Chapter 21.2 (Zawgyi)

19 3 0
                                    

ထိုနေ့မှာ မိုးတွေ ရွာနေ၏။ တရက်ဇ်က ဖုန်း ထပ်ခေါ်ကြည့်ဖို့အတွက် ၃နာရီထိုးမှာကို စောင့်နေကာ သူ့အခန်းအိပ်ရာပေါ်မှာပင် မျက်နှာကြက်တွေကို ကြည့်ရင်း လဲလျောင်းနေသည်။ မစ္စစ်ကုပါက မွန်းတည့်ချိန်မှာ နေ့လယ်စာလင်ဗန်းကို လာပို့ပေး၏။ မစ္စစ်ကုပါကတော့ သူ နေမကောင်းဖြစ်နေသည်ဟု ထင်နေသည်။ သို့သော်လည်း တရက်ဇ်က ဘာအစားမှ မစားနိုင်ကာ ဒါနှင့်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေ၏။၅နာရီအချိန်ထိ ကယ်ရောနှင့် ဖုန်းပြောနိုင်ဖို့ သူ ကြိုးစားနေမိသည်။ နောက်ဆုံးမှာ ဖုန်းမြည်သံ ရပ်သွားပြီး၊ ဝါယာကြိုးချိတ်ဆက်မှု ရှုပ်ထွေးနေကာ အော်ပရေတာအချင်းချင်း ဖုန်းချိတ်ဆက်ပေးဖို့ မေးခွန်းဖြေနေသံများ ထွက်လာ၏။"ဟုတ်ပြီ ... ဖြစ်ချင်ရာ ဖြစ်" ဆိုပြီး ကယ်ရောဆီမှ ပထမဆုံး ကြားလိုက်ရသည်။တရက်ဇ်က ပြုံးလိုက်ကာ အကိုက်အခဲဝေဒနာများက သူ့လက်မောင်းများမှ ပြေလျော့သွား၏။"ဟယ်လို"ကယ်ရောက တုံးတိကြီး ပြောလာ၏။"ဟယ်လို"ဆက်သွယ်မှုလိုင်းက အတော်ဆိုးသည်။"ကျွန်မ ချက်လက်မှတ်နဲ့ စာ ရတယ်။ ဘာတွေ ဖြစ်နေတာလဲ ... ကယ်ရော"ကယ်ရော၏ ဗျာများနေသံက တဖျစ်ဖျစ် တဖြောက်ဖြောက်နှင့် အနှောင့်အယှက်သံပေါ် ပြန်ပြန် ထပ်နေ၏။"ဒီဖုန်းလိုင်းက တခြားလိုင်းနဲ့ ချိတ်ထားတာ ထင်တယ် ... တရက်ဇ်။ မင်းရော အဆင်ပြေလား။ အိမ်ပြန်လာနေပြီလား။ တို့ အကြာကြီးတော့ ပြောလို့မရဘူးနော်"စကားလုံးများ မဲ့ကာ တရက်ဇ် မျက်မှောင်ကြုတ်ထားမိသည်။"ဟုတ်ကဲ့။ ကျွန်မ ဒီနေ့ ထွက်လာခဲ့လို့ ရတယ်"ထို့နောက် သူ ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်၏။"ဘာတွေလဲ ... ကယ်ရော။ ကျွန်မ ဘာတစ်ခုမှ မသိရဘဲ တကယ် သည်းခံမနေနိုင်တော့ဘူး""တရက်ဇ်"ကယ်ရောက တရက်ဇ်၏ စကားလုံးတိုင်းကို ပယ်ဖျက်နေသလို အပေါ်မှ မြန်မြန် ထပ်လိုက်ပြောနေသည်။"မင်းကို တို့ ပြောပြနိုင်အောင်လို့ အိမ်ကို လာခဲ့မလား"ကယ်ရောက စိတ်မရှည်စွာဖြင့် သက်ပြင်းချလိုက်တာကို သူ ကြားလိုက်ရသည်။"ဒါပေမယ့် ကျွန်မ အခု သိရမှ ဖြစ်မယ်။ ကျွန်မ ပြန်လာရင်ရော ရှင် ကျွန်မကို တွေ့လို့ ရနိုင်ရဲ့လား""သည်းခံနေဦးပေါ့ကွယ် ... တရက်ဇ်ရယ်"ဒါတွေဟာ သူတို့အတူ ပြောဖြစ်ခဲ့ကြပုံလား။ သူတို့ သုံးနေကျ စကားလုံးအသုံးအနှုန်းတွေလား။"ဒါပေမယ့် ... တွေ့လို့ရော ရရဲ့လား""တို့လည်း မသိဘူး"ကယ်ရောက ဖြေလိုက်သည်။အအေးဓာတ်က သူ့လက်မောင်းမှ တယ်လီဖုန်းကို ကိုင်ထားသည့် လက်ချောင်းများဆီသို့ စိမ့်ဝင်လာသည်။ ကယ်ရောက သူ့ကို မုန်းတီးနေသလို ခံစားနေရ၏။ သူ့အမှားပင်။ ဖလောရင့်စ် ရှာတွေ့သွားသည့် စာဟာ သူ၏ ဆိုးဝါးလွန်းသော အမှားပင် ဖြစ်၏။ တစ်ခုခုတော့ ဖြစ်ပျက်သွားပြီး၊ ကယ်ရောက သူ့ကို ထပ်မတွေ့ချင်တာ ဒါမှမဟုတ် ထပ်မတွေ့နိုင်တာ ဖြစ်လိမ့်မည်။"တရားရုံးကိစ္စတွေရော စပြီလား""ပြီးသွားပြီ။ အဲအကြောင်း မင်းကို စာရေးပို့ထားတယ်။ တို့ အကြာကြီး ပြောလို့ မရဘူး။ ဒါပဲနော် ... တရက်ဇ်"ကယ်ရောက သူ ပြန်ပြောလာမှာကို စောင့်နေသေး၏။"တို့ ဖုန်းချလိုက်တော့မယ်နော်"တရက်လည်း ဖုန်းလက်ကိုင်ကို ဒိုင်ခွက်သို့ အသာ ချလိုက်သည်။ရှေ့စားပွဲနားမှ မှုန်ဝါးဝါးပုံရိပ်တွေကို ငေးစိုက်ကြည့်နေရင်း ဟိုတယ်ဧည့်စောင့်ခန်းမှာ သူ ရပ်နေမိသည်။ သူ့အိတ်ကပ်ထဲမှ ကယ်ရော၏ စာကို ထုတ်ကာ ထပ်ဖတ်ကြည့်လိုက်သည်။ သို့ပေမယ့် "မင်းကို တို့ ပြောပြနိုင်အောင်လို့ အိမ်ကို လာခဲ့မလား" ဆိုသည့် ကယ်ရောအသံမှာ စိတ်မရှည်စွာဖြင့် နီးနီးကပ်ကပ် ပြောနေသလိုပင်။ချက်လက်မှတ်ကို သူ ထုတ်လိုက်ကာ သေသေချာချာ ရှေ့နောက်ပြောင်းပြန် ထပ်ကြည့်ပြီး၊ အသာ စုတ်ဖြဲပစ်လိုက်သည်။ စက္ကူစများကို ကြေးဝါရောင် အိုးလေးထဲသို့ လွှတ်ပစ်လိုက်သည်။အိမ်ကို ပြန်ရောက်လာကာ သူ့အခန်းအလယ်မှာ အိကျနေသော နှစ်ယောက်အိပ်ကုတင်၊ စားပွဲပေါ်မှ ကယ်ရောဆီက စာအပုံအထပ်ကို မမြင်မချင်းတော့ သူ့မျက်ရည်များ မကျလာချေ။ သူ ဒီမှာ နောက်တစ်ည ထပ်မနေနိုင်တော့ပါ။ညအတွက် ဟိုတယ်တစ်ခုမှာ သွားနေလိုက်မည်။ ကယ်ရော ပြောသည့် စာက ဒီကို မနက်ဖြန်မနက်ခင်းထိ မရောက်လာလျှင်လည်း ဘယ်လိုဖြစ်ဖြစ် သူ ထွက်သွားတော့မှာ ဖြစ်သည်။တရက်ဇ်က ဗီရိုမှ လက်ဆွဲအိတ်ကို ဆွဲချလိုက်ကာ အိပ်ရာပေါ်မှာ ဖွင့်ကြည့်နေ၏။ အဖြူရောင် လက်ကိုင်ပဝါ၏ ခေါက်နေသည့် ထောင့်တစ်ထောင့်က အင်္ကျီအိတ်တစ်ခုနှင့် ငြိနေသည်။ တရက်ဇ် ဆွဲထုတ်လိုက်ပြီး၊ နှာခေါင်းနား တေ့ကြည့်လိုက်ရာ ဒဲမွင်းစ်မှာ ရှိစဉ်က မနက်ခင်းကို သတိရမိသွားသည်။ ကယ်ရောက လက်ကိုင်ပဝါလေးကို ရေမွှေးဆွတ်ဖြန်းကာ ဒီနေရာမှာ ထားထား၏။ ကယ်ရောက ဒီနေရာမှာ ညှပ်ထား၍ သူပင် ရယ်မောလိုက်ပြီး၊ မှတ်မှတ်ရရ သရော်လိုက်သေးသည်။သူ့လက်တစ်ဖက်က ထိုင်ခုံနောက်တန်းကို ကိုင်ထားကာ ရပ်နေရင်း နောက်လက်တစ်ဖက်မှာ လက်သီးကျစ်ကျစ်ဆုပ်ထားရာမှ ပြေလျော့သွား၏။ သူ ခံစားနေရမှုဟာ သူ့မျက်စိရှေ့က စာအပုံနှင့် စားပွဲကို မျက်မှောင်ကြုတ်ကြည့်နေသလို ဝိုးတိုးဝါးတားပင်။ စားပွဲအနောက်နား စာအုပ်ပုံမှာ မှီတင်ထားသော စာကို သူ လှမ်းယူလိုက်သည်။ စာမြင်ကွင်းမှာ ပေါ်ပေါ်လွင်လွင် ရှိသော်လည်း အရင်က ဒီစာကို သူ မမြင်ခဲ့ပေ။ စာအိတ်ကို ဖွင့်ဖတ်ကြည့်လိုက်၏။ ကယ်ရော ပြောသည့် စာပင် ဖြစ်သည်။ စာရှည်တစ်စောင် ဖြစ်ပြီး၊ တချို့စာမျက်နှာများမှာ မှင်က အပြာဖျော့ရောင်ဖြစ်ပြီး၊ တခြားစာမျက်နှာများတွင် မှင်က အပြာရင့် ဖြစ်နေ၏။ ခြစ်ရာဖျက်ရာများနှင့် စကားလုံးများလည်း ပါသည်။ သူ ပထမစာမျက်နှာကို ဖတ်ပြီး၊ ပြန်သွားကာ ထပ်ဖတ်ကြည့်လိုက်၏။' တနင်္လာနေ့တို့အချစ်လေးရေ ... တို့တရားရုံးကို မသွားဖြစ်တော့ဘူး။ ဒီမနက်တင် ဟာ့ဂ်ျက တို့ကို ဘယ်လိုစွဲချက်တင်မလဲဆိုတာ သိလိုက်ရတယ်လေ။ ပြီးတော့ ဟုတ်တယ်။ သူတို့မှာ ဝါတာလူးလို့ နာမည်တပ်ထားတဲ့ အသံဖမ်းမှတ်တမ်း ရှိနေတယ်။ အဲတော့ တရားရုံးသွား၊ တရားရင်ဆိုင်တော့ရော ဘာထူးမှာလဲ။ မင်းကိုလည်း တရားခွင်မှာ အစစ်ဆေးမခံစေချင်လို့ ဘာမှမပြောပြဖြစ်တာကိုလည်း တို့ အရှက်ရမိတယ်။ တို့အတွက်တော့ မဟုတ်ပါဘူး။ တို့ကလေးအတွက်ပါ။ ဒီမနက်မှာ အားလုံးက တော်တော်လေး ရိုးရှင်းပါတယ်။ တို့ အလွယ်တကူပဲ အလျှော့ပေးလိုက်ပြီ။ အခု အရေးကြီးတဲ့ကိစ္စက တို့ ဘာဆက်လုပ်မလဲဆိုတာပဲ။ ရှေ့နေတွေကတော့ ပြောတယ်။ တို့ ကလေးကို ဆက်တွေ့နိုင်မလားက အဲဒါပေါ် မူတည်နေတယ်တဲ့။ အခုတော့ ဟာ့ဂ်ျက ကလေးကို ထိန်းသိမ်းစောင့်ရှောက်ခွင့် အပြည့် ရနေတာမို့လို့လေ။ တို့ ဘာဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်းကလည်း တို့ မင်းကို တွေ့နေတာ ရပ်မလားပေါ့။ မင်းလိုမျိုး တခြားတွေ့ဖြစ်နေတဲ့လူတွေလည်း ပါတယ် ပြောတယ်။ ရှင်းရှင်းလင်းလင်းတော့ မပြောဘူး။ ကမ္ဘာနောက်ဆုံးနေ့ရဲ့ အကဲဖြတ်လူတွေလို တို့ရဲ့ တာဝန်တွေ၊ တို့ရဲ့ နေရာ၊ အနာဂတ်တွေကို သတိပေးနေတဲ့ မျက်နှာပေါင်းများစွာ ရှိနေတယ်လေ။ သူတို့တွေက တို့အတွက် ဘယ်လိုအနာဂတ်မျိုးကို ပြုပြင်ပေးနိုင်မှာပါလိမ့်။ ၆လအတွင်းမှာ သူတို့က အနာဂတ်ကို ကြိုမြင်နိုင်ကြမှာလား။ ဒါပေမယ့် တို့က မင်းနဲ့ ဆက်မတွေ့တော့ဘူးလို့ ပြောလိုက်တယ်။ မင်း နားလည်ပေးနိုင်ပါ့မလားလို့ တို့ သိချင်မိတယ်ကွယ်။ တရက်ဇ် ... မင်းက ငယ်ပါသေးတယ်။ မင်းကို အရူးအမူး ဂရုစိုက်ပေးနေတဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို မင်း ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ ဒါ့အတွက်ကြောင့်ပဲ သူတို့က တို့ကို ဝမ်းသာစရာ ဆုလာဘ် ကမ်းလှမ်းလာပေးတယ်။ တို့ကလေးနဲ့ တစ်နှစ်ကို ရက်သတ္တပတ်တချို့မှာ ပေးတွေ့မယ်တဲ့လေ။နာရီပိုင်းမျှ ကြာပြီး -အက်ဘီလည်း ဒီရောက်နေတယ်။ တို့တွေ မင်းအကြောင်း ပြောဖြစ်ကြတယ်။ မင်းကို တို့ မေတ္တာတွေ ပို့ပေးသလို သူကလည်း မင်းကို မေတ္တာပို့ပေးပါတယ်တဲ့။ အက်ဘီလည်း တို့ သိနှင့်ပြီးသား အရာတွေကို သတိပေးပါတယ်။ မင်းက အရွယ်ငယ်သေးပြီး၊ တို့ကို တကယ် ချစ်မြတ်နိုးပါတယ် ဆိုတာတွေပေါ့။ အက်ဘီက မင်းဆီ ဒီစာကို မပို့စေချင်ဘူး။ မင်း ရောက်လာတော့မှပဲ ပြောပြစေချင်တာ။ အဲကိစ္စနဲ့ ပတ်သက်ပြီးတောင် တို့တွေ ငြင်းခုံလိုက်သေးတယ်။ ဒါနဲ့ တို့လည်း မင်းအကြောင်းကို တို့ သိသလောက် သူ မသိပါဘူး ပြောလိုက်တာပေါ့။ အခုလည်း တို့အကြောင်းကို မင်း သိသလောက် သူ မသိဘူးဆိုပြီး တို့ ထင်လာမိတယ်။ တကယ်တမ်း ဒါတွေက ခံစားချက်တွေပါပဲ။ ဒီနေ့ တို့ ပျော်မနေဘူး ... ဒါလင်ရယ်။ ရိုင်းဝီစကီတွေ သောက်ဖြစ်တယ်။ အဲဝီစကီက တို့ကို ပိုပြီး စိတ်ရှုပ်စေတယ်လို့ မင်း ပြောဦးမှာ တို့ သိတယ်။ ဒါပေမယ့် မင်းနဲ့အတူ ရှိခဲ့တဲ့ ရက်သတ္တပတ်တွေ ကုန်ပြီးတဲ့နောက်ပိုင်း ရက်တွေအတွက် တို့ ဘာမှ မပြင်ဆင်ထားတော့ဘူး။ မင်းနဲ့အတူ ရှိခဲ့ရတဲ့ ရက်သတ္တပတ်တွေဟာ တို့ ပျော်ခဲ့ရတဲ့ အချိန်တွေထက် ပိုပြီး ပျော်ခဲ့မိတဲ့ အချိန်တွေဆိုတာ မင်းလည်း သိပါတယ်။ တို့တွေ သိထားတာအားလုံးက အစပဲ ရှိပါသေးတယ်။ မင်း လုံးဝ မသိနိုင်တဲ့၊ သိလို့ရမှာမဟုတ်တဲ့ ကျန်တဲ့ကိစ္စတွေကိုလည်း ဒီစာထဲမှာ ပြောပြချင်သေးတယ်။ ကံစီမံရာပဲပေါ့။ တို့တွေ မရင်ဆိုင်ခဲ့ဘူး။ ငရဲမှာဖြစ်ဖြစ်၊ ကောင်းကင်ဘုံမှာဖြစ်ဖြစ် တို့တွေ အတူရှိနေချင်တာကလွဲရင် လိုချင်တာ တခြားမရှိတာကို သိလျက်နဲ့ တို့တွေ ပြန်မလာခဲ့ကြဘူး။ မင်းရော တို့ကို ဒီလောက် ဂရုစိုက်သလား ဆိုတာလည်း ... တို့ မသိဘူး။ ဒါပေမယ့် ဒါက ဒီကိစ္စရဲ့ ကဏ္ဍအားလုံးပါပဲ။ တို့တွေ သိထားတာက အစတစ်ခုပဲ ရှိပါသေးတယ်။ ပြီးတော့ အရမ်းတိုတောင်းတဲ့အချိန်တစ်ခုပဲ မလား။ ဒါကြောင့်ပဲ မင်းရင်ထဲမှာလည်း သံယောဇဉ်နည်းနည်းပဲ တွယ်နေဦးမှာပါ။ မင်းကတော့ တို့ ဘယ်လိုနေနေ၊ တို့ ကျိန်ဆဲရင်တောင် ချစ်တယ်လို့ ပြောတယ်။ တို့က အမြဲတမ်းအတွက် မင်းကို ချစ်တယ်။ မင်းဖြစ်နေလို့ကို ချစ်တယ်။ အနာဂတ်မှာ ဖြစ်လာမယ့် မင်းကိုလည်း ချစ်နေဦးမှာပဲ။ တခြားလူတွေအတွက် ဘယ်လိုပဲ အဓိပ္ပာယ်ဖြစ်သွားဖြစ်သွား၊ ဆုံးဖြတ်ချက်တစ်ခုခုကို ပြောင်းလဲသွားစေမယ်ဆိုလည်း ဒါတွေကို တို့ တရားရုံးမှာ ထုတ်ပြောမှာပါ။ ဒါတွေက တို့ စိုးရိမ်မိတဲ့ စကားလုံးတွေမှ မဟုတ်တာ။ တို့ဆိုလိုတာက ဒါလင် ... ဒီစာကို ပို့လိုက်တာ ... တို့ ဘာကြောင့် ဒီလို လုပ်တယ်၊ မင်းကို မတွေ့တော့ဘူးလို့ တို့ မနေ့က ရှေ့နေတွေကို ဘာကြောင့် ပြောလိုက်လဲဆိုတာ မင်းနားလည်ပေးမယ် ထင်လို့ပါ။ ပြီးတော့ တို့က ဒီလိုပြောပေမယ့် မင်း နားလည်ပေးနိုင်မှာ မဟုတ်မှန်း၊ မင်း ဒီထက် နောက်ကျမှ ပြန်လာမယ်မှန်း တို့ တွေးမိပါတယ်'သူ စာဆက်မဖတ်သေးဘဲ မတ်တပ်ထရပ်ကာ စာရေးစားပွဲသို့ လျှောက်လာ၏။ အမှန်ပင်။ ဘာကြောင့် ကယ်ရော ဒီစာကို ပို့လာသလဲကို သူ နားလည်မိသည်။ ကယ်ရောက သူ့ကလေးကို သူ့ထက် ပိုချစ်သည်ကိုး။ ဒါကြောင့်ပဲ ရှေ့နေတွေက သူ့ကို ကြိုးကိုင်နိုင်ပြီး၊ သူတို့လိုချင်သည့်အတိုင်း အတိအကျ အတင်းလုပ်စေနိုင်ခဲ့သည်။ ကယ်ရော အတင်းကြိုးစားခဲ့တာကိုတော့ တရက်ဇ် မြင်ယောင်မကြည့်နိုင်ပေ။ ကယ်ရော၏ စာမှာပင် ပါနေ၏။ ဒါဟာ အလျှော့ပေးလိုက်တာပင် ဖြစ်သည်။ သူက လောင်းကြေးဖြစ်နေသည့် အခြေအနေမျိုးမှာ ကယ်ရောဆီမှ ခုခံတွန်းလှန်နိုင်မှာ မဟုတ်မှန်း တရက်ဇ် သိသည်။ ရုတ်တရက် လွန်ခဲ့သည့်လ၏ အဖြစ်အပျက်အားလုံးက အလိမ်အညာကြီးတစ်ခုလိုမျိုး ကယ်ရောက သူ့ဆီမှာ သူ့ဘဝအစိတ်အပိုင်းအနည်းငယ်သာ မြုပ်နှံထားတာကို သဘောပေါက်လာမိ၏။ ဒါကို တရက်ဇ်က မယုံကြည်နိုင်သေးပေ။ သူ့ကလေးကိုပဲ ရွေးချယ်ခဲ့သည်ဆိုသည့် အချက်က ကျန်နေသေးသည်။ သူ့စားပွဲပေါ်မှ ရစ်ချက်၏ စာအိတ်ကို သူ စိုက်ကြည့်နေမိသည်။ ခံစားချက်က သူ့ရင်အတွင်း တဟုန်ထိုး မြင့်တက်လာကာ ရစ်ချက်ကို သူ မပြောဖြစ်ခဲ့သည့် ပြောချင်ခဲ့သော စကားလုံးများကို ပြန်တွေးနေမိသည်။ သူ ချစ်တဲ့လူအကြောင်းကို ဘယ်လို ဘယ်ဟာမှန်း ပြောဖို့အတွက် သူ့မှာ ဘာအခွင့်အရေး ရှိလို့လဲ။ သူက ကယ်ရောအကြောင်းကို ဘာများ သိလို့လဲ။ ဘာတွေ သိပြီးလို့လဲ။'ချဲ့ကားပေမယ့်လည်း တစ်ချိန်တည်းမှာပဲ ချုံ့ထားတာတွေပေါ့'သူ ကယ်ရော စာ၏ နောက်တစ်မျက်နှာကို ဖတ်လိုက်သည်။'ဒါပေမယ့် အနမ်းတစ်ခုကနေ ရလာတဲ့ ကြည်နူးမှု၊ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ရဲ့ အိပ်ရာပေါ်က ကိစ္စတွေကို တို့ကတော့ အဆင့်ဆင့်ပြောင်းလဲလာမှုလို့ပဲ ထင်တယ်။ ဥပမာပြောရရင် အနမ်းတစ်ခုဆိုတိုင်း အထင်သေးစရာ အနိမ့်ဆုံးအဆင့် မဟုတ်သလို လူတိုင်းက ဆုံးဖြတ်ပေးလို့ရတဲ့ တန်ဖိုးမဟုတ်ဘူးလေ။ သူတို့ရဲ့လုပ်ရပ်တွေက ကလေးတစ်ယောက်အပေါ် အကျိုးဖြစ်စေရဲ့လား၊ မဖြစ်စေဘူးလားနဲ့ သူတို့ရဲ့ ပျော်ရွှင်မှုကို အဆင့်သတ်မှတ်ကြတာလား။ ဟုတ်ရင်ရော ပိုပျော်ရတယ်လို့ စဉ်းစားကြတာလား ... တို့ သိချင်မိပါရဲ့။ ရေခဲမုန့်တစ်ခုရလာတဲ့ ပျော်ရွှင်မှုနဲ့ ဘောလုံးပွဲကြည့်ရတာရဲ့ ပျော်ရွှင်မှုကို နှိုင်းယှဉ်ကြည့်တော့ ဘာအသုံးကျမှာလဲ။ ဘီသိုဗန်တေးဝိုင်းနဲ့ မိုနာလီဇာကို ယှဉ်ရင်ရော။ ဒါတွေကို ဒဿနပညာရှင်တွေအတွက်ပဲ ထားခဲ့လိုက်ပါမယ်။ ဒါပေမယ့် သူတို့သဘောထားက တို့ကပဲ ဆောက်တည်ရာမရ ရူးနေသလိုလို၊ ကန်းနေသလိုလို ... သူတို့ပြောချင်တာက အတော်အသင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်က ယောက်ျားတွေအတွက် မဖြစ်ရလို့ နောင်တရနေတဲ့သဘောမျိုးလို့ တို့ ထင်တယ်။ တစ်ယောက်ယောက်က ငြင်းခုံပြောကြတဲ့အထဲ 'အနုသုခုမဒဿန' ဆိုတဲ့ စကားကြီးစကားကျယ် ပြောသေးတယ်။ တို့ကို ဆန့်ကျင်ပြီး ပြောတာ သေချာတာပေါ့။ သူတို့က တကယ်ပဲ ဒီစာလုံးအပေါ် အချေအတင်ဆွေးနွေးချင်တာလားလို့ တို့ ပြောလိုက်တယ်။ အဲလိုသာဆို ပွဲတစ်ခုလုံးအတွက် ဟာသတစ်ခု သယ်လာသလိုပဲ။ ဒါပေမယ့် ဘယ်တစ်ဦးတစ်ယောက်ကမှ မတွေးမိခဲ့ကြတဲ့၊ တို့ မပြောဖူးတဲ့ အရေးအကြီးဆုံးအချက်က ယောက်ျားနဲ့ မိန်းမကြားမှာ ဘယ်တော့မှ ရှိမလာနိုင်မယ့် .... ယောက်ျားနှစ်ယောက်အချင်းချင်း၊ မိန်းမနှစ်ယောက်အချင်းချင်း အပြန်အလှန် နားလည်မှုက ပိုပြီး တိကျပြည့်စုံနိုင်တယ်ဆိုတာပဲ။ လူတချို့ကတော့ ဒါမျိုး လိုချင်ကြတာ ဖြစ်နိုင်ပေမယ့် တချို့ကျတော့ မိန်းမနဲ့ ယောက်ျားကြားမှာ ဖြစ်တတ်တဲ့ ဒီ့ထက် ပိုရှုပ်ထွေးပြီး၊ မသေချာမရေရာ အရာတွေကို လိုချင်ကြတာ ဖြစ်မယ်။ ဒါကို မနေ့ကတင် ပြောဖြစ်လိုက်သလား၊ သွယ်ဝိုက် ညွှန်းဆိုလိုက်သလားပဲ။ တို့ရဲ့တင်ပြမှုကပဲ တို့ကို လူတွေရဲ့ ဆုတ်ယုတ်လာတဲ့ အကျင့်ဆိုးတွေကို နက်နက်ရှိုင်းရှိုင်း သိလာရတယ်။ ဟုတ်တာပေါ့။ သူတို့တွေ တို့ဆီက မင်းကို ယူသွားပြီကတည်းက တို့ ဒါကို ကောင်းကောင်း သိလာတယ်။ လူတစ်ယောက်ကို ရေရှည် မပိုင်ဆိုင်ရဖို့အတွက် ဒီလိုမျိုးသာ ဆက်ဖြစ်နေရင်၊ နောက်ယောင်ဆက်အလိုက်ခံ၊ အတိုက်ခိုက်ခံနေရမှာဆိုရင် တို့ပြောတာ မှန်တာပေါ့။ အဲလူရဲ့ အသိတရားက အပေါ်ယံပဲ။ စုတ်ပြတ်နေတာလေ။ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ စိတ်သဘောကို ဆန့်ကျင်ပြီး ရှင်သန်တာကလည်း အဓိပ္ပာယ်ဖွင့်ရရင် စာရိတ္တတွေ ပျက်ပြားလာတာပဲမလား။ဒါလင် ... ဒါတွေအားလုံး မင်းကို ရင်ဖွင့်ပြောပြတာပါ။(နောက်စာကြောင်းတွေကိုတော့ ဖျက်ထား၏)သေချာပေါက် မင်းက တို့ထက် အနာဂတ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်မှာပါ။ တို့က မင်းအတွက် မကောင်းတဲ့ နမူနာလို့ သဘောထားလိုက်ပေါ့။ အခု မင်း ခံနိုင်ရည် ရှိမယ် ထင်တာထက်ကို ပိုနာကျင်ရမယ်ဆိုရင် အခုမဟုတ်ရင်တောင် တစ်နေ့နေ့မှာ တို့ကို မုန်းသွားမှာပါ။ အက်ဘီကို တို့ ပြောပြတာလည်း ဒါပဲ။ တို့ ဝမ်းမနည်းပါဘူး။ မင်း ပြောခဲ့သလိုပေါ့။ တို့က မင်းနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့ လူတစ်ယောက်ပါပဲ။ ဒီအဖြစ်အပျက်တွေအားလုံးကို မင်း အတိတ်မှာ ချန်ထားခဲ့လို့ ရပါတယ်။ ဒီကျရှုံးမှုနဲ့ စိတ်ပျက်စရာတွေကြောင့်တောင် ဒါကို မင်း အတိတ်မှာ မချန်ထားခဲ့ဘူးဆိုရင် မင်း အဲနေ့ခင်းက ပြောတာတွေက မှန်မှန်း တို့သိပါပြီ။ ဒီလို ဖြစ်ဖို့တော့ မလိုအပ်ပါဘူး။ မင်း ပြန်လာတဲ့အခါ မင်းသာ ဆန္ဒရှိမယ်ဆိုရင် တို့ မင်းနဲ့ တစ်ခါလောက်တော့ စကားပြောချင်သေးပါတယ်။ မင်း မလာနိုင်ဘူးလို့ မထင်ရင်ပေါ့။မင်းရဲ့အပင်တွေကတော့ ဆင်ဝင်ခန်းနောက်မှာ ရှင်နေတုန်းပဲ။ တို့ နေ့တိုင်း ရေလောင်းဖြစ်တယ်... 'သူ စာကို ဆက်မဖတ်နိုင်တော့ပေ။ သူ့တံခါးအပြင်ဘက်မှ ဟောခန်းမကို အသေအချာ ဖြတ်လျှောက်သွားပြီး အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းသွားသော ခြေလှမ်းသံကို သူ ကြားနေရသည်။ ခြေလှမ်းသံ ပျောက်သွားချိန်မှ သူ တံခါးကို ဖွင့်လိုက်ကာ သူ့နောက်မှာ အရာအားလုံးကို ချန်ထားခဲ့ပြီး၊ အိမ်ကနေ ထွက်သွားချင်စိတ်ကို ထိန်းထားရင်း ထိုနေရာမှာ ခေတ္တ ရပ်နေမိ၏။ ထို့နောက် ဟောခန်းမကို ဖြတ်ပြီး၊ နောက်ဖေးဘက်မှ မစ္စစ်ကုပါ၏ တံခါးဆီသို့ သွားလိုက်သည်။မစ္စစ်ကုပါက သူ တံခါးခေါက်တာကို လှမ်းဖြေသည်။ ဒီည ထွက်သွားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသည့် စကားများကို သူ ပြောလိုက်သည်။ သူ ပြောတာတွေကို သေချာနားမထောင်ဘဲ သူ့မျက်နှာကိုသာ တန်ပြန်နေသည့် မစ္စစ်ကုပါ၏ မျက်နှာကို သူ အသေအချာ ကြည့်နေမိသည်။ မစ္စစ်ကုပါက သူ လှည့်ရှောင်ပြေးမရနိုင်သော သူ့ကိုယ်ပိုင်ပုံရိပ် ဟန် ရှိလာ၏။"အော် ... စိတ်မကောင်းပါဘူး မစ္စဘဲလီဗက်ရယ်။ သမီးရဲ့ အစီအစဉ်တွေ လွဲချော်သွားတယ်ဆိုတော့ အန်တီ စိတ်မကောင်းပါဘူး"မစ္စစ်ကုပါက သိချင်လိုစိတ်ပြင်းပြပြီး၊ တုန်လှုပ်အံ့ဩနေသည့် မျက်နှာထားမျိုးဖြင့် ပြောလာသည်။ထို့နောက် တရက်ဇ်က သူ့အခန်းထဲသို့ ပြန်သွားပြီး၊ လက်ဆွဲအိတ်ထဲ သူ ညီညီညာညာခေါက်ထားသည့် ကတ်ထူပြားစင်ဒီဇိုင်းများနှင့် စာအုပ်တွေကို ထည့်ကာ အထုပ်အပိုးတွေကို ပြင်ဆင်နေ၏။ ခဏကြာလျှင် မစ္စစ်ကုပါက သူ့အတွက် တစ်ခုခု ယူလာနေသကဲ့သို့ပင် သူ့အခန်းတံခါးနားသို့ အသာ ချဉ်းကပ်လာတာကို သူ ကြားနေရသည်။ နောက်ထပ် စားစရာလင်ဗန်းကို ယူလာတာဆိုလျှင်တော့ သူ အော်မိလိမ့်မည်ဖြစ်သည်။ မစ္စစ်ကုပါက တံခါးခေါက်လာသည်။"နောက်ထပ် စာတွေ ရောက်လာရင် ဘယ်ကို လွှဲပေးရမလဲ ... ကလေး"မစ္စစ်ကုပါက မေးလာသည်။"ကျွန်မလည်း မသိသေးဘူး။ စာရေးပြီး ရှင့်ကို အသိပေးပါ့မယ်"သူ မတ်မတ်ပြန်ရပ်လိုက်သည့်အခါ အနည်းငယ်မူးဝေသွားသလို ခံစားလိုက်ရ၏။"သမီးက ဒီညနောက်ကျမှ နယူးယောက်ကို ပြန်သွားမှာတော့ မဟုတ်ဘူးမလား"မစ္စစ်ကုပါက ၆နာရီနောက်ပိုင်းကိုပင် ညဟု ပြောတတ်သည်။"မဟုတ်ပါဘူး"တရက်ဇ်က ဖြေလိုက်၏။"ဒီတိုင်းပဲ ခရီးဆက်မှာပါ"သူ တစ်ယောက်တည်း နေရဖို့ကို စိတ်မရှည်တော့ပေ။ ခါးစည်းအောက် မီးခိုးရောင် ရှေ့ဖုံးခါးစည်းထဲမှ ဖောင်းထွက်နေသော မစ္စစ်ကုပါ၏ လက်ကို သူ ကြည့်မိလိုက်သည်။ ထို့နောက် သူ မရောက်လာခင်ထဲက ဒီကြမ်းပြင်မှာ လျှောက်ခဲ့ဖူးကြမည့်၊ သူ ထွက်သွားချိန်မှာလည်း တူညီသော ခြေရာများကို ဆက်ရှိစေဦးမည့် အလွန်ပါးသော အိမ်စီးဖိနပ်များကို သူ ကြည့်လိုက်သည်။"ကောင်းပြီလေ။ သမီး ထွက်သွားတော့မယ်ဆိုရင် အန်တီ့ကို ပြောသွားဦး""ဟုတ်ကဲ့"xxxxxသူ ကယ်ရောကို အမြဲ ဖုန်းခေါ်နေကျ ဟိုတယ် မဟုတ်သည့် အခြားဟိုတယ်ကို မောင်းထွက်လာ၏။ ထို့နောက် နားမနေဘဲ ကယ်ရောနှင့် ရောက်ဖူးသည့် လမ်းများကို ရှောင်ကာ လမ်းလျှောက်ထွက်လာခဲ့သည်။ တခြားမြို့တစ်မြို့သို့ မောင်းသွားပြီး အဲရောက်မှ နားနေဖို့ တွေးလိုက်ပေမယ့် ကားထဲသို့ လှည့်ပြန်ရန် လုပ်လိုက်သေး၏။ ထို့နောက် သူ ဘယ်ရောက်နေသလဲဆိုတာကို အမှန်တကယ် ဂရုမစိုက်ဘဲ ဆက်လျှောက်နေမိသည်။ သူ မချမ်းတုန်လာမချင်း ဆက်လျှောက်နေရာ နွေးသွားဖို့အတွက် ဝင်နေဖို့ အနီးဆုံးနေရာက စာကြည့်တိုက်ပင်။ တရက်က လမ်းမကြီး၏ ဘေ စားသောက်ဆိုင်ငယ်တစ်ဆိုင်ကို ဖြတ်လျှောက်လာကာ လှမ်းကြည့်လိုက်၏။ ဒတ်ခ်ျက သူ့ကို မြင်သွားပြီး၊ ပြတင်းပေါက်မှ သူ့ကို လှမ်းမြင်နိုင်ဖို့ ငုံ့ကြည့်နေရသလို ရင်းရင်းနှီးနှီးရှိသည့် ပုံစံဖြင့် ခေါင်းငုံ့ကာ ကြည့်နေ၏။ သူ့ကို ပြုံးပြကာ လက်ပြနှုတ်ဆက်လာသည်။ သူလည်း အလိုလို နှုတ်ဆက်လက်ပြလိုက်သည်။ ထို့နောက် နယူးယောက်က သူ့အခန်းကို သတိရသွား၏။ အခန်းထဲမှာ သူ့ဝတ်စုံက ဆိုဖာထိုင်ခုံပေါ်မှာ တင်လျက်အတိုင်းသား ဖြစ်ပြီး၊ ကော်ဇောထောင့်စွန်းကလည်း လန်နေလိမ့်မည်။ အခုနေ အခန်းထဲသို့ ပြန်ရောက်သွားလျှင် ကော်ဇောကို သူ အရင် ပြန်လှန် ဖြစ်မည်။စာကြည့်တိုက်မှူး မစ္စဂရေဟမ်က ထုံးစံအတိုင်း သူ့ကို နှုတ်ဆက်၏။ သို့ပေမယ့် တရက်ဇ်က အဓိကစာဖတ်ခန်းထဲသို့ မဝင်သွားတော့ပေ။ အခန်းထဲမှာတော့ လူနှစ်ယောက်၊ သုံးယောက် ရှိနေသည်။ အလယ်စားပွဲဝိုင်းမှာ ထိုင်နေကျ အမည်းရောင် အနားကွပ် မျက်မှန်နှင့် ထိပ်ပြောင်ပြောင် လူကြီးကိုလည်း တွေ့ရသည်။ သူကရော သူ့အိတ်ကပ်ထဲ ကယ်ရောဆီမှ စာလေး ထည့်ထားကာ ဒီအခန်းလေးထဲ ဘယ်နှကြိမ် ထိုင်နေခဲ့ဖူးပါလိမ့်။ သူ့ဘေးနားမှာ ကယ်ရော ရှိနေပြီးတော့ရော ဘယ်နှကြိမ် ထိုင်ခဲ့ဖူးသလဲ။ သူ လှေကားသို့ တက်သွားကာ ဒုတိယထပ်မှ သမိုင်းနှင့်အနုပညာအခန်းကို ဖြတ်လာခဲ့ပြီး သူ တစ်ခါမှ မရောက်ဖူးသည့် တတိယထပ်သို့ ရောက်လာခဲ့သည်။ နံရံတစ်လျှောက်မှာ မှန်ဗီရို စာအုပ်စင်များ၊ ဆီဆေးပန်းချီကားတချို့နှင့် ကိုယ်တစ်ပိုင်းပုံ ကြွေထည်ရုပ်ထုတွေကို အသေအချာ စီရီထားသော မွဲညစ်ညစ် အခန်းကြီးတစ်ခန်း ရှိ၏။စားပွဲဝိုင်းတစ်ခုမှာ တရက်ဇ် ဝင်ထိုင်လိုက်သည်။ တစ်ကိုယ်လုံး ကိုက်ခဲနေမှုက ပြေလျော့သွား၏။ ရုတ်တရက် အိပ်ငိုက်လာပြီး အားမရှိတော့သလို ခံစားလာရ၍ စားပွဲပေါ်သို့ လက်ချကာ မှောက်အိပ်လိုက်သည်။ သို့ပေမယ့် ခဏအကြာတွင် ထိုင်ခုံကို ရွှေ့ကာ ထရပ်လိုက်သည်။ သူ့ဆံပင်အမြစ်များမှပင် တဖျဉ်းဖျဉ်း ခံစားနေရ၏။ ဘယ်နည်းနှင့်မဆို အရာအားလုံးက အရင်က ဖြစ်ပျက်ခဲ့သလိုမျိုး ဖြစ်ပျက်လာမည်အမှတ်နှင့် ကယ်ရောက တကယ် ထွက်မသွားဘူး၊ သူ နယူးယောက်ကို ပြန်ရောက်သွားလျှင်လည်း ကယ်ရောနှင့် ထပ်တွေ့နိုင်မည်ဆိုပြီး သူ ဟန်ဆောင် နေခဲ့ရသည်။ ထို့နောက် ဝိရောဓိဖြစ်နေမှုနှင့် ညီမျှခြင်းတွေကို လိုက်ရှာဖွေနေသလို အခန်းကို စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ ထိုခဏအတွင်းမှာ သူ့ကိုယ်ခန္ဓာက အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့မလို၊ ဒါမှမဟုတ် အခန်း၏ ပြတင်းမှန်ရှည်မှ ဖြတ်၍ ခုန်ထွက်သွားတော့မလို သူ ခံစားနေရသည်။ထို့နောက် ဖုန်များကြောင့် ရေးရေးမျှသာ ထင်သော်လည်း စပ်စပ်စုစုနိုင်သည့် ပုံစံဖြင့် မျက်ခုံးပင့်ထားပြီး၊ အသက်မပါလှသော ဟုမ်းမားကြွေထည်ရုပ်ထုကို သူ ငေးစိုက်ကြည့်နေမိသည်။ တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ တံခါးထုပ်အပေါ်မှ ပန်းချီကားတစ်ချပ်ကို သူ ပထမဆုံး သတိထားမိသွား၏။ဒီပန်းချီဟာ သိပ်မတူ၊ မတူဘူးဆိုပေမယ့် တူတာတော့ တူသည်ဟု သူ တွေးလိုက်သည်။ သူ ပန်းချီကားကို ကြည့်လေလေ ... မှတ်မိလာစိတ်တွေက သူ့ကို ခြောက်ခြားလာ၏။ ပန်းချီကားက တကယ်တူသည်။ အရွယ် ပိုကြီးတာသာ ရှိမည်။ ဒါကို သူ ငယ်စဉ်က ဂီတခန်းသို့ အဝင် ဟောခန်းမမှာ သူတို့တွေ မဖြုတ်ထားခင်အထိ သူ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးပြီဖြစ်သည်။ နန်းဝတ်နန်းစားပုံစံမျိုးနှင့် ထည်ဝါလှသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ပြုံးရွှင်နေသော အမျိုးသမီးပုံပင် ဖြစ်သည်။ လည်ပင်းအောက်မှာ လက်ကို ဟန်ထားကာ၊ မာနကြီးသည့် မျက်နှာက တစ်ဖက်ကို လှည့်ထားသေးသည်။ ပန်းချီဆရာက သက်ဝင်လှုပ်ရှားနေသည့် သူ့ကို အမိအရ ရေးဆွဲထားသလိုမျိုးပင် နားတစ်ဖက်ဆီမှ တွဲလျားကျနေသည့် ပုလဲနားကပ်လေးတွေက လှုပ်ခတ်နေဟန် ရှိသည်။ပန်းချီကားထဲမှ မျက်နှာကျတိုတို၊ တင်းတင်းရင်းရင်း မျက်နှာပေါက်၊ သရော်နေသဏ္ဌာန် နှုတ်ခမ်းပုံစံမျိုးဖြင့် ထောင့်တစ်ဖက်ကသာ ပြုံးတက်နေသည့် သန္တာနှုတ်ခမ်းတစ်စုံ၊ သိပ်အမြင့်အမောက်ကြီး မဟုတ်သည့် နဖူးပုံစံတို့ကို သူ သိနေ၏။ ပန်းချီကားပင် ဆိုသော်လည်း ကြိုတင်၍ အရာအားလုံးကို သိနေသည့် မျက်လုံးသဏ္ဌာန်ကို ဖော်ဆောင်ထားကာ၊ ကြင်နာထောက်ထားနေပြီး တစ်ချိန်တည်းမှာပင် ရယ်မောနေဟန် ရှိသည်။ဒါဟာ ကယ်ရောပင်။ ပန်းချီကားဆီမှ အကြည့်မလွှဲနိုင်သော ရှည်ကြာသည့် အချိန်အတွင်းမှာ သူ့နှုတ်ခမ်းက ပြုံးနေမိကာ မျက်လုံးများကတော့ သူ့ကိုယ်သူ ပြက်ရယ်ပြုနေ၏။ နောက်ဆုံး လွှမ်းခြုံထားခြင်းက လှစ်ဟလာမှုဟာ တခြားမဟုတ်ဘဲ ဖြစ်ပျက်သွားသည့် သစ္စာဖောက်ခြင်းနောက်က လှောင်ပြောင်မှု၊ ဝမ်းသာအားရဖြစ်နေမှုနှင့် စိတ်ကျေနပ်မှုတို့ပင် ဖြစ်သည်။တုန်လှုပ်မှုများဖြင့် ပင့်သက်ရှိုက်ကာ ပန်းချီကားအောက် တံခါးမှ လှေကားသို့ ပြေးဆင်းလာခဲ့သည်။ အောက်ထပ် ဟောခန်းမတွင် မစ္စဂရေဟမ်က သူ့ကို တစ်ခုခုပြောပြီး၊ စိုးရိမ်စရာ မေးခွန်းတစ်ခု မေးလိုက်သော်လည်း အသက်ရှူမှားနေရသေးတာကြောင့် အရူးတစ်ယောက် ဗလုံးဗထွေးပြောသလိုမျိုး သူ ဖြေခဲ့မိတာကို ပြန်ကြားနေမိ၏။ ထို့နောက် သူ မစ္စဂရေဟမ်ကို ဖြတ်လျှောက်လာပြီး၊ အဆောက်အဦးထဲမှ ထွက်ပြေးလာခဲ့သည်။**********

Carol (မြန်မာပြန်)Where stories live. Discover now