးလေးကိုယူကာ နှင်းဆီနီရိုးတံမှာချည်သည်။ ထို့နောက် ကြည်ပြာရောင်ကတ်ပြားလေးကို ကျောင်းသားလေးရှေ့ချပေးလိုက်သည်။

" ဒီမှာ  ဝန်ခံချင်တဲ့သူအတွက် စာလေးနည်းနည်းရေးပေး။ "

"ဗျာ ! "

ကျောင်းသားလေးဟာ အလန့်တကြား။ ဆိုင်ရှင်လေး ပြုံးမိပြန်သည်။

" သဘောကျကြောင်း ဝန်ခံဖို့အတွက် ကိုယ်တိုင်ရေးတာ အကောင်းဆုံးပဲ။ စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးရှင်းရှင်းသာ ချရေးလိုက်ပါ။ "

ဆိုင်ရှင်လေးက  ခြင်းထဲမှဘော့ပင်အနက်တစ်ချောင်းယူကာ ကျောင်းသားလေးဆီကမ်းပေးသည်။ မဝံ့မရဲပုံစံနှင့်ကျောင်းသားလေးဟာ ရိုးသားမည့်ပုံစံဖြင့် စာရေးဖို့ကို အတော်လေးစဥ်းစားနေရဲ့။

" ရပါပြီဗျ... "

ကျောင်းသားလေးဆီမှ ကတ်လေးကို ဆိုင်ရှင်လေးက ဖဲကြိုးလေးမှာ သေချာလေးတပ်ပေးသည်။ ဘာတွေရေးထားသလဲ သူမဖတ်လိုက်ပါ။ ရည်ရွယ်သူက ပထမဆုံးဖတ်တာ အကောင်းဆုံးပါပဲ။

" ရိုးရိုးသားသား သဘောကျကြောင်းဖွင့်ပြောဖို့ နှင်းဆီနီက အကောင်းဆုံးပဲ။ ကျောင်းသားလေး ကံကောင်းပါစေ။ "

"ကျေးဇူးတင်ပါတယ် ။  ကျွန်တော့်ကို ခွင့်ပြုပါအုံး။ "

"ကောင်းပါပြီဗျာ ။ "

ကျောင်းသားလေးထွက်သွားသည့်နောက် ဆိုင်ရှင်လေးက သကိပြင်းချသည်။ တိတ်ဆိတ်သွားသည့်ဒီနေရာလေးမှာ သူလုပ်ချင်တာတွေလုပ်နေရပေမဲ့ တစ်ခုခုကလိုအပ်နေဆဲ။ လိုအပ်နေသည့်အရာကိုလည်း သိပေမဲ့ အဲ့ဒီအရာလေးကို ပိုင်ဆိုင်ဖို့ရာ ဝေးကွာနေသေးသည်။လူတွေက တစ်ယောက်တည်းဆို အထီးကျန်သည်မဟုတ်လား ။ အထီးကျန်ခြင်းကို ပြေပျောက်နိုင်မည့်အရာမှာလည်း တစ်ခုတည်းသာရှိပါသည်။

ရေဖြန်းသည့်ဗူးလေးကို ယူလိုက်ပြီး ဆိုင်အပြင်သို့ထွက်လာသည့် ဆိုင်ရှင်လေးဟာ Furin လေးကို တစ်ချက်မော့ကြည့်သည်။ ထို့နောက်  နှုတ်ခမ်းပါးလေးတွန့်ချိုးရင်း  ပြုံးသည်မှာ တောက်တောက်ပပ။ ချစ်ဦးသူကို အလွမ်းပြေဖို့က ဒီအရာလေးပဲရှိပါသည်။

ဆိုင်အပြင်ဘက်မှာ ထားထားသည့် ပန်းတွေကို ရေဖြန်းရင်း ဝမ်းနည်းစိတ်က ရင်ထဲလှိုက်တက်လာသည်။ ဆယ်နှစ်ကျော်ပြီဖြစ်ပေမဲ့ ချစ်ဦးသူကို လွမ်းမိတိုင်း မျက်ရည်တို့က ကျမိစမြဲ။


စောင့်နေပေးပါဆိုပြီး ချစ်ဦးသူချန်သွားခဲ့သည်က စာလေးတစ်စောင်၊ Furin လေးတစ်ခုနဲ့ သူ့ကိုကိုယ်တိုင်ပေးခဲ့သည့် ပန်းပင်လေးတစ်ပင်သာ။  ဆယ်နှစ်လုံးလုံး သူ့ကိုသာစောင့်နေခဲ့ပြီး ချစ်ဦးသူမှတ်မိစေဖို့အတွက် ဒီဆိုင်လေးကိုသူရအောင်ဝယ်ပြီး ဆက်ဖွင့်ခဲ့သည်။ အိုဟောင်းနေပေမဲ့ အမှတ်တရရှိခဲ့သည့် စက်ဘီးလေးကိုလည်း သူစီးမြဲစီးဆဲ။ နေ့တိုင်းနေ့တိုင်း ဆိုင်ရှေ့မှာ စက်ဘီးလေးကိုရပ်ထားခဲ့သည်။ စောင့်နေပေးပါဆိုပြီး ဂျပန်လိုရေးထားခဲ့သည့် Furin မှစာလေးကိုလည်း သူမှတ်မိနေလောက်ပါရဲ့။

ပြန်လာမည်ဆိုသည့် ယုံကြည်ချက်တစ်ခုတည်းနှင့် စောင့်နေမိသည့်သူ ။ တချို့အချိန်တွေကျ ချစ်ဦးသူကို ဒေါသထွက်သည်။ တစ်ခါတစ်လေကျ ဝမ်းနည်းမိပြီး ၊ စိတ်ဆိုးချင်သည့်အခါတွေလည်းရှိပါရဲ့။

စီးကျလာသည့် မျက်ရည်တွေကို လက်ခုံနှင့်ပွတ်သုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည့် ဆိုင်ရှင်လေးရဲ့ နှုတ်ခမ်းက ခပ်ဆူဆူ။

" လူဆိုးကောင် ! "

ချွမ် ချွမ် ချွမ် !

ဆူအောင့်အောင့် ရေရွတ်ပြီး ဆိုင်ရှင်လေးဟာ Furin ကိုရိုက်ချလိုက်သည်ကြောင့် မြည်လာသည်မှာ ကျယ်လောင်စွာ။ Furin ကို
ဆောင်ကြည့်ပြီး ဝင်သွားသည့် ဆိုင်ရှင်လေးဟာ တခဏကြာ သွက်သွက်ကလေးထွက်လာပြီး Furin လေးကို ပျက်ဆီးသွားသလား သံသယနှင့် သေချာလေးကြည့်နေပြန်သည်။


~ စောင့်မျှော်ခြင်း ပန်းဆိုင် ~ ဟု ရိုးရှင်းစွာရေးထားသည့် ပန်းဆိုင်လေးအတွင်းမှာ ချစ်ဦးသူ ပြန်အလာကို စောင့်မျှော်နေသည့် ဆိုင်ရှင်ယောက်ျားသားတစ်ယောက်ရှိပါသည်။

~~~~~


နွေဦးမို့ လေလေးကတဖြူးဖြူးနှင့် သစ်ရွက်တွေကလည်း ကြွေလွင့်နေသည်။တက်ချင်သည့်ကျောင်းကိုတက်ခွင့်ရသည်မို့စက်ဘီးစီးရင်း ဆယ်ဟွန်းရဲ့မျက်နှာက ပြုံးဖြီးနေလျက်။ ကြီးကျယ်ခမ်းနားလှသည့် ကျောင်းဝန်းထဲအထိ စက်ဘီးစီးခွင့်မရှိသည်မို့ ဆယ်ဟွန်း ကျောင်းရှေ့မှာ စက်ဘီးရပ်လိုက်ပြီး တွန်းခဲ့လိုက်သည်။

ကျောင်းအဝင်လမ်းရဲ့ ဘေးနှစ်ဖက်မှာ သစ်ပင်တွေအုံ့ဆိုင်းကာ လမ်းလေးကလှသည်။ ကားတစ်စီးပြီးတစ်စီး သူ့ဘေးမှဖြတ်သွားသည်မို့ ဆယ်ဟွန်း လမ်းဘေးကပ်ကာ သတိထား၍လျှောက်ရပါသည်။

စက်ဘီးရပ်သည့်နေရာမှာ စက်ဘီးကိုသေချာထားခဲ့လိုက်ပြီးနောက် ဆယ်ဟွန်းပထမဆုံးဦးတည်မိသည်က ဆရာများရုံးခန်းသို့ဖြစ်သည်။ အတန်းပိုင်ရဲ့လမ်းညွှန်မှုနဲ့အတူ ဆယ်ဟွန်း သူတက်ရမည့်အတန်းရှိရာသို့ မဝံ့မရဲနှင့်လျှောက်သွားမိသည်။ အထက်တန်းလွှာတွေတက်သည့်ကျောင်းမို့ သူ့အုပ်စုနှင့်သူရှိနေသည့် ကျောင်းသားကျောင်းသူတွေက  သူ့ကိုသတိပြုမိမည်မထင်ပါ။

အတန်းရှေ့မှာ ကျောက်ရုပ်လိုရပ်နေမိသည်မှာ ဘာကြောင့်မှန်း ဆယ်ဟွန်းမသိ။ လက်သီးကျစ်ကျစ်ဆုပ်ပြီး သက်ပြင်းချကာ အတန်းထဲဝင်သွားချိန် သူ့ကိုတစ်ချက်သာလှည့်ကြည့်လာကြပြီး အရေးမလုပ်ကြသည့်အတန်းသားများ။

ဆယ်ဟွန်း အတန်းထဲဖြေးဖြေးချင်းလျှောက်ဝင်ကာ ဦးတည်မိသည်ကနောက်ဆုံးခုံသို့ဖြစ်သည်။

" ခါအီ~ "

လူလွတ်နေသည့်နောက်ဆုံးခုံမှာ ထိုင်ချင်စိတ်နှင့် သွားခဲ့ပေမဲ့  မြင်လိုက်ရသည်က နာမည်တစ်ခုရေးထားသည့် ဘုတ်ပြားတစ်ခု။ ခေါင်းလေးစောင်းရင်း စဥ်းစားမိသည်က ဒါကဘာနာမည်လဲဆိုတာပင်ဖြစ်သည်။

" အဲ့ဒီနေရာက ပိုင်ရှင်ရှိတယ်။ မြင်တဲ့အတိုင်းပဲ..."

အသံကြောင့် လှည့်ကြည့်မိတော့ သူ့ကိုပြုံးပြနေသည့် မိန်းကလေးတစ်ယောက်။ ဒါဆို ဒီခုံကဘုတ်ပြားက ခုံပိုင်ရှင်ရဲ့နာမည်ကိုရေးထားတာပေါ့လေ။
ဘယ်သူမို့လို့ ခုံမှာနာမည်ရေးထားသည်အထိ သြဇာရှိသလဲဆိုတာ ဆယ်ဟွန်း စပ်စုချင်စိတ်တော့ဖြစ်သွားမိသည်။

" ငါက အတန်းခေါင်းဆောင်ယူနာပါ။ နင် နောက်ဆုံးခုံကိုမရပေမဲ့  အရှေ့ကခုံမှာတော့ ထိုင်လို့ရပါတယ်။ "


ခပ်ပြုံးပြုံးနှင့်ဆိုသည့် အတန်းခေါင်းဆောင်ညွှန်ပြသည်က နောက်ဆုံးခုံရဲ့အရှေ့ကခုံဖြစ်သည်။ နောက်ဆုံးခုံမဟုတ်လည်း အရှေ့ခုံကမဆိုးလှပါဘူး။ ပြတင်းပေါက်လည်းရှိသည်။

" အိုကေ ... "


အတန်းခေါင်းဆောင်က သူပြောချင်ရာပြောပြီး ထွက်သွားလေပြီ။ ဆယ်ဟွန်း ခုံမှာဝင်ထိုင်ပြီးနောက် အတန်းပတ်ပတ်လည်ကို မျက်လုံးကစားမိသည်။ သူ့အုပ်စုနဲ့သူ စကားပြောနေကြသူတွေကြား ကျောင်းသားသစ်ဖြစ်သည့်သူက တစ်ယောက်တည်းသီးသန့်ဖြစ်နေသည်။

ပြတင်းပေါက်ဘက်သို့ လှည့်ကာ မှောက်အိပ်နေပြီးမှ တိုက်ခတ်သွားသည့်လေကြောင့် လိုက်ကာစဟာ လွင့်ခနဲ။ ဆယ်ဟွန်း မျက်ခုံးပင့်မိပြီး ပြတင်းပေါက်နားသွားရပ်မိတော့ မျက်ဝန်းတစ်စုံနှင့်ဆုံမိသည်။

သူရပ်နေသည့်ပြတင်းပေါက်ကို စူးစူးစိုက်စိုက်မော့ကြည့်နေသည့်မျက်ဝန်းတွေက နက်နဲစွာ။ အကြောင်းပြချက်မရှိ ရင်ထဲထိတ်ခနဲဖြစ်မိပြီး ဆယ်ဟွန်းနောက်သို့ဆုတ်မိသည်။ လှစ်ခနဲမြင်လိုက်ရပြီး တခဏသာဆုံလိုက်ရသည့် မျက်ဝန်းတစ်စုံဟာ နက်နဲတောက်ပစွာ ။ သူ့ကိုကြည့်နေသလားဟု ခံစားမိပေမဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲ ။ ဆယ်ဟွန်း နောက်တစ်ခေါက် ငုံ့ကြည့်မိတော့ မရှိတော့ပေ။ မျက်လုံးထဲမှာ မျက်ဝန်းတစ်စုံကိုပဲ  မြင်နေမိသည်မို့ ဆယ်ဟွန်း ကိုယ့်ပါးကိုယ်ရိုက်ပြီး သတိပေးမိသည်အထိ။

စားပွဲပေါ်မှောက်အိပ်နေလိုက်ပြီး တခဏအကြာ ဘေးနားမှဖြတ်သွားသည့် အငွေ့အသက်တစ်ခုကိုရလိုက်သည်။ ဘာဆိုတာထမကြည့်ချင်လောက်အောင် ပျင်းနေမိပေမဲ့ အနောက်ဘက်မှ ထိုင်ခုံဆွဲလိုက်သံကြောင့် ဆယ်ဟွန်းမတ်ခနဲဖြစ်သွားမိသည်။

အနောက်ဘက်မှ အားပြင်းသည့်တစ်စုံတစ်ရာရှိနေသည်ကို ခံစားမိပေမဲ့ ဆယ်ဟွန်းလှည့်မကြည့်နိုင်သည်မှာ ဘာကြောင့်မှန်းမသိ။ စိုက်ကြည့်နေသလို ခံစားရပေမဲ့ ခုံပေါ်မှာ နာမည်ဘုတ်ပြားထောင်ထားသည်အထိ ဒီအခန်းထဲမှာ အာဏာရှိသူနှင့် ဆယ်ဟွန်း မျက်နှာချင်းမဆိုင်လိုပါ။  တွေး၍ကြောက်ရွံ့ခြင်းလို့ပဲဆိုရမည်လား။


အတွေးများနေစဥ် ဘဲလ်မြည်သံကြောင့် ဆယ်ဟွန်း သက်ပြင်းချမိသွားသည်။စာသင်နေရရင်
သူ့အနောက်ဘက်ကို အာရုံစိုက်မိမှာမဟုတ်။

~~~~~

အနောက်ဘက်မှ ကျောချမ်းချင်စရာကောင်းသည့် ခံစားချက်ကြီးကြောင့် စာကိုမနည်းအာရုံစိုက်ခဲ့ရပေမဲ့ အတန်းကတော့ပြီးသွားလေပြီ။ တစ်တန်းလုံးအတန်းထဲမှ ထွက်ပြီးမှ သူထွက်ဖို့ဆုံးဖြတ်ပြီး ပစ္စည်းတွေဖြေးဖြေးချင်းသိမ်းနေမိသည်။

"ဟူး..."

အတန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားမှ ဆယ်ဟွန်း သက်ပြင်းချင်ရင်း မတ်တပ်ရပ်လိုက်သည်။ အနောက်ဘက်တံခါးမှထွက်ဖို့ ဆုံးဖြတ်ပြီး အနောက်သို့အလှည့်...

"အား !!!"

သူ့ကိုစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကြောင့် လက်သီးဆုပ်ပြီးအော်မိသည်မှာ ကျယ်လောင်စွာ။ ခြေနှစ်လှမ်းလောက် နောက်ဆုတ်မိပြီးနောက် နောက်ဆုံးခုံမှာ လျော့ရဲရဲထိုင်ပြီး သူ့ကိုကြည့်နေသူကြောင့် ဆယ်ဟွန်း တောင့်တောင့်ကြီး ဖြစ်နေမိသည်။


" အဲ့ဒီလောက်ထိအော်ရအောင် ငါကအရမ်းရုပ်ဆိုးနေတာလား..."

ချိုသာနူးညံ့သည့်အသံလေးကြောင့် ဆယ်ဟွန်း ထိုလူကိုငေးခနဲ။ နက်နဲတောက်ပနေသည့်မျက်ဝန်းနှင့် အကြည့်ချင်းဆုံမိခိုက် ဒီတစ်ယောက်ဟာ ပြတင်းပေါက်ကိုလှမ်းကြည့်နေသူမှန်း သူသိလိုက်သည်။

" ဟမ် !  ငါကရုပ်ဆိုးနေလို့လား..."

သူ့ရှေ့လှစ်ခနဲရောက်လာပြီး မျက်ခုံးတစ်ချက်ပင့်မေးသူကြောင့် ဆယ်ဟွန်းရင်ထဲထိတ်ခနဲ ။ ဆုပ်ထားမိသည့်လက်သီးတွေကို ရင်ဘတ်နားကပ်ထားမိပြီး ဆယ်ဟွန်းခေါင်းခါလိုက်မိသည်။

"မ ... မဟုတ်ပါဘူး။ "

ဆွဲငင်နေသလို ခံစားရသည့်အကြည့်တွေကြောင့် ရှောင်ဖယ်ရင်းဖြေမိတော့ ရယ်သံသဲ့သဲ့ကိုကြားရသည် ။  ကြည့်ကောင်းတဲ့သူများကျတော့လည်း ရယ်သံလေးတောင် သံစဥ်လေးလို နားထောင်လို့ကောင်းနေရော။

" ဒါဆို ငါက ရုပ်ချောတယ်လို့ ပြောချင်တာပေါ့။ "

ဆယ်ဟွန်း အကြည့်လွှဲထားရာမှ မျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်မိသည်။
သူ့ရှေ့ကိုတိုးတိုးလာသည်မှာ  သူနောက်ပြန်လဲကျတော့မတတ်။

" ဟမ် ! ငါကချောလား "

ခေါင်းလေးစောင်းရင်းမေးလာသူကြောင့် ဆယ်ဟွန်းရင်ထဲလှပ်ခနဲ။

" ဖယ်စမ်းပါ! "

ရုတ်တရက်ကြီးပူလာသလိုခံစားရရင်း ဆယ်ဟွန်း အဲ့ဒီတစ်ယောက်ကိုတွန်းထုတ်ကာ ပြေးထွက်လာခဲ့လိုက်သည်။  ဘယ်လိုလူထူးဆန်းမှန်းမသိ။

" အား! ထွက်သွားစမ်းပါ  "


မျက်လုံးထဲဆက်တိုက်မြင်ယောင်နေသည့် နက်နဲတောက်ပသည့် မျက်ဝန်းတစ်စုံကြောင့် ကော်ရစ်တာတလျှောက် ဆယ်ဟွန်း ခြေကားယားလက်ကားယား ဖြစ်နေမိပါတော့သည်။

~~~~~

ကျောင်းတက်တာ တစ်ပတ်ကျော်လာခဲ့ပြီ။ ဆယ်ဟွန်းမှာ သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်မှ မရှိသေးပါ။ ဒီကျောင်းမှာ သူ သူငယ်ချင်းရစရာအကြောင်းအရင်းလည်းမရှိပေ။ ရှိရင်တောင် အနှောက်အယှက်တစ်ခုလိုဖြစ်နေအုံးမည်။

ထူးဆန်သည့်တစ်ခုက ခုံပေါ်မှာနာမည်ဘုတ်ထောင်ထားသည်အထိ အာဏာရှိသူဟာ သူ့ဘေးမှာအမြဲတမ်းရှိနေခြင်းဖြစ်သည်။ ကျောင်းဝန်းအတွင်း သူဘယ်သွားသွား အနောက်မှာရှိနေတတ်ပြီး ' မင်း ငါ့နောက် လိုက်နေသလား ' ဟုမေးချင်ပေမဲ့ ဆယ်ဟွန်းမရဲပါ။ ထမင်းစားချိန်ဆိုလည်း ခုံအလွတ်တွေအများကြီးရှိရက်နှင့် မျက်နှာပြောင်ပြောင်ပင် ' ခုံမရှိတော့လို့ ဒီမှာထိုင်မယ်နော်။ ' ဆိုပြီး သူ့ရှေ့ဝင်ထိုင်တတ်သူ။ အမြဲတမ်း သူ့အနားမှာ ယောင်လည်လည်လုပ်တတ်သည့် ဂင်မ်ဂျုံအင်ခေါ် ခါအီကို သူတကယ်နားမလည်ပါ။

သူ့ကိုဆို အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ပြီး နူးနူးညံ့ညံ့စကားပြောတတ်ပေမဲ့ တည်တံ့သည့်ဂင်မ်ဂျုံအင်ကို သူဘာရှိန်နေမှန်းမသိပါ။ စူးရှတောက်ပသည့်မျက်ဝန်းတွေဟာ သူ့ကိုကြည့်တိုင်း နူးညံ့ရိပ်သမ်းနေသည်မို့ ဆယ်ဟွန်း ထူးထူးခြားခြားခံစားရစမြဲ။ တစ်ယောက်တည်းပဲအမြဲတွေ့ရတတ်ပြီး သူ့နားမှာသာတဝဲလည်လည်ရှိနေတတ်သည့် ဂင်မ်ဂျုံအင်က ထူးဆန်းတာတော့ အမှန်ပါပဲ။ အဲ့ဒီလိုဆိုပြီး သူဂင်မ်ဂျုံအင်နဲ့ မရင်းနှီးချင်ပါ။ မပတ်သက်ချင်ပါ ။ဒီနေရာမှာ အထူးဆန်းဆုံးသူနဲ့ မပတ်သက်သည်မှာ သူ့အတွက်ကောင်းသည်ဟု ဆယ်ဟွန်းထင်ပါသည်။

~~~~~

" ဒီနေ့ တွဲဖက်နဲ့ ကာယလုပ်ရမယ်။ "
နည်းပြဆရာရဲ့စကားကြောင့် ဆယ်ဟွန်းသက်ပြင်းချလိုက်မိသည်။ သူ ဘယ်သူနဲ့တွဲဖက်ဖြစ်ရမလဲ သူမသိ။ ဒီလိုအချိနိက ရှောင်လွှဲလို့မရတာသိပေမဲ့ သူသိသည့်သူတစ်ယောက်မှမရှိဘဲလေ။

ဆယ်ဟွန်း ခေါင်းလေးငုံ့ပြီး ကြမ်းပြင်ကို ဖိနပ်နဲ့ထိုးဆော့နေလိုက်သည်။ တွဲဖက်ရှာရမှာပေမဲ့ သူမှရှာလို့မရဘဲ။ ဒီအတိုင်း သူ့ကိုလာမေးမှတွဲလိုက်မည်။ ဒါမှမဟုတ် တွဲဖို့သူမရှိသူနှင့် တွဲလိုက်မည်။

" အိုဆယ်ဟွန်းက ဂင်မ်ဂျုံအင်နဲ့တွဲလိုက်! "

နည်းပြရဲ့အသံကြောင့် ဆယ်ဟွန်း မတ်ခနဲ။ခေါင်းမော့ကြည့်မိတော့ ဟိုးအစွန်းဘက်ကနေ ဂင်မ်ဂျုံအင်က သူ့ကိုလက်လှမ်းပြနေသည်။
ဘာလို့ သူနဲ့တဲ့လဲ။
~~~~~

" ငါနဲ့တွဲရတာ သဘောမကျဘူးလား။  "

" မြန်မြန်သာလုပ်စမ်းပါ..."

ပြုံးစိစိမျက်နှာပေးနဲ့ အိပ်ထမတင်လုပ်နေသည့် ဂင်မ်ဂျုံအင်ကို ဆယ်ဟွန်းမျက်စောင်းထိုးလိုက်သည်။ လှဲရာမှထလာတိုင်း တမင်ကို သူ့မျက်နှာရှေ့ရောက်အောင် တိုးလာသူ။သူ့အလှည့်တုန်းကလည်း ဒူးပေါ်ကိုမေးတင်ပြီးသူ့ကိုတစ်ချိန်လုံးပြုံးစိစိနှင့်ကြည့်နေသည်။
" ငါတော့ သဘောကျတယ်..."

တခြားဘက်သို့ မျက်နှာလွှဲထားမိသည့်သူရင်ထဲထိတ်ခနဲ။

" မင်းကို ~"
ချိုမြိန်နူးညံ့သည့်အသံကြောင့် ဆယ်ဟွန်းရင်ထဲလှပ်ခနဲ။ နှုတ်ခမ်းကိုကိုက်မိပြီး မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။ ရင်ထဲမောဟိုက်လာသလိုခံစားချက်က ဘာကြောင့်မှန်းမသိပါ။

" လေ့ကျင့်ခန်းသာ ကောင်းကောင်းလုပ်စမ်းပါ !"

ဆောင့်ဆောင့်အောင့်အောင့်ပြောလိုက်မိသည့်စကားအဆုံးမှာ ရယ်သံသာသာကို ဆယ်ဟွန်းကြားလိုက်ရပါသည်။ မဖြစ်နိုင်လိုက်တာ။

~~~~~

"ငါ့ကို မင်းစက်ဘီးနဲ့ခေါ်သွားလို့မရဘူးလား ဟင်~"

" ငါလူတင်မနင်းဘူး! "

အကောင်းကြီးရှိနေသည့် ကားအကောင်းစားကိုထားပြီး စက်ဘီးနောက်ခုံကိုကိုင်လို့ သူ့အနောက်ကလိုက်လာသူ။ ဂင်မ်ဂျုံအင်ကဘာဖြစ်ချင်နေမှန်းကိုမသိပါ။

" စိတ်ရင်းပါ "

ဆယ်ဟွန်းရဲ့ခြေလှမ်းတွေတန့်ခနဲ။နောက်လှည့်ကြည့်မိတော့ သူ့ကိုရယ်ပြနေသည့်လူသားကို တွေ့ရသည်။တခြားသူတွေနဲ့ဆို မျက်နှာတည်တည်နဲ့ဆက်ဆံတတ်သည့် ဒီလူက သူ့ကိုဆိုအမြဲပြုံးပြပြီး ပြောင်ချော်ချော်လုပ်စမြဲ ။  နောက်ပြောင်နေစမြဲ။ ပြန်စဥ်းစားကြည့်တော့ ဂင်မ်ဂျုံအင်နဲ့သူက သူငယ်ချင်းတွေလည်းမဟုတ်ကြပေမဲ့ ဂင်မ်ဂျုံအင်ကြောင့် ဒီကျောင်းဝန်းကြီးထဲမှာ အထီးကျန်သလို မခံစားရတာဖြစ်သည်။ ဂင်မ်ဂျုံအင်ရဲ့ အပြုံးတွေကြောင့်လည်း သူ့ရင်ထဲနွေးထွေးသလိုခံစားမိပါရဲ့။
အမြဲတမ်း သူ့နောက်မှလျှောက်လိုက်တတ်တာ၊ သူ့ဘေးမှာရှိနေတတ်ပြီး ရောက်ရာပေါက်ရာလျှောက်ပြောတတ်သည့် ဂင်မ်ဂျုံအင့်ကိုတွေးမိတော့ ရင်ထဲနွေးထွေးသည်။

" နေ့လယ်က  မင်းကိုသဘောကျတယ်ဆိုတဲ့စကားက စိတ်ရင်းပါ~"

ဆယ်ဟွန်းရင်ထဲ တထိတ်ထိတ်ဖြစ်လာသည်။အမြဲတမ်းသြဇာရှိသည့်ပုံစံနှင့် ဂင်မ်ဂျုံအင်က အခုတော့ ခေါင်းကြီးငုံ့လို့။ မဝံ့်မရဲပုံစံလေးဖြစ်နေသည်။

" မင်းကို ပြတင်းပေါက်မှာစတွေ့ကတည်းက ချစ်မိသွားခဲ့တာ..."

ဆယ်ဟွန်း မျက်ခုံးပင့်ခနဲ။ ဒါဆို ဂင်မ်ဂျုံအင်က ဒီတစ်လျှောက်လုံး...။ ဆယ်ဟွန်း နေရခက်သလိုဖြစ်လာပြီး အရှေ့သို့ပြန်လှည့်လိုက်သည်။

"ငါသွားတော့မယ်..."

ပြောပြီးပြီးချင်း ခြေလှမ်းလိုက်ပေမဲ့ စက်ဘီးကမရွေ့။ အနောက်လှည့်ကြည့််မိတော့ ဂင်မ်ဂျုံအင်က စက်ဘီးနောက်ခုံကို အံကြိတ်ပြီးဆွဲထားသည်။

"လွှတ် "

အံကြိတ်ရင်းပြောလိုက်တော့ မတ်ခနဲဖြစ်သွားပြီး စက်ဘီးကိုလွှတ်လိုက်သည့် ဂင်မ်ဂျုံအင်။ ဆယ်ဟွန်း ခပ်စူးစူးကြည့်ပြီးမှ ထွက်လာခဲ့လိုက်သည်။

နဂိုချောမောသူကျတော့လည်း လှပသည့်လမ်းနဲ့သစ်ပင်တွေကိုနောက်ခံထားရပ်နေတော့ သိပ်ကိုကြည့်ကောင်းနေတာပါပဲ။ မျက်လုံးထဲ ဂင်မ်ဂျုံအင်ကို တောက်တောက်ပပမြင်နေရသည်မို့ ဆယ်ဟွန်းခေါင်းကိုခါထုတ်ပစ်လိုက်သည်။ရူးနေပြီ။

" ငါ မင်းကိုဒီနေ့ကစပြီး လိုက်မှာ !!!"


ကျယ်လောင်စွာ အော်ပြောလာသည့်ဂင်မ်ဂျုံအင့်ကို ဆယ်ဟွန်းလက်နောက်ပြန်သာပြခဲ့လိုက်ပါသည်။

~~~~~

ဆယ်ဟွန်း နေ့တိုင်း ကျောင်းသွားကျောင်းပြန်အမြဲဖြတ်နေသည့် ပန်းဆိုင်လေးရှေ့မှာရပ်နေမိသည်။ ကြိုးစားရုန်းကန်နေရသည့် သူ့ဘဝမှာ ဒီပန်းဆိုင်လေးကသာ သူ့ကိုအေးချမ်းမှုပေးစွမ်းနိုင်သည်။ ဒီပန်းဆိုင်ရှေ့ရောက်တိုင်း ဘဝရဲ့သောကတွေပျောက်သွားသလိုခံစားချက်ကြောင့် ကျောင်းအသွားရော အပြန်ပါ  ရပ်ငေးမိစမြဲ။

ပန်းတွေမှာ လေးနက်သည့်အဓိပ္ပါယ်ကိုယ်စီရှိသည်။အဲ့ဒီအဓိပ္ပါယ်လေးတွေကိုလေ့လာရတာလည်း ဆယ်ဟွန်းသဘောကျသည်။ ပန်းချစ်သူဖြစ်စေ မချစ်သူဖြစ်စေ ပန်းလေးတွေမြင်တိုင်း ' လှလိုက်တာ ' လို့ ရေရွတ်မိပြီး ပြုံးမိကြတယ်မဟုတ်ပါလား။ ပန်းလေးတွေက တကယ်ကို စိတ်ကြည်နူးစေပြီး ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အဓိပ္ပါယ်နဲ့အတူ အမြဲတမ်းလန်းဆန်းမွှေးပျံ့နေသည်။ဘာကြောင့်မှန်းမသိ ရှင်သန်ဖို့ရုန်းကန်နေရသည့်သူ့ဘဝထက်စာရင် ပန်းပင်လေးတွေကတောင် ပိုအဓိပ္ပါယ်ရှိနေပါရောလား။

ပန်းလေးတွေကိုငေးကြည့်မိရင်း သူ့ဘဝမှာဘာကြောင့်များရှင်သန်နေရသလဲလို့ မေးခွန်းထုတ်မိစမြဲပါပဲ။

~~~~~

" ရော့ "

ဘတ်စ်ကတ်ဘောဆော့နေကြသူတွေကိုငေးကြည့်နေတုန်း သူ့မျက်စိရှေ့ရောက်လာသည့် ပန်းပင်တစ်ပင်  ။ မျက်ခုံးပင့်မိပြီး ဘေးသို့ကြည့်မိတော့ ဂင်မ်ဂျုံအင်ဖြစ်နေသည်။
"ယူလေ "
"ငါက ဘာကိစ္စမင်းပေးတာကိုယူရမှာတုန်း"

မျက်စိရှေ့မှပန်းအပင်လိုက်ကို ဘေးသို့ပြန်တွန်းထုတ်လိုက်ပြီး ဆောင့်ဆောင့်အောင့်အောင့်လေးပြောမိပေမဲ့သူ့ရှေ့သို့ပြန်ရောက်လာသည့် ပန်းပင်။ ဆယ်ဟွန်း အံကြိတ်ရင်း ဂင်မ်ဂျုံအင်ကို စူးစူးရဲရဲကြည့်လိုက်မိသည်။

" မင်းအတွက်ဝယ်လာတဲ့ဟာကို မင်းမယူရင် ငါကဘာသွားလုပ်ရမှာလဲ။ "

ညှိုးငယ်နေသည့်မျက်နှာထား၊ သနားစရာကောင်းသည့်အသံလေးနှင့်ဆိုလာသည့် ဂင်မ်ဂျုံအင်ကြောင့် ဆယ်ဟွန်း ဟက်ခနဲရယ်မိသည်။ တတ်လည်းတတ်နိုင်တယ်။

" ကျေးဇူးပဲ။  "
အပင်အိုးကိုဆောင့်ဆွဲယူလိုက်ပြီး ပြောလိုက်တော့ တောက်တောက်ပပရယ်နေသည်။
" မင်းနေ့တိုင်း ပန်းဆိုင်ရှေ့မှာရပ်နေတာတွေ့လို့ ဝယ်ခဲ့တာ။"
ဆယ်ဟွန်းခေါင်းလေးစောင်းကြည့်မိတော့ ဂင်မ်ဂျုံအင်က အဝေးသို့ငေးနေသည်။ ဂင်မ်ဂျုံအင်ရဲ့မျက်ဝန်းတွေက ညှို့ငင်အားရှိပြီး စူးရှတောက်ပသည်မှာ မှန်ပေမဲ့ သေချာစိုက်ကြည့်ရင် အားဖျော့နေသည့်အရိပ်အယောင်တွေလည်းရှိနေပါသည်။ ဝမ်းနည်းနေသည့်ခံစားချက်လို အားဖျော့သည့်အရိပ်အယောင်တွေ။

" မင်း ငါ့ကိုနောက်ယောင်ခံလိုက်နေတာလား။ "
"မဟုတ်ပါဘူး ။ ဖြတ်သွားရင်းနေ့တိုင်းမြင်နေတာ။  "
"ထားပါတော့ ..."

"တကယ်ပါဆို။  "

"အေးပါ ။ ဟုတ်ပါပြီ ။ "

ပန်းပင်မျက်နှာနဲ့ယုံပေးလိုက်ပါ့မယ်။ ဆယ်ဟွန်းအခုမှပန်းပင်လေးကိုကြည့်မိတော့ခရမ်းရောင် Iris ပန်းလေးဖြစ်သည်။ ထူးထူးခြားခြား ပန်းအိုးလိုက်ပေးရတယ်လို့။

" မင်း ဒီပန်းရဲ့အဓိပ္ပါယ်ကိုသိလား။ "
" သေချာပေါက်မသိဘူးပေါ့  ။ ဒီအတိုင်းမင်းကြိုက်မယ်ထင်လို့ ကောက်ယူလာတာ ။ "

ရင်ထဲမှာကြည်နူးမှုလေးဖြတ်ပြေးသွားပြီး ဆယ်ဟွန်းပြုံးလိုက်မိသည်။

" အဲ့ဒီတော့ အဓိပ္ပါယ်ကဘာလဲ။ "
" မင်းဘာသာရှာကြည့်လေ။ "

ဆယ်ဟွန်း လျှာထုတ်ပြောင်ပြပြီးနောက် ပန်းအိုးလေးကိုပိုက်ပြီး ထိုနေရာမှထွက်ခဲ့လိုက်သည်။

" အပင်နာမည်တောင်မသိတာ ဘယ်လိုရှာရမလဲ ..." ဟူသော ညဥ်းညူသံလေးကြောင့် ဆယ်ဟွန်း ပုခုံးလေးတွန့်ပြီးသာ ရယ်လိုက်မိပါတော့သည်။

~~~~~


" ရော့ "

စာဖတ်နေတုန်း သူ့ရှေ့ရောက်လာသည့် bubble tea ဗူးလေး။ မော့ကြည့်တော့ သူ့ရှေ့မှာဝင်ထိုင်နေသည့် ဂင်မ်ဂျုံအင်ကို ပြုံးလျက်သားတွေ့လိုက်ရသည်။

" ဘာလုပ်တာလဲ ။ စာကြည့်တိုက်ထဲ မုန့်မယူရဘူးလေ ။ "

"အင်း ငါကခိုးယူလာတာလေ။ "

နှုတ်ခမ်းကို လက်နဲ့ကွယ်ပြီး လေသံလေးနှင့်ပြောသည့် ဂင်မ်ဂျုံအင်ကြောင့် ဆယ်ဟွန်းရယ်မိသွားသည်။ လူကြည့်တော့ အေးစက်စက်နှင့် ဂင်မ်ဂျုံအင်က နည်းနည်းမျက်နှာပြောင်ချင်သည်။

" စာဖတ်လေ ။ ပျင်းနေမှာစိုးလို့ လာစောင့်ပေးတာ။ "

နောက်မှီကို လျော့တိလျော့ရဲမှီထိုင်ပြီး ဆိုသည့် ဂင်မ်ဂျုံအင်ကြောင့် ဆယ်ဟွန်း ပုခုံးသာတွန့်ပြလိုက်သည်။ Bubble Tea တစ်ငုံသောက်ပြီးမော့ကြည့်တော့ သူ့ကိုစိုက်ကြည့်နေသည့် မျက်ဝန်းတွေနှင့်ဆုံပါသည်။

" ငါအခု မင်းကိုလိုက်နေတာသိတယ်မလား "

ခပ်တည်တည်ပင်ပြောလာသည့် ဂင်မ်ဂျုံအင့်ကို ဆယ်ဟွန်းခေါင်းခါပြလိုက်သည်။

" ငါမင်းကိုတကယ်ချစ်တယ် အိုဆယ်ဟွန်း ။  စိတ်ရင်းပါ ။ "

သူ့မျက်ဝန်းတွေနှင့် အကြည့်ချင်းဆုံလာပြီး လေးလေးနက်နက်ပြောလာသည့် ဂင်မ်ဂျုံအင်ကြောင့် ဆယ်ဟွန်း ရင်ထဲလှပ်ခနဲ။ဂင်မ်ဂျုံအင် သူ့နောက်လျှောက်လိုက်နေရင် လုံခြုံသလိုခံစားရသည်။ ဂင်မ်ဂျုံအင် သူ့ဘေးမှာရှိနေလျှင် အထီးမကျန်တော့ပါ။ ဂင်မ်ဂျုံအင်နဲ့ သူစကားပြောနေရလျှင် သူစိတ်သက်သာရာရသည်။ ဒါဘာကြောင့်လဲ ဆယ်ဟွန်းမသိပါ။


"ငါ မင်းငါ့ကိုသဘောကျဖို့ မတောင်းဆိုပါဘူး။
သဘောကျ ကြည့်ပါလားလို့လည်း မပြောဘူး။ ဒိီအတိုင်း မင်းကိုငါက သဘောကျကြောင်း မင်းကိုချစ်ကြောင်း သိစေချင်တာ။ အဲ့ဒါအကုန်ပါပဲ ။ မင်းငါ့အချစ်တွေကို အသိအမှတ်ပြုပေးဖို့ လိုချင်ရုံပါ။ "


စူးရှရှရှိသည့်မျက်ဝန်းတွေထဲ လေးနက်သည့်အရိပ်တွေနှင့် ခယသည့်အရိပ်အယောင်တွေကို ဆယ်ဟွန်းမြင်နေသည်။ မျကိဝန်းအကြည့်ချင်းဆုံနေမိသည့် အခိုက်အတန့်မှာ ဆယ်ဟွန်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သလို။

"ငါမင်းခံစားချက်တွေကို အသိအမှတ်ပြုပါတယ်။ "

အားတင်းပြီးပြောလိုက်ရသည့် သူ့စကားအဆုံးမှာ တောက်ပသည့်အပြုံးတစ်ပွင့်။ ကျေနပ်သွားပုံရသည့် ဂင်မ်ဂျုံအင်ဟာ မျက်ရည်တွေ ဝဲလာသယောင် သူ့ကိုနူးနူးညံ့ညံ့လေးစိုက်ကြည့်မြဲ။

အချစ်ဆိုတာ မသိလိုက်ခင်မှာချစ်မိပြီး အချိန်လွန်မှ သိနားလည်တာမျိုးထင်ပါရဲ့။

~~~~~

" နင်တစ်ယောက်ယောက်ကို လွမ်းနေတာလား။ "

မိန်းကလေးအသံကြောင့် ဆယ်ဟွန်းလှည့်ကြည့်မိတော့ ဗူးလေးတစ်ဗူးပိုက်ရင်းရပ်နေသည့် အတန်းခေါင်းဆောင်ယူနာ။သူမေးမှ ဆယ်ဟွန်း ဒီနေ့ခံစားချက်တစ်မျိုးကြီးဖြစ်နေတာကိုသတိထားမိသည်။ ပြီးတော့ တစ်ခုခုဟာနေသလို ခံစားချက်။

" ဂျုံအင်နီးက ... ဒီကနေ ထွက်သွားရတော့မယ်။ "

ယူနာရဲ့စကားကြောင့် ဆယ်ဟွန်းရင်ထဲထိတ်ခနဲ။ မျက်မှောက်ကြုတ်မိပြီး စိတ်ထဲမှာဗလာဖြစ်သွားသည်။
" ဂျုံအင်နီး တဲ့လား..."

ယူနာကပြုံးသည်။

" သူကငါ့ထက် တစ်ပတ်ငယ်တဲ့မောင်လေးပေါ့ ။ သူက နင့်ကိုပွင့်ပွင့်လင်းလင်းမပြောခဲ့ဘူးထင်လို့ ငါကငါ့မောင့်အတွက် နင့်ဆီလာခဲ့တာ။ "

ဆယ်ဟွန်း တအံ့တသြနှင့် မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိသည်။ ဒါဘယ်လို အံ့သြစရာကြီးတုန်း။ ပြီးတော့ ဂင်မ်ဂျုံအင် ထွက်သွားမယ်ဆိုတာကရော ဘာလဲ ။ ဒီအတိုင်းကြီး ထွက်သွားတော့မှာလား။

" နင်အံ့သြမယ်ဆိုတာ သိပါတယ်။  ဂျပန်မှာရှိတဲ့ ဂျုံအင်နီးရဲ့အမေက နေမကောင်းဖြစ်နေတယ်  ။ သူပြန်ချင်နေတာကြာပြီပေမဲ့ ဖေဖေက ခွင့်မပြုဘူးလေ။ နင် ဒီကျောင်းကိုစပြောင်းလာပြီးနောက်တစ်ရက်က သူထွက်သွားဖို့အခွင့်အရေးရခဲ့ပေမဲ့ နင့်ကြောင့်သူဆက်နေခဲ့တယ်။ "

အေးအေးလူလူပင်ပြောပြနေသည့် ယူနာက သက်ပြင်းချသလို သူ့စိတ်ထဲမှာလည်း ဗလောင်ဆူနေမိပြီ  ။ ရင်ထဲဟာတာတာကြီးနှင့် မျက်ရည်တွေဝဲတက်လာသည်ကိုလည်း ခံစားမိပါသည်။

" နင် ဒီကျောင်းမှာ ဘာပြဿနာမှမရှိစေရဘဲ အထက်တန်းကို ကောင်းကောင်းကျော်ဖြတ်ရမယ်ဆိုပြီးတော့ပေါ့  ။ နင့်မှတ်စုစာအုပ်ကိုခိုးဖတ်မိလို့ သူကတောင်းပန်ပါတယ်တဲ့လေ ။ အိုဆယ်ဟွန်း ... ဂျုံအင်နီးက နင့်ကိုမှာလိုက်တယ်  ..."


ဆယ်ဟွန်း ယူနာပြောမည့်စကားကို မျှော်လင့်တကြီးနှင့်စောင့်စားနေမိသည် ။ လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ထားမိပြီး  ဆယ်ဟွန်း အံကြိတ်ထားမိလျက်။

" သူ့ကိုစောင့်နေပေးပါတဲ့... "

ပါးပေါ်စီးကျသွားသည့် မျက်ရည်တွေ။ ဒီလိုမျိုး သူ့ကိုခံစားတတ်အောင်လုပ်ခဲ့ပြီး အခုတော့ ဒီစကားတစ်ခွန်းကို လူကြုံပါးပြီး သူ့ကိုစောင့်ခိုင်းသည်။

" ဒါက နင့်ကိုသူပေးခိုင်းလိုက်တာ ။ မငိုနဲ့...နင်ငိုရင် သူပြန်လာနေရအုံးမယ်။ သူ အမေနဲ့တွေ့ပါစေ။ ပြီးတော့ ဂျုံအင်နီးကို ယုံကြည်ပြီးစောင့်နေပေးရင်ကောင်းမှာပဲ။ "

ယူနာကမ်းပေးလာသည့် လေးထောင့်ဗူးလေးကိုယူကာ ဆယ်ဟွန်းခေါင်းတဆတ်ဆတ်ငြိမ့်မိသည်။ ထိန်းမနိုင်စွာစီးကျနေသည့် မျကိရည်တွေကို ပွတ်သုတ်ပစ်ပြီး ဗူးလေးကိုဖွင့်ကြည့်မိတော့ Furin လေးတစ်ခု၊ ပြီးတော့ စာလေးတစ်စောင်။
ဆယ်ဟွန်း တစ်ချက်ရှိုက်လိုက်မိပြီး စာလေးကိုဖွင့်လိုက်သည်။
" ငါ့ကိုစောင့်နေပေးပါ  ... တဲ့လား ။ "
ရင်ထဲ ဟာခနဲခံစားရခြင်းနဲ့အတူ ဆယ်ဟွန်းမျက်ရည်တွေစီးကျလာရပြန်သည်။ သူက ဘာကိုယုံကြည်ပြီး စောင့်နေရမှာတဲ့လဲ။

အချစ်ဆိုတာ အခိုက်အတန့်တစ်ခုလေးမှာ ခံစားသွားမိရုံနဲ့ ချစ်မိသူအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးချင်တာမျိုးထင်ပါရဲ့။

~~~~~


ဂင်မ်ဂျုံအင်ပေးခဲ့သည့် Iris ပန်းပင်လေးကို ရေဖြန်းလိုက်ပြီး ပန်းဆိုင်ရှင်ဆယိဟွန်းသက်ပြင်းချမိသည် ။ ပြီးခဲ့သည့်ဆယ်နှစ်ကျော်က ဘာကိစ္စစောင့်နေရမှာလဲဆိုပြီး စိတ်တိုခဲ့သည့်သူက စောင့်နေလိုက်တာ ဆယ်နှစ်ကျော်ခဲ့ပြီ ။ ဘာကိုယုံကြည်ပြီးစောင့်သလဲ ဆယ်ဟွန်းကိုယ်တိုင်လည်းမသိပါ။ ချိုသာသည့်အသံလေးကိုလား၊ နက်နဲလေးနက်သည့်မျက်ဝန်းတွေကိုလား ဒါမှမဟုတ် အကြည့်ချင်းဆုံလိုက်မိသည့်အခိုက်အတန့်လေးကိုလား။ ဆယ်ဟွန်း တကယ်မသိပါ။ဂင်မ်ဂျုံအင် တစ်နေ့နေ့ သူ့ဆီပြန်လာမယ်ဆိုတာကိုတော့ သူယုံကြည်နေပါသည်။

အဖြစ်အပျက်တွေကို ပြန်ပြောင်းတွေးရင်း ဆယ်ဟွန်းရင်ထဲလှိုက်တက်လာသည်။ ကျလုဆဲဆဲမျက်ရည်စလေးကို သုတ်လိုက်ပြီး ဆယိဟွန်းပြုံးလိုက်သည်။ တစ်နေ့ပြီးတစ်နေ့ ပန်းဆိုင်ရှေ့မှာရပ်ပြီး ဘာကြောင့်ရှင်သန်နေရသလဲ တွေးတောခဲ့မိသည့်သူ။ အခုတော့ ချစ်ဦးသူပြန်အလာကို စောင့်မျှော်ပြီးရှင်သန်နေရတာကို သူကျေနပ်နေပါသည်။

ချွမ် ~ ချွမ်~ ချွမ်~


Furin မြည်သံလေးနှင့်အတူ ဆိုင်ထဲဝင်လာသည့်သူတစ်ယောက်။

ဆယ်ဟွန်း ရင်ထဲလှပ်ခနဲခံစားသွားမိပြီး လှိုက်တက်လာခြင်းက ဝမ်းသာပျော်ရွှင်မှုလို့ဆိုရလေမလား။ ဝဲတက်လာသည့်မျက်ရည်တွေကရော... ပျော်ရွှင်ကြည်နူးသွားမှုကြောင့်ပဲထင်ပါရဲ့။

" မင်းသိလား  Iris ပန်းလေးရဲ့ အဓိပ္ပါယ်က မျှော်လင့်ခြင်းတဲ့  "

အရင်လိုပါပဲ။ အရင်လိုချိုသာသည့်အသံလေးနှင့် လေးနက်သည့်မျက်ဝန်းတွေ ပြီးတော့ ပိုပြီး တောက်ပအေးချမ်းလာသည့် အပြုံးလေးတစ်ပွင့်။ ဆယ်ဟွန်း မျက်တောင်မခတ်တမ်းငေးနေမိပါသည်။ ဒီလူကို သူဘယ်လောက်လွမ်းနေခဲ့ရသလဲ။

" အကြာကြီးစောင့်ခိုင်းနေမိလို့ တောင်းပန်ပါတယ်  "

ဆယ်ဟွန်း ခေါင်းကိုတွင်တွင်ယမ်းခါလိုက်မိပြီး ပြေးကာ ဂင်မ်ဂျုံအင်ကို ပွေ့ဖက်လိုက်သည်။  သူ့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး ' ချစ်တယ်' ဟုတိုးတိုးလေးဆိုလာသည့် ဂင်မ်ဂျုံအင်ရဲ့ရင်ခွင်ထဲ သူ့ဘဝလေး ငြိမ်းချမ်းပြည့်စုံသွားပါပြီ။

ချစ်ခြင်းမေတ္တာဆိုတာက  အခိုက်အတန့်လေးတစ်ခုမှ အချစ်တွေကို ခံစားမိရုံနှင့် နှစ်တွေအကြာကြီး ယုံယုံကြည်ကြည်စောင့်မျှော်နေနိုင်သည်အထိ  အင်အားကြီးမားပါသည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

SeKai Fanfic Festival 2021Where stories live. Discover now