Chpater 8 (Unicode)

84 7 0
                                    

အခန်း ၈

"ကဲ ... မင်းဆုတောင်းရမယ့်အလှည့်"

တရက်ဇ် ဆုတောင်းလိုက်၏။ သူ ကယ်ရောအတွက် ဆုတောင်းလိုက်သည်။

ရစ်ချက်က တရက်ဇ်အနောက်မှနေကာ သူ့လက်မောင်းများကို ဆုပ်ကိုင်ထားသည်။

အခန်းမျက်နှာကြက်တွင် အလှဆင်ထားသည့် လခြမ်းကွေးပုံသဏ္ဌာန်နှင့် ပုတီးစေ့များ ချိတ်ဆွဲထားသော ပစ္စည်းတစ်ခုအောက်တွင် သူတို့ ရပ်နေကြ၏။ ပစ္စည်းမှာ မလှမပဖြစ်ပေမယ့် ဆမ်ကိုမိသားစုကတော့ ထိုပစ္စည်းတွင် မှော်စွမ်းအားများ သက်ဝင်နေသည်ဟု မှတ်ယူထားပြီး၊ နေ့ထူးနေ့မြတ်များတွင် ချိတ်ဆွဲထားတတ်သည်။ ဒါကို ရစ်ချက်၏ အဘိုးက ရုရှားမှ ယူလာခဲ့ခြင်း ဖြစ်သည်။

"မင်း ဘာတွေ ဆုတောင်းလိုက်လဲ"

ရစ်ချက်က ပြုံးပြီး မေးလိုက်သည်။ သူ့အိမ်မှာ ဖြစ်ပြီးတော့ ရစ်ချက်က ပိုင်စိုးပိုင်နင်းဖြင့် တရက်ဇ်ကို နမ်းလိုက်၏။ အခန်းတံခါးမှာ ဖွင့်လျက် ဖြစ်ပြီး၊ ဧည့်ခန်းမတွင် လူအပြည့် ရှိနေသည်။

"ပြောပြလို့မရဘူးလေ"

"ရုရှားမှာဆိုရင် ပြောလို့ရတယ်"

"ဒါပေမယ့် အခု ရုရှားမှာမှ မဟုတ်တာကို"

ရေဒီယိုမှ ကယ်ရိုးနာတာလူးသီချင်းသံများ ထွက်လာ၏။ တရက်ဇ်က သူ့ဖန်ခွက်ထဲတွင် ကျန်နေသေးသော ပန်းရောင်သမ်းနေသည့် ကြက်ဥကဇော်ကို မော့သောက်လိုက်သည်။

"ကို့အခန်းထဲကို သွားရအောင်"

တရက်ဇ်က ပြောလိုက်သည်။

ရစ်ချက်က တရက်ဇ်၏လက်ကို ဆွဲကာ လှေကားပေါ်တက်ဖို့ လုပ်လိုက်သည်။

"ရိ..ချက်"

ဧည့်ခန်းမတံခါးနားတွင် ရပ်နေသည့် ဆေးတံကိုင်ထားသော အဒေါ်တစ်ယောက်က ရစ်ချက်ကို လှမ်းခေါ်လိုက်သည်။ ရစ်ချက်က တရက်ဇ် နားမလည်သည့် စကားလုံးတစ်လုံးကို ပြောလိုက်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။

အောက်ထပ်မှ ကခုန်နေတာများက ဒုတိယအထပ်မှာပင် တုန်ယမ်းနေသည်။ သီချင်းနှင့် အကမှာလည်း လုံးဝ မအပ်စပ်ပေ။ ဖန်ခွက်တစ်ခွက် လွတ်ကျသွားသည့် အသံကို တရက်ဇ် ကြားလိုက်ရပြီး၊ ကြမ်းပြင်တွင် ဖိတ်စင်သွားမည့် ကြက်ဥကဇော် အမြှုပ်တစီစီကို တရက်ဇ် မြင်ယောင်နေမိသည်။

Carol (မြန်မာပြန်)Where stories live. Discover now