Part - 3 { အတိတ် }

15 2 0
                                    


လွှာ ပတ်ဝန်းကျင်သစ်တခုဆီ မေမေနဲ့တူတူပြောင်းလာခဲ့ရသည်။သာမန်၅တန်းကျောင်းသူအတွက် ကျောင်းပြောင်းရလွယ်ကူလောက်ပေမယ့် ကျောင်းသစ်မှာ သူငယ်ချင်းရဖို့နှင့် နေသားတကျဖြစ်ဖို့ ခက်ခဲသည်မဟုတ်လား။လွှာ့အတွက်တော့ သမီးကအချောလေးပဲ ချစ်ဖို့ကောင်းလိုက်တာ လို့သာ ပြောကြတာမဟုတ်လား။ဂုတ်ထောက်နေသော ဘိုဆန်ဆန်ဆံပင်အလိပ်လေးတွေနှင့် မျက်ဝန်းဆန်စိုစိုလေးကြောင့် မိုးတိမ်လွှာလေးအား မြင်သူအကုန်ချစ်ကြသည်။

"မေမေ ဒါ လွှာတို့အိမ်သစ်လားဟင်"

"ကြိုက်လား သမီးငယ်
ဒါ သမီးဖွားဖွား မေမေ့ရဲ့အမေအိမ်ပေါ့..."

မေမေ့အသံအနည်းငယ်တိမ်ဝင်သွားသည်။

"ကြိုက်တယ် မေမေ"

မကျယ်လှသောခြံငယ်လေးထဲ ဟိုကြည့်ဒီကြည့်နှင့် လမ်းလေးလျှောက်နေသော သမီးကိုကြည့်ပြီး ဒေါ်လဲ့လဲ့ပြာမျက်ရည်ဝဲမိပြန်သည်။သမီးလေးမိုးတိမ်လွှာသည် အနေအေးပြီး ဆိတ်ငြိမ်တတ်သောကလေးမို့ ဒီပတ်ဝန်းကျင်ကိုသဘောကျမှာကြိုသိပြီးသားပင်။အိမ်ခြေနဲပြီး တိတ်ဆိတ်သောရပ်ကွက်ကလေး...မိမိ မိဘ၂ပါးခေါင်းချရာဇာတိမြို့လေးလည်းဖြစ်သောကြောင့် ဒေါ်လဲ့လဲ့ပြာ ကွာရှင်းပြတ်စဲခြင်းအပြီးတွင် ပြောင်းလာခဲ့ခြင်းဖြစ်သည်။သမီးလေးမှာထက်မြက်သူမို့ မိဘ၂ပါးအတူမနေတော့သည်ကိုသိနေလောက်ပါသည်။အကျယ်တဝင့်ရှင်းပြရမည့်အရွယ်မရောက်သေးသော်လည်း ဒေါ်လဲ့လဲ့ပြာအနည်းငယ် ပြောပြထားခဲ့သည်....သမီးဖေဖေ တခြားမိသားစုနှင့်အတူနေထိုင်တော့မည်ဆိုသည်ကိုပေါ့....။

....................................

"တိတ်တိတ်နေကြမယ်"

ကလေးတအုပ် ​ကျွတ်စီကျွတ်စီဖြစ်နေရာမှ တိတ်ဆိတ်သွားသည်။

"သမီး မိုးတိမ်လွှာ ဒါသမီးစာသင်ရမယ့်အခန်း
ပြတင်းပေါက်နားကခုံအလွတ်မှာထိုင်လိုက်နော်"

"ဟုတ်ကဲ့ပါ ဆရာမ"

ကလေးများ မိုးတိမ်လွှာကိုဝိုင်းကြည့်ပြီး ပြန်ဆူညံလာပြန်သည်။

"နည်းနည်းလောက်ဖယ်ပေးပါ"

မြူနှင်းချိုတချက်ကြည့်လိုက်ပြီး နေရာမှထပေးလိုက်သည်။၂ယောက်တတန်းစားပွဲခုံမို့ ချိုထပေးမှသာ ကျောင်းသူသစ်လေးဝင်လို့ရမည်လေ။

"ငါ့နာမည်ကမိုးတိမ်လွှာ နင့်နာမည်ကော"

ချို တချက်ကြောင်သွားသည်။အတန်းထဲတွင်ချိုနှင့်ခင်သောသူငယ်ချင်းဆိုပြီးမရှိ...သိရုံမျှသာ။ချို့ဘက်ကစရောတတ်သောအကျင့်မရှိသောကြောင့်လားမသိ...ဘယ်သူနဲ့မှမခင်သောကြောင့် တယောက်ထဲသာအနေများသည်။
ကျောင်းသူသစ်ကစခေါ်သဖြင့် ချိုကလည်း

"ချို.....ငါ့နာမည်မြူနှင်းချို"

"ငါတို့နာမည်ချင်းဆင်တယ် ငါကမိုးတိမ် နင်ကမြူနှင်း ဟီးဟီး.......နင့်ကိုချိုလို့အကုန်ခေါ်ကြတာပဲလား"

" အကုန် ... ? "

ချိုသိပ်နားမလည် မေမေရောဆရာမတွေရော ဒီလိုပဲခေါ်ကြတာမို့.....

"အင်းလေ ငါ့နာမည်ကချိုပဲဥစ္စာ"

"နင်ကငါ့ရဲ့သူငယ်ချင်းဖြစ်ပြီဆိုတော့
သူများနဲ့တူချင်ဘူး ငါကမြူလို့ပဲခေါ်မှာ
တခြားသူတွေပေးခေါ်ရဘူးနော်"

ဘာကြောင့်မှန်းမသိ ၅တန်းအရွယ်ကလေးမလေးနှုတ်ခမ်းဆူပြီးပြောတဲ့စကားကို နောက်၅တန်းကလေးမလေးချိုကသဘောအကျကြီးကျမိသွားတာ....မှတ်မှတ်ရရပါပဲ
ဒီနေ့ကို ချိုမေ့လို့ရမှာမဟုတ်။

...................................

"မေမေရေ မေမေ"

"ဟဲ့ အလန့်တကြားနဲ့ ဘာလဲ ဘာဖြစ်လာတာလဲ ဘယ်သူနဲ့ရန်ဖြစ်လာပြန်ပြီလဲ"

"ချိုရန်ဖစ်လာပါဘူး သူငယ်ချင်းသစ်ရပြီသိလား ချို့ကိုသူစခေါ်တာ ကျောင်းပြောင်းလာတာသူက သူ့ဆံပင်ကခေါက်ဆွဲလိုကောက်ကောက်လေး အိလည်းအိနေရောပဲမေမေ ဒီနားလောက်ပဲရှိတာသိလား"

ဆိုပြီး ပုခုံးလေးကိုလက်နှင့်ပုတ်ပြလေသည်။

"အမလေး တခုစီပြော တရစပ် စက်သေနတ်ပစ်နေသလိုမပြောပါနဲ့ မြူနှင်းချိုရဲ့....ထိုင် ထိုင် လွယ်အိတ်ချဦး ထမင်းကုန်လာလား ကြက်သားသုပ်ထဲကကြက်သွန်နီတွေချန်ထားတာတွေ့ရင် မေမေဆူမယ်နော် ချို"

"ချန်ခဲ့ပါဘူး မေရဲ့ အကုန်ပြောင်အောင်စားခဲ့တာ ချိုပြောပြမယ်သိလား သူ့နာမည်ကလေ မိုးတိမ်လွှာတဲ့ မျက်လုံးကလေအညိုရောင်ကြီး စာလည်းရတယ်မေမေရဲ့ချို့နားမှာထိုင်ဆိုပြီးဆရာမကလွှတ်တာနဲ့ သူလာထိုင်ရော သူကချို့ကိုအရင်ခေါ်တာ သိလားမေမေ"

"နာမည်လေးကချစ်စရာလေးပဲ သမီးသူငယ်ချင်းကိုကျောင်းပိတ်ရင်အိမ်မှာလာကစားဖို့ခေါ်လိုက်လေ မေမေက မုန့်လုပ်ကျွေးမယ်"

"ဂယ်နော် မေမေ
ယေး လွှာနဲ့တူတူကစားမယ်ဟေး"

.........................................

စည်း Where stories live. Discover now