CHAPTER-11

274 51 1
                                    

UNICODE

အပိုင်း (၁၁)

ထိုအချိန်တုန်းက ရှဲ့ပိုင်နှင့်ယင်ဝူရှုတို့နှစ်ဦးသား ကုယန်းလမ်း၌ နေထိုင်နေကြဆဲပင်ဖြစ်၏။ အိမ်အနောက်ဝယ် မြစ်ငယ်တစ်စင်းရှိပြီး အရှေ့ဘက်၌ ခြံဝန်းလေးရှိလေသည်။

နွေဦးနှောင်းပိုင်းကာလ၊ ညနေခင်းတစ်ခုတွင် ဖြစ်၏။ ခြံဝန်းထဲရှိ မက်မန်ဖူးငုံလေးများက ငွားငွားစွင့်စွင့် ဖူးပွင့်နေသည်မှာ မက်မွန်ပင်လယ်ပြင်ကြီးအလား။ သို့သော်ငြား ကံမကောင်းအကြောင်းမလှစွာဖြင့် မက်မွန်ပွင့်များက လေအဝှေ့ကို ကြံ့ကြံ့မခံနိုင်ဘဲ မကြာမကြာဆိုသလို ပွင့်ခက်တချို့က မြေပြင်ထက် သက်ဆင်းကြွေကျရကုန်၏။

ယင်ဝူရှုက သစ်ပင်အောက်ရှိ ကျောက်သားစားပွဲ၌ ထိုင်ရင်း သေရည်သုံးဆောင်နေသည်။ မည်သည့်အရာကိုမဆို အမြဲတစေ ချေး(ဂျီး)များတတ်သည့် ထိုလူအတွက် သောက်ခြင်းအမှုတွင်တော့ ထိုသို့မဟုတ်ခဲ့။ ခြွင်းချက်ဟု ဆိုရမည်။ သေရည်တစ်ခွက် ငှဲ့ပြီးနောက် မက်မက်ပွင့်ချပ်တစ်ချပ် ထည့်စိမ်လိုက်၏။ လုံးလုံးလျားလျား ကလက်တက်တက်အမူအရာမျိုးဖြင့်။ သူ့ဘာသာသူ လက်ဆော့နေလျှင် အပြစ်မဆိုနိုင်သော်ငြား အသက်ဆယ်နှစ်ကျော်မျှသာ ရှိသေးသည့် ရှဲ့ပိုင်ကိုပါ ထိုအမှုထဲ ဆွဲသွင်းတတ်၏။

ငယ်ရွယ်လွန်းသည့်ရှဲ့ပိုင်အား သေရည်သောက်သုံးစေခြင်းမပြု။ ထို့ကြောင့် ရှဲ့ပိုင်အတွက် နွေဦးလက်ဖက်ရည်တစ်အိုးအား သူကိုယ်တိုင် ကြိုပေးထား၏။ ကြွေခွက်လေးထဲ ငှဲ့လိုက်သည့်အခိုက် အစိမ်းနုရောင်သန်းသွားသည်။ ထို့နောက် ယင်ဝူရှုက သူ့နည်းအတိုင်း မက်မွန်ပွင့်ချပ်လေးတစ်ချပ် ဖြင့် တန်ဆာဆင်ပေးလိုက်၏။

ရှဲ့ပိုင်က အခန်းထဲမှယူလာသည့် စာအုပ်တွဲအား ဖတ်ရှုနေလျက်ရှိသည်။ မက်မွန်ပွင့်ချပ်များကို တစ်ချက်ကြည့်ကာ မည်သည့်စကားမျှမဆို။ ယင်ဝူရှုသေရည်သောက်နေသည်ကို မျက်လုံးအစွန်းမှ ဖျတ်ခနဲမြင်လိုက်သော် စာရွက်လှန်ရင်း စကားဆိုလိုက်၏။

"မနက်တုန်းက ပန်းတွေကြားထဲ ပိုးတစ်ကောင် တွေ့လိုက်သေးတယ်"

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now