CHAPTER-8

362 74 3
                                    

UNICODE

အပိုင်း ()

"ဘာလဲဟ?"

ရှဲ့ပိုင်လည်း ယင်ဝူရှုဆီ လျှောက်လှမ်းလာပြီး နံဘေးသို့ အနည်းငယ်ဖယ်ပေးရန် လက်ဟန်ပြလိုက်သည်။

ယင်ဝူရှုလည်း ခေါင်းလှည့်ကာ ရှဲ့ပိုင် လက်ညှိုးညွှန်ပြသည့်အရပ်သို့ ကြည့်လိုက်၏။ ထို့နောက် ကျေနပ်ဟန်ဖြင့် အာမေဍိတ်သံပြုကာ ပြုံးစစဖြင့် ပြောလေသည်။

"တွေ့လား ငါ မင်းကို မညာဘူးနော်"

ပြောရင်းဆိုရင်းပင် ယင်ဝူရှုက ရှဲ့ပိုင်အတွက် လမ်းဖယ်ပေးလိုက်၏။

ရှဲ့ပိုင်လည်း ခြေလှမ်းအနည်းငယ်မျှတိုးကပ်လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်၏။ ပို၍နီးနီးကပ်ကပ်ကြည့်မည်အပြု ယင်ဝူရှုက စကားတတွတ်တွတ်စပြောလေသည်။

"မင်းကိုယ်မင်းလည်း ကြည့်ပါဦး.. အင်္ကျီလက်အနားဖားယားဖားယားနဲ့ ကြမ်းတိုက်ပေးနေတဲ့အတိုင်းပဲ.. တံတားသန့်ရှင်းရေးသမား ကျနေတာပဲ....."

ယင်ဝူရှုဟာ မြေကြီးထက်က မည်သည့်အရာကိုမျှ မထိချင်မကိုင်ချင်ပေ။ သို့သော် ရှဲ့ပိုင်ဖြစ်ပျက်နေသည်ကို မြင်တွေ့ပြီးနောက် 'သေလောက်အောင်ကြောက်'ဟု ခေါင်းစဥ်တပ်ရမည့် မျက်နှာပေးမျိုးက ဖြစ်တည်လာ၏။ ကုန်းကွကုန်းကွနှင့် ရှဲ့ပိုင်အင်္ကျီလက်အနားစကို ကူ,မပေးပြီး သူ လုပ်နေကျအတိုင်း ဖုန်ခါပေးနေသည်။

ထူထဲလှသည့်မြူခိုးများကြောင့် တံတားထက်၌ မသိမသာ စိုထိုင်းစပြုလာ၏။ ယင်ဝူရှုက ရှဲ့ပိုင်၏အင်္ကျီလက်အနားစကို ကူခေါက်ပေးပြီးနောက် ခါးမတ်ကာ လက်ကိုင်ပဝါတစ်ထည်ကို ယူထုတ်လိုက်၏။ ထို့နောက် လက်ဖဝါးနှင့် လက်ချောင်းတစ်ချောင်းချင်းစီကို စိမ်ပြေနပြေ သန့်ရှင်းနေတော့သည်။ ထို့နောက် လက်ကိုင်ပဝါကို ဆတ်ခနဲ ပြန်ဖယ်ကာ မီးပုံထဲ ပစ်ချလိုက်၏။

"............"

ရှဲ့ပိုင်မှာတော့ ယင်ဝူရှု၏ပုံမှန်ထက်လွန်ကဲလွန်းသည့်အပြုအမူများကို မျက်နှာသေဖြင့်သာ ကြည့်နိုင်တော့သည်။ ထို့နောက် အောက်ပြန်ငုံ့ကာ ကျောက်စရစ်အက်ကြားအတွင်းရှိအရာဝတ္ထုများကိုသာ ဂရုတစိုက်လေ့လာ၏။

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now