☃︎ Ending ☃︎

840 111 43
                                    

[Unicode]

ဒီဇင်ဘာ၏အငွေ့အသက်တွေ သူပြန်ရပြီ။ နှလုံးသားက ထူးခြားစွာ နွေးထွေးနေသည်။ ဆယ်ကျော်သက်လေးတစ်ယောက်လို ရင်တလှပ်လှပ်ဖြစ်နေပုံက သူ့နှလုံးသားအသက်ဝင်လာကြောင်းကို ပြနေခဲ့သည်။

ကားကို ထိုးရပ်လိုက်သည်။ ၁၂ နာရီထိုးရန် ၁၅ မိနစ်ခန့်လိုသေးသည်။ ကားပြတင်းအပြင်ရှိ စတိုးဆိုင်လေးကို သူကြည့်လိုက်သည်။ ၅ နှစ်ကြာသွားပေမယ့် အများကြီးပြောင်းလဲမသွားခဲ့ပါဘူး။

ကားတံခါးကိုဖွင့်ကာ မြေပြင်သို့ခြေချလိုက်သည့်အခါ သူ့ဆီသို့တိုးလာသည့် လေအေးတွေကြောင့် မေး‌တွေပင် တဆတ်ဆတ်တုန်ချင်သွားရသည်။ ဆွယ်တာအပါးလေးသည် နှင်းစက်တွေရောယှက်နေသည့် ဆောင်းရာသီ၏လေကို အံတုနိုင်စွမ်းမရှိပါ။

ခြေလှမ်းကျဲများဖြင့် စတိုးဆိုင်ထဲကို အမြန်ဝင်လာခဲ့လိုက်တော့သည်။ ဒီစတိုးဆိုင်ထဲတွင် သူနှင့်ကောင်လေး စတွေ့ခဲ့သည်။ အတိတ်ကပုံရိပ်တစ်ချို့ကို မြင်ယောင်မိတော့ သူ့မျက်နှာကပြုံးလာခဲ့သည်။ ရင်တွေလည်း ပိုခုန်လာခဲ့သည်။

ဘာမှစားချင်သောက်ချင်စိတ်လည်း မရှိတာကြောင့် ရေနွေးတစ်ခွက်ကိုယူပြီး ခုံတန်းလေးတွင်ပင် ဝင်ထိုင်နေမိသည်။ ၁၂ နာရီထိုးဖို့ တစ်မိနစ်အလို။ ဆိုင်တံခါးတွင် ချိတ်ထားသည့် ခေါင်းလောင်းလေးက အသံမြည်သွားချိန်တွင် ရေနွေးသောက်ဖို့ပြင်နေသည့် သူ့လက်တွေ လေထဲမှာပင် ရပ်တန့်ရသည်။

လှည့်မကြည့်ရဲပါ။ သူ့ခန္ဓာသည် ကျောက်ရုပ်တစ်ရုပ်သဖွယ် လက်လေးတစ်ချောင်းတောင် မလှုပ်ရှားနိုင်ခဲ့။ ခြေသံများက နီးကပ်လာသည်။ သို့ပေမယ့် သူ့ကိုကျော်တက်ကာ ကောင်တာဆီသို့။

" စီးကရက် တစ်ဘူးပေးပါ "

" မှတ်ပုံတင် ပြပေးနိုင်မလား "

" ဒီမှာ "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

အသံများကြားနေရ၍ ကောင်တာသို့ သူလှည့်ကြည့်မိသည်။ ဆေးလိပ်ဝယ်သူမှာ ကြည့်တာနဲ့တင် အသက်မပြည့်သေးသူဖြစ်ပုံရသည်။ ထုတ်ပြလိုက်သည့် မှတ်ပုံတင်သည်လည်း အတုပဲဖြစ်မှာပေါ့။ ဘယ်လိုပဲကြည့်ကြည့် မှားယွင်းနေမှန်းသိသာပေမယ့် စီးပွားရေးဆိုသည်မှာလည်း ဒီလိုပင်။ မှတ်ပုံတင်အတုပြရုံနဲ့လည်း ပြီးပြီးရော ရောင်းလိုက်ကြသည်။

Hello December [ Completed ]Where stories live. Discover now