Chapter(2) - မင်ကျွိနတ်ဘုရား၏ အမျက်ဒေါသ

3.8K 297 2
                                    

Chapter(2) - မင်ကျွိနတ်ဘုရား၏ အမျက်ဒေါသ



 ထိုက်ယန်နန်းတော်၏ အလယ်နန်းဆောင် အပြင်ဘက်တွင် မင်းတရားကြီးခေါက်တုန့်ခေါက်ပြန်လျှောက်လှမ်း လို့နေသည်။


"မိဖုရားခေါင်ကြီး မွေးတော့မလား... အထိန်းတော်ကြီး"


"မွေးခါနီးပါပြီ အရှင်မင်းကြီး..."


အဆောင်ထဲမှ အထိန်းတော်ချုပ်ကြီးက အပြင်ကို ထွက်လာပြီး လျှောက်တင်လိုက်၊အဆောင်ထဲမှ မိဖုရားကြီး၏ အော်ဟစ်သံကြောင့်ပြေးဝင်သွားလိုက်နှင့် အလုပ်ရှုပ်နေသည်။



အတွင်းဝန်ကြီးသည် သားတော်လေးမွေးမည်ဟု ဟူးရားများကဟောထားသဖြင့် မိဖုရားခေါင်ကြီး၏နန်းဆောင်အထိ လာစောင့်နေခြင်းဖြစ်သည်။


သမီးတော်များချည်းဆက်တိုက်မွေးပြီး ယခုမှ ပထမဆုံး သားတော်လေး မွေးမည်ဖြစ်သောကြောင့် မင်းတရားကြီးမှာရာဇအိန္ဒြကို မထိန်းနိုင်ပဲ ကိုယ်တိုင် လာစောင့်နေသည်ကို သိလို့ သက်တောင်စောင့်အားလုံး၊အတွင်းဝန်အားလုံး အဆောင်ရှေ့တွင် မျက်နှာပူစွာဖြင့် စောင့်ဆိုင်းနေကြရသည်။


"လခွမ်း...ငါတို့ မိန်းမမွေးတုန်းကတောင် မီးနေ မစောင့်ဖူးဘူး။ခုမှ မိဖုရားကြီးကို မီးနေစောင့်ရတော့တယ်...."


အတွင်းဝန်ကြီးများက စိတ်ထဲမှ ကြိတ်ညည်းသော်လည်း နူတ်မှဖွင့်ဟမပြောရဲပဲ သားတော်လေး မမွေးမချင်း စောင့်နေကြရသည်။ မကြာခင် အဆောင်ထဲမှာ အောင်မြင်သည့်ကလေးငိုသံကို ကြားလိုက်ရစဉ် အားလုံး သက်ပြင်းချ လိုက်မိသည်။



"ကျေးဇူးတင်ပါတယ် အရှင့်သား...မဟုတ်ရင် ကျွန်တော်မျိုးကြီးတို့အားလုံး ညမိုးချုပ်ထိ စောင့်ရတော့မယ်။ ကျွန်တော်မျိုးတို့ကို ကယ်မတော်မူလို့ ကျေးဇူးတင်လှပါတယ်အရှင့်သား"



အတွင်းဝန်မင်းကြီးတို့ အတွေးကို မင်းတရားကြီး သတိမထားမိပါ။အခန်းထဲကို ဝင်မည်လုပ်သဖြင့် အထိန်းတော်ချုပ်ကြီးက အတင်းတားကာ မွေးကင်းစ နီတာရဲလေးကိုရွှေရောင်ပိုးထည်စဖြင့် ထုပ်ပိုးကာ အဆောင်ပြင်ကို ထုတ်လာခဲ့သည်။


"သားတော်လေးကို အောင်မြင်စွာဖွားမြင်ပြီးကြောင်းပါ ဘုရား..."


"မိဖုရားကြီး ဘယ်လိုနေသေးလဲ "


"ကျန်းကျန်းမာမာရှိကြောင်းပါ ဘုရား..."


မင်းတရားကြီးသည် သားတော်လေးကို ဖခင်တို့၏ ချစ်ခြင်းဖြင့်ပွေ့ယူကာ နူးညံ့လွန်းလှသည့် ပါးပြင်နုနုလေးကို ဖွဖွနမ်းကာ ရင်ထဲမှ ပီတိတို့ လျှံတက်လာပြီးနူတ်မှ မြွတ်ဟလိုက်မိတော့သည်။


"ချောလှလိုက်တဲ့ သားတော်လေး... တထန် ပြည်တဝှမ်းလုံး ကိုးကွယ်တော်မူတဲ့ အရှင်နတ်မင်း ထက်တောင် ခန့်ညားလိုက်ပါတဲ့ သားတော်လေးပါလား။  ဒီ တထန်ပြည်မှာသာမက အတိုင်းတိုင်းအပြည်ပြည်ကို အုပ်ချုပ်မယ့် တစ်ပါးတည်းသော  ထီးဆောင်းမင်း ဖြစ်လို့ သားတော်ရဲ့ အမည်နာမကို ချင်းရှီဟွမ်လို့ အမည်မှည့်တွင်စေ   "



တိုင်းပြည်တစ်ခုလုံး ကိုးကွယ်သည့် အလှ၊ ပညာအရာဖြင့် တန်ခိုးကြီးလှသည့် မင်ကျွိနတ်မင်းကြီးထက် လှပသည်ဟု အလွန်အကျူး မိန့်ဆိုလိုက်သည့် မင်းတရားကြီး၏ စကားဆုံးသည်နှင့်မြို့ဦးထိပ်တွင်ရှိသည့် ခမ်းနားကြီးကျယ်လှသည့် နတ်ကွန်းတွင် စံပယ်နေသည့် နတ်မင်းကြီး၏ ရုပ်ထုတော်ကပြုံးလိုက်ကာ နူတ်မှမြွတ်ဟကာ ပြောလိုက်သည်။

"လူသားစင်စစ်ဖြစ်လျက်နဲ့ နတ်ဒေဝါထက်ကို ချောမောလှပသည်ဟု မာန်တက်ပြောကြားသည့် အတွက် မင်းကြီး၏ သားတော်သည် အမှန်တကယ်ကို နတ်ဒေဝါရှုံးအောင် လှပတင့်တယ်သူဖြစ်ပါစေ. ပြီးတော့....ရဲစွမ်းသတ္တိနှင့်လည်းပြည့်စုံတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ပါစေ. ဒါပေမယ့် နတ်ဒေဝါများကို တုပနှိုင်းယှဉ်သည့်အတွက်   ယောကျာ်းတစ်ဦး၏ အထိအတွေ့ကို သာယာသောသူ ဖြစ်ပါစေ...."

စိတ်မာန်ကြီးက တန်ခိုးကြီးမားလှသော မင်ကျွိနတ်မင်းကြီး၏ ကျိန်စာစကားတို့မြွတ်ဟလာချိန်တွင် နန်းတော်ထိပ်မှ  အောင်စည်ကြီးက တီးသူမရှိပဲ အလိုလိုမြည်ဟည်းလာခဲ့သည်။ နန်းရှေ့မှရေပန်းက အလိုလို ပန်းထွက်လာပြီး မိဖုရားကြီး၏ အဆောင်တဝိုက် တွင် ကြာညိုနံ့တို့ သင်းပျံ့ကာမင်းတရားကြီးနှင့်တကွ နန်းတွင်းအခြွေရံအားလုံး အံ့အားသင့် သွားကြ ကုန်သည်။ ထို့အပြင်မင်းကြီးအနှစ်သက်ဆုံး စစ်မြင်းမမှ နက်ပြောင်သည့် အရောင်အသွေးရှိသည့် မြင်းတစ်ကောင်မွေးလာသကဲ့သို့ နန်းတော်ထဲတွင် ခစားရသည့် အမတ်ကြီးသုံးဦး၏ မွေးဖွားမည့် ရက် မရောက်သေးသည့် ကိုယ်ဝန်နှင့် ဇနီးများမှ သားယောကျာ်းလေးများတပြိုင်တည်း ဖွားမြင်ခဲ့ကြသည်။



"ဘာသံတွေလဲ အတွင်းဝန်ကြီးတို့...."



နန်းတွင်းအမှုထမ်းများက အမြန်ပြေးကြည့်ကာ ထူးခြားချက်ကိုတင်လျှောက်စဉ် မင်းတရားကြီးက ပုရောဟိတ် နတ်ဆရာကြီးတို့ကို အတိတ်တဘောင်နှင့်ပတ်သတ်ပြီးတွက်ချက်စေတော့သည်။ ပုရောဟိတ်များက အဖြစ်ပျက်အားလုံး တွက်ချက်ပြီး မင်းတရားကြီးကိုရိုသေစွာလျှောက်တင်ကြတော့သည်။


"မှန်လှပါ မင်းကြီး.... မင်းသားလေး၏ ဘုန်းတံခိုးသည် အတိုင်းအဆမဲ့ ဘိုးဘေးတော်များထက်ကျော်လွန်ပြီး တထန်ပြည်ကို ဆယ်ပြည်ထောင်မှာ တန်ခိုးသြဇာအကြီးဆုံးဖြစ်အောင် လုပ်နိုင်သည့် ဘုန်းပါရမီဖြင့် မွေးဖွားလာကြောင်းပါ။ "

ထိုဟောချက်ကိုကြားသော် မင်းတရားကြီးက ကျေနပ်အားရတော်မူသဖြင့် ရွေငွေဆုလာဘယ်များ ချီးမြှင့်စေသည်။ သို့သော် ပုရောဟိတ်တစ်ပါးက တုန့်ဆိုင်းစွာဖြင့်ဆက်လက်လျှောက်တင်လိုက်သည်။

"သို့ပေမယ့် မင်းသားငယ်လေးက ကျိန်စာ  သင့်နေကြောင်းပါ...."



မင်းတရားကြီးက ထိုစကားကိုကြားသော် ဒေါသ သောကဖြင့် အမြန်မေးလိုက်သည်။



"ဘာကျိန်စာလဲ....အခုမှ မွေးဖားလာတဲ့ ငါကိုယ်တော်ရဲ့ သားတော်က ဘာကြောင့် ကျိန်စာ သင့်ရတာလဲ...."



"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့နတ်ရွာစံမယ့် ကံတရားဖျက်မျဉ်းကိုတွေ့နေရကြောင်းပါ...ဒီဟာက ကျိန်စာကြောင့် ဖြစ်တည်လာတဲ့ အရိပ်ခြည်တွေဖြစ်ကြောင်းပါ အရှင်မင်းကြီး"


"ဘာ... ဒီကံတရားကို ပယ်ဖျက်မယ့် နည်းကို မတွေ့ကြဘူးလား ပုရောဟိတ်တို့....မင်းသားလေးပေါ် စီးမိုးနေတဲ့ ကံဆိုးခြင်းကို ဖယ်ရှားဖို့ လုပ်ကြကုန်လော့။ မလုပ်နိုင်ရင် အသင်တို့ အားလုံးကို  သေဒဏ်ပေးမယ်"

မင်းတရားကြီး၏ ပြင်းစွာသော အမျက်ဒေါသကြောင့် ပုရောဟိတ်များကို အသက်ဘေးဖြင့် ခြိမ်းခြောက်လိုက်သည်။ ပုရောဟိတ် အားလုံးက မင်းကြီးကို အချိန်တခုတောင်းကာ နည်းလမ်းရှာရန် ထွက်ခွာသွားကြတော့သည်။

မင်းတရားကြီးသည် ရင်ခွင်ထဲမှ အိပ်မောကျနေသော နတ်အသားရေဖြင့်တင့်တယ်လှသည့် သားတော်လေးကို စိုက်ကြည့်ကာ တီးတိုးပြောလိုက်သည်။


"သားတော်လေးရဲ့ ကိုယ်ပေါ် တင်နေတဲ့ ကံဆိုးခြင်းကို ခမည်းတော် ရအောင်ဖယ်ရှားပေးပါ့မယ်သားတော်လေး ချင်းရှီဟွမ်.... ရှီအာ.... .."



နူတ်မစောင့်စည်းသည့် ခမည်းတော်ကြောင့် မွေးမွေးချင်း ကျိန်စာ သင့်ခံလိုက်ရသည့် ချင်းရှီဟွမ် ဟု အမည်တွင်သည့် မင်းသားလေးက အပူပင်ကင်းစွာဖြင့် ခမည်းတော် တထန်ဘုရင်ကြီး၏ ရင်ခွင်ထဲ နှစ်ခြိုက်စွာ အိပ်မောကျလို့ နေသည်။

-----------------------------------------------

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now