CHAPTER-2

864 133 3
                                    

UNICODE

အပိုင်း()

စက္ကန့်ပိုင်းမျှကြာသော် လင်းမြို့၊ ခမ့်ဟယ်ဆေးရုံ၏အပြင်လူနာဆောင်၌ ဖယောင်းတိုင်မီးတစ်တိုင် ရုတ်ခနဲ လင်းလာ၏။ တဖျတ်ဖျတ်လင်းကာ စူးရှတောက်ပသော်လည်း ထင်းခနဲမမြင်သာ။ ဖြတ်သွားသော ကားရှေ့မီးအလင်းရောင်က ပြတင်းပေါက်မှန်ထက်၌ ရောင်ပြန်ထင်ဟပ်သွားသည့်ပမာ။

နေရာရပ်ဝန်းကို ဆိုရသော် ဆေးရုံ၏သုံးထပ်မြောက် ချောင်ကြိုချောင်ကြားတစ်နေရာ၌ တည်ရှိသည့် မှုခင်းဆေးပညာဆိုင်ရာဆေးခန်းသာ ဖြစ်တော့သည်။

ထိုဆေးခန်းဟာ လူအဝင်အထွက်များသည့် ပုံစံမျိုးလည်း မပေါက်။ တံခါးထက်၌မူ အချိန်ဇယားတစ်ခုကို ပုံနှိပ်ထားသည့် A4စာရွက်တစ်ရွက်ကို ကပ်ထားလေသည်။ ဆိုရပါလျှင် တံခါးရှိ မှန်ပြတင်းသေးသေးလေးမှတစ်ဆင့် အခန်းတွင်းသို့ ချောင်းမကြည့်နိုင်စေရန် ဤစာရွက်ဖြင့် ကာထားရုံ။ စာရွက်ထက်၌ စာကြောင်းနှစ်ကြောင်းက အခန့်သား ရှိနေသည်။

တနင်္လာ၊ ဗုဒ္ဓဟူး : ဒေသန္တရလုံခြုံရေးဌာန
အင်္ဂါ၊ ကြာသပတေး : ခရိုင်လုံခြုံရေးဌာန

မှန်ပေသည်။ သာမန်လူများအနေဖြင့်တော့ အနှီအချိန်ဇယားကို ရိုးရိုးရှင်းရှင်းသာ မြင်နိုင်လိမ့်မည်။ အမှန်စင်စစ်တွင်တော့ စာရွက်အောက်ခြေတွင် ရွှေရောင်ဖြင့် အနားကွပ်ထားသည့် စာလုံးတန်းများ ရှိနေသေး၏။

ဤသည်က - လစဥ် တစ်ဆယ့်ငါးရက်နေ့ရောက်တိုင်း 'ယင်'ဧည့်သည်တော် ရောက်လာလိမ့်မည်။ အချိန်လွန်သော် မည်သူ့ကိုမျှ ထပ်မံစောင့်ဆိုင်းမပေးတတ်။ နေရာအနှံ့ မိမိဘာသာ ရှာပါလေ။

အောက်ခြေထောင့်နားလေးတွင်မူ အနီရင့်ရောင်တံဆိပ်တုံးတစ်ခုကို ခတ်နှိပ်ထားလေ၏။

ထိုရူးကြောင်ကြောင်နိုင်လှသော စာရွက်ကြောင့် ရှဲ့ပိုင် မည်သည့်အခါမျှ အရှေ့တံခါးအား အသုံးမပြုတတ်။ စိတ်မထိန်းနိုင်သည့်အခါမျိုးတွင် ကလေးဆန်ဆန် ရွှေရောင်အနားကွပ်စာလုံးများဖြင့် ရေးသားထားသည့် ပေါတောတောစာများအား အပိုင်းပိုင်း ဆုတ်ဖြဲမိမည်စိုးသောကြောင့်ပင်။

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now