Chapter (59) - သမိုင်းဝင် ချန်းပင်းတိုက်ပွဲ (2)

469 29 0
                                    


Chapter  (59) –  သမိုင်းဝင် ချန်းပင်းတိုက်ပွဲ  (2)



ချင်းရှီဟွမ် ဘုရင်မင်းမြတ် ကို တပ်ဦးမှချီတက်ပါရစေဟု လျှောက်ထားပြီးနောက် ရှန်ဝမ် သည် ကျူးကော်လျန့် ၏တပ်များကို အမှီလိုက်နိုင်ရန် စိုင်းပြင်းတော့သည်။ ထိုတစ်ညလုံးနီးပါး တဲနန်းကိုပြန်မလာဘဲ စစ်ကဲ၊ စစ်မှူးများနှင့်တိုင်ပင်ကာ ပြင်ဆင်နေသဖြင့် ချင်းရှီဟွမ်  သက်ပြင်းရှိုက်မိသည်။

"ရှန်ဝမ်က စစ်နံ့ရရင် ချွန်းအုပ်မရတဲ့တိုက်ဆင်လို တက်ကြွလို့နေပါလား.. သူက စစ်သူရဲကောင်းဖြစ်ဖို့ မွေးလာတဲ့သူပဲ.."

ချင်းရှီဟွမ် က သူ့ဆီကို ငှက်သိုက်များ၊ အားဆေးများကိုပို့လွှတ်စေကာ ကိုယ်တိုင်လည်း ရေကြောင်းခရီးစဉ်အတွက် စစ်သူကြီးများ၊ အမတ်များနှင့် တိုင်ပင်ဆွေးနွေးကာ ညနက်မှ အိပ်ပျော်သွားခဲ့သည်။ မနက်အရုဏ်တက်ချိန်တွင် ရှန်ဝမ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မော ကျနေသော အရှင်၏ သလွန်တော်အနီးသို့ ရပ်ကာ မြတ်မြတ်နိုးနိုး ငေးကြည့်နေမိသည်။ မသွားခင် အရှင့်ကိုနှုတ်ဆက်အနမ်းပေးချင်ပေမယ့် ညနက်မှစက်တော်ခေါ်သွားသော အရှင် လန့်နိုးသွားမည်စိုးသဖြင့် တင်းတိမ်ကန့်လန့်ကာစကိုသာ အသာပင့်ကာကြည့်ပြီး ခြေဖော့နင်းကာ ထွက်သွားခဲ့သည်။ အပါးတော်မြဲက ထိုစစ်သေနာပတိချုပ်၏ အပြုအမူကိုကြည့်ကာ ဘေးမှပင် မင်းကြီးအပေါ် ဘယ်လောက်မြတ်နိုးတော်မူသည်ကို ခံစားမိလိုက်သည်။

ရှန်ဝမ်  ထွက်သွားတော့ အပါးတော်မြဲက ဦးညွတ်ကာ ကျန်ရစ်ခဲ့သည်။ သူက အရှင့်ကို ငယ်ကတည်းက ထိန်းကျောင်းလာသူဖြစ်လို့ အရှင့်အပေါ် သံယောဇဉ်ရှိသည်။ ဒါကြောင့် အရှင့်ကိုစိတ်ရင်းမှန်ဖြင့် တန်ဖိုးထားမြတ်နိုးသောသူကို လေးစားသည်။ ချင်းရှီဟွမ် သည် ရှန်ဝမ် ထွက်သွားပြီး နာရီတစ်မောင်းလောက်ရောက်တော့ ဖြတ်ခနဲနိုးလာပြီး ကပျာကယာ သလွန်ပေါ်ကဆင်းလိုက်စဉ် အပါးတော်မြဲက အခစားဝင်လိုက်သည်။

"ရှန်ဝမ် .. သူ့တပ် ထွက်သွားပြီလား.."

"လွန်ခဲ့တဲ့ တစ်ချီချန်လောက်က  ထွက်သွားပါတယ်အရှင်.."

"ငါကိုယ်တော်ကို ဘာကြောင့်မနှိုးတာလဲ.."

ချင်းရှီဟွမ် က ချက်ချင်း ဆံပင်ကို အမြန်ထုံးဖွဲ့ကာ မြို့ရိုးပေါ်သို့တက်ကာ ရှန်ဝမ်  စစ်ချီသွားသည့်ဘက်ကို မျှော်ငေးကြည့်လိုက်သည်။ လက်ထဲတွင် ရှန်ဝမ် က အပါးတော်မြဲကိုပေးအပ်ခဲ့သည့် ပေစာလွှာကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

"စစ်ထူရှန့်ယွီ .. မင်း ကိုယ်တော့်ကို ဘာကြောင့် မနှိုးသွားရတာလဲကွာ.."

"အရှင်.. ကျွန်တော်မျိုး အရှင့်ဆီနှုတ်ဆက်ဖို့ ရောက်လာပေမယ့် အရှင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့ မနှိုးဘဲ အစောတလျင် ထွက်သွားလိုက်ရပါတယ်.. အိပ်ရေးဝဝအိပ်စက်ပြီး သေချာပြင်ဆင်ပြီးမှ ရေကြောင်းက ချီတက်တော်မူပါ.. အရှင့်ရှေ့က ဆူးငြှောင့်ခလုတ်တိုင်းကို ကျွန်တော်မျိုး ရှင်းထားနှင့်လိုက်ပါမယ်.. အောင်မြင်မှုများနဲ့ အရှင့်ဆီပြန်လာပါ့မယ်..
စစ်ထူရှန့်ယွီ "

ထိုစာလွှာထဲမှ စစ်ထူရှန့်ယွီ ၏စေတနာ၊ မေတ္တာကို ခံစားမိလိုက်ရပြီး ချင်းရှီဟွမ်  တသိမ့်သိမ့်ခံစားရင်း ပြုံးနေမိသည်။ ပြီးတော့ တပ်ဖွဲ့ချီရာဘက်မှ ဖုန်မှုန့်တထောင်းထောင်းထနေသည်ကို ငေးစိုက်ကာ တီးတိုးရေရွတ်လိုက်သည်။

"မင်းတစ်ယောက်တည်း အန္တရာယ်တောထဲ သွားလို့ရမလား စစ်ထူရှန့်ယွီ .. ငါကိုယ်တော်က မင်းရဲ့သွေးချွေးပေါ်ကို နင်းပြီး နိုင်ငံတော်ကို ထူထောင်ချင်တာမဟုတ်ဘူး.. ငါတို့နှစ်ယောက်ရဲ့ ကြိုးစားမှုနဲ့ ထူထောင်ချင်တာ.. ကောင်းပြီ.. မင်းနောက်က ငါ မှီအောင်လိုက်လာမယ်.."

ချင်းရှီဟွမ် က တက်ကြွစွာပြုံးရယ်ကာ တစ်ယောက်တည်းရေရွတ်လိုက်ပြီး မြို့ရိုးပေါ်က ပြန်ဆင်းလာခဲ့သည်။ မြို့ရိုးအောက်ခြေရောက်သော် စိတ်ပူပြီးလိုက်လာသော စစ်ထူချုံးမင် နှင့် တိုးတော့သည်။

"အရှင်.."

ရှန်ဝမ်က သူ့ဖခင်ကိုမှာသွားသည်ကို ရိပ်မိသောကြောင့် ချင်းရှီဟွမ် က လက်ကာပြကာ ပြောလိုက်သည်။

"စစ်ရေးညီလာခံခေါ်မယ်.. အကြီးတော်.. အားလုံးကို စုရုံးခိုင်းလိုက်ပါ.."

စစ်ထူချုံးမင် က တက်ကြွစွာအမိန့်ပေးသွားသည့် အရှင့်ကို ဦးညွတ်ကာ ကျန်ရစ်ခဲ့သည်။ သားတော်နှင့် အရှင်၏သံယောဇဉ်က ထင်ထားသည်ထက် နက်ရှိုင်းလွန်းသောကြောင့် စစ်ထူချုံးမင်  သက်ပြင်းဖွဖွသာ ချလိုက်တော့သည်။

"ကြည့်ရတာ ကျိန်စာပြယ်ပြီထင်ပါရဲ့.. အရှင်တို့အချစ်က နတ်မင်းကြီးကို စိတ်နှလုံးပျော့စေဖို့ မျှော်လင့်ပါတယ်.."

စစ်ထူချုံးမင်  တီးတိုးရေရွတ်သလို နတ်မင်းကြီးကလည်း သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို သဘောကျနှစ်ခြိုက်ကာ စိတ်နှလုံးပျော့ပြောင်းလာပေမယ့် သူ၏နောက်ဆုံးစမ်းသပ်ချက်ကို စောင့်နေသေးသည်ကို အကြီးတော်မသိလိုက်ပေ။

ရှန်ဝမ် သည် တိုက်ဆင် 50၊ မြင်း 500၊ စစ်သည်တော် 10000၊ ဆင်စီးအမတ် 50 နှင့် အပြင်းချီတက်ကာ ချန်းပင်း အရပ်သို့ရောက်သော် စခန်းချရပ်နားလိုက်သည်။ ရှန်ဝမ် က ထိုနေရာမှ အမြင့်ဆုံးသစ်ပင်ထက်သို့ မျက်စိအမြင်သန်စွမ်းသည့် စစ်သည်တော်ကိုတက်စေပြီး ချန်းပင်း ချောင်းတစ်ဖက်ရှိ ကျူးကော်လျန့် ၏ တပ်များ၏အင်အားနှင့် ဖြန့်ထားပုံကို ကြည့်စေသည်။ ထိုစစ်သည်တော်က ကျူးကော်လျန့် တို့ဘက်က တိုက်ဆင် 200 ကျော်၊ မြင်း 800 နှင့် တပ်သား 80000 ခန့်ရှိမည်ဟု လျှောက်ထားခဲ့သည်။

ရှန်ဝမ် က မိမိနှင့်ရန်သူကြားတွင် ဆင်တပ်အင်အား ၄ဆကျော်၊ မြင်းတပ်သား နှစ်ဆနှင့် စစ်သည်အင်အား 8 ဆကျော်များသည်ကိုသိကာ ထိုတပ်ကိုခြေမှုန်းဖို့ကို သေချာစဉ်းစားလို့နေသည်။ ဒီတပ်က ကျူးကော်လျန့် ၏ အင်အားတစ်ဝက်ကျော်ပါရှိပြီး ထိုတပ်ကို ဖြိုခွင်းနိုင်လျှင် တိုက်ပွဲကာလတိုသွားပေမည်။ ကျူးကော်လျန့် ၏အင်အား လျော့ကျသွားမည့်အပြင် ရေကြောင်းနှင့် ရှီအန်းနယ်စားတို့ ပူးပေါင်းသည့်အဖွဲ့က ဒီသတင်းကိုကြားလျှင် အားလျော့ကာ ထိတ်လန့်သွားနိုင်သည်။ ရန်သူတပ်များ၏ စိတ်ဓာတ်အင်အား လျော့အောင်လုပ်နိုင်ပါက မိမိတို့ထိုးစစ်ကို ကျင်းပြည်တို့က ရေရှည်ခုခံနိုင်တော့မည်မဟုတ်ပေ။ ဒါကြောင့် ဒီချန်းပင်း တိုက်ပွဲက  တထန်စစ်ပွဲကြီး၏ ကာလကို ချုံ့နိုင်ပြီး ချစ်သော အရှင်၏  အင်အားကြီးနိုင်ငံတော်ကြီးကို အမြန်အကောင်အထည်ဖော်နိုင်ဖို့ အဓိကကျသည်ကို သိလိုက်သည်။

"ဒီတိုက်ပွဲကို ငါနိုင်ရမယ်.."

ရှန်ဝမ် က ဆုံးဖြတ်ချက်ချကာ စစ်ကဲ၊ စစ်မှူးနှင့် အမတ်များကို စုဝေးကာ ပြောလိုက်သည်။

"စစ်ပွဲဆိုတာ လူနည်းတာ၊ များတာ အဓိကမဟုတ်ဘူး.. ရဲစွမ်းသတ္တိနဲ့ စစ်ပရိယာယ်ဆင်တတ်ဖို့က အဓိကဖြစ်တယ်.. ဒါကြောင့် ကျုပ်တို့က ရန်သူတပ်ကို အမြန်ဆုံးတိုက်ခိုက်ရမယ်.. ချန်းပင်း ချောင်းကို ကူးဖို့ ဖောင်ဖွဲ့ကြတော့.."

ချင်းရှီဟွမ် ပြီးလျှင် ဒုတိယအာဏာအရှိဆုံး ရှန်ဝမ် ၏အမိန့်ကို ကြားသော် စစ်ကဲများက တွန့်သွားကြပေမယ့် ဘယ်သူမှ စောဒကမတက်ရဲကြပေ။ ရှန်ဝမ် ဆိုတာ တိုက်တိုင်းနိုင်ပြီး စစ်ပရိယာယ်ကြွယ်ဝလွန်းသည်ကို သိသဖြင့် ယခုချန်းပင်း ချောင်းတစ်ဖက်က ကျင်းပြည်တပ်များကို အမြစ်ဖြုတ်ဖို့ စစ်သင်္ဂနဗျူဟာကောင်း ရှိပြီးဖြစ်သည်ဟု ယုံကြည်ကာ ဖောင်များကို ချက်ချင်းဖွဲ့ကြသည်။ ထိုနေ့ညနေပိုင်းတွင် တစ်ဖက်ကမ်းသို့ တပ်လုံးကျွတ်ပြောင်းပြီးချိန် ချင်းရှီဟွမ် ထံမှ ပို့လွှတ်လိုက်သော ဆက်သားရောက်ရှိကာ စစ်သေနာပတိချုပ်ကြီးထံ စာချွန်တော်ဆက်သကြသည်။

"ငါကိုယ်တော် မရောက်သေးဘဲ စစ်ကိုမတိုက်နဲ့.. ငါကိုယ်တော်ကိုယ်တိုင် ရန်သူများကို ချေမှုန်းတိုက်ခိုက်ချင်တယ်.."

ရှန်ဝမ် က ထိုစာချွန်တော်ကိုဖတ်ပြီး စစ်သည်တော်ကို ပြတ်သားစွာမိန့်လိုက်သည်။

"အရှင့်ဘုန်းတော်ကြောင့် တိုက်ပွဲအောင်မြင်ပြီလို့ ပြန်ပြီးလျှောက်ထားစေ.."

ခြေမြန်တော်က စစ်သေနာပတိကြီး၏ ရဲရင့်သောလိမ်ညာစကားကို ကြားသော် ကြက်သေသေသွားကြသလို အနီးမှ စစ်ကဲအမတ်များက ထိတ်လန့်သွားကြသည်။

"အရှင်.. မင်းကြီးကို လိမ်လည်လျှောက်ထားရင်.. အားလုံး မင်းပြစ်မင်းဒဏ် သင့်ကုန်ပါလိမ့်မယ်.. ပြီးတော့ ကျွန်တော်မျိုးတို့ လက်ရှိအင်အားနဲ့ မင်းကြီးရဲ့ရေတပ်ရောက်လာတာကို စောင့်ရင် ပိုကောင်းမယ်ထင်ပါတယ်ဘုရား.."

ရှန်ဝမ် ၏ မျက်ဝန်းများက စူးရှသွားပြီး ကြောက်သွေးဖြာနေသော စစ်သူကြီးများကို စိုက်ကြည့်လိုက်တော့ ကျန်လူအားလုံး၏ ကန့်ကွက်စကားများ ဆက်မထွက်ဝံ့တော့သလို အရဲစွန့်ကာပြောလိုက်မိသည့် လက်ထောက်က နောင်တကြီးစွာရသွားခဲ့သည်။ မိမိတို့စစ်သေနာပတိချုပ်က တိုက်ပွဲနှင့်ပတ်သက်လာလျှင် ဘယ်လောက်ရူးသွပ်ပြီး အနိုင်မရမချင်း တိုက်တတ်သည်ကိုသတိရကာ သက်ပြင်းသာရှိုက်လိုက်မိသည်။

ရှန်ဝမ် က ပေလွှာထက်မှာရေးသားကာ မင်းတရားကြီးထံ ဆက်သဖို့ ခြေမြန်တော်လက်ကို ပေးကာ ဖြန့်စေလိုက်သည်။ ရှန်ဝမ် က စစ်ကဲ၊ စစ်မှူး၊ စစ်သူကြီးနှင့် အမတ်များကို စုရုံးစေပြီး အားလုံးကိုတစ်ချက်ဝေ့ကြည့်ကာ ကြေငြာလိုက်သည်။

"ကျုပ်တို့ ကျူးကော်လျန့် ရဲ့ တပ်တွေကို တိုက်တော့မယ်.. တိုက်ပွဲမစခင် ဖောင်အားလုံးကို ဖျက်ဆီးပစ်ရမယ်.."

ထိုအမိန့်ကိုကြားသော် အားလုံး အံ့သြထိတ်လန့်ကာ ကန့်ကွက်ကြသည်။

"အရှင်.. စစ်ရေးအင်အားက ကွာခြားလှပါတယ်.. အကယ်၍ စစ်ရေးမလှရင် ပြန်ဆုတ်ဖို့လမ်းတော့ ချန်ထားသင့်ပါတယ်အရှင်.."

စစ်သူကြီးတချို့က အရဲစွန့်ကာ လျှောက်ထားသံကြားသော် ရှန်ဝမ် ၏မျက်နှာက တင်းမာခက်ထန်သွားခဲ့သည်။

"စစ်သူကြီးတွေ၊ စစ်ကဲတွေက စိုးရိမ်ကြီးတာလား.. ဒါမှမဟုတ် အသက်သေမှာကို အရမ်းကြောက်ရွံ့နေတာလား.. ကျုပ်တို့က ရှေ့ဆုံးတပ်ဦးကနေ စစ်ချီလာပြီဆို ကတည်းက အသက်ကိုစွန့်လွှတ်ခဲ့ပြီးပြီ မဟုတ်လား.. အခု ကျုပ် ဖောင်ကို ဖျက်ခိုင်းတယ်ဆိုတာ ဒီတိုက်ပွဲအတွက် ယတိပြတ်စိတ်ကို လိုချင်လို့ပဲ.. ဖောင်ရှိနေသေးရင် စစ်သည်တော်တွေက စစ်ပွဲမှာ အရေးနိမ့်တဲ့အရိပ်အယောင်ကိုတွေ့ရင် ရွပ်ရွပ်ချွံချွံ ဆက်တိုက်ဖို့ထက် ခြေထောက်က နောက်ဆုတ်ပြေးဖို့ ပြင်နေတော့မယ်.. ဘယ်သူမှ အစွမ်းကုန်တိုက်ချင်စိတ် ရှိကြမှာမဟုတ်ဘူး.."

ရှန်ဝမ် ၏စကားကြောင့် စစ်တိုက်ရည်ဝနေသော တပ်မှူး၊ တပ်ကဲကြီးများက ငယ်သားများ၏ စိတ်ထားသာမက မိမိတို့၏ဒွိဟစိတ်ကိုပါ မြင်လာခဲ့သည်။

ဟုတ်သာပ.. ပြေးပေါက်ရှိနေရင် ဘယ်သူက အသက်စွန့်တိုက်ပါတော့မလဲ.. ဒါဆို ဒီတိုက်ပွဲက ရှုံးဖို့သေချာနေပြီပေါ့..

"ကျုပ်က မတိုက်ခင်ကတည်းက တိုက်ပွဲအောင်နိုင်ပြီလို့ မင်းတရားဆီကို ပေလွှာပို့လွှတ်လိုက်ပြီ.. ဒါကြောင့် မင်းကြီးရဲ့လှေတော် ဒီကမ်းဘေးကိုဆိုက်လာချိန် တိုက်ပွဲရှုံးနိမ့်နေရင် မင်းကြီးကိုမစောင့်ဘဲ တိုက်ပွဲစထားနှင့်တာသိရင် ကျုပ်သာမက ကျန်စစ်ကဲအားလုံး မင်းပြစ်မင်းဒဏ်သင့်ကြတော့မယ်.."

ဒီစကားကိုကြားသော် စစ်ကဲနှင့် စစ်သူကြီးများအားလုံး မျက်နှာဖြူဆုတ်သွားကြသည်။ ရှန်ဝမ် က စစ်သူကြီးများ၏ ကြောက်ရွံ့ထိတ်လန့်မှုကိုကြည့်ကာ ဆက်ပြောလိုက်သည်။

"ဒါကြောင့် ကျုပ်တို့က မင်းကြီးရဲ့တပ်တော်ကို စောင့်လို့လည်းမရတော့သလို မင်းပြစ်မင်းဒဏ်မသင့်စေဖို့ စစ်နိုင်အောင်တိုက်ဖို့တစ်လမ်းပဲ ရှိတော့တယ်.. ကျုပ်တို့သာ စစ်အောင်နိုင်သွားရင် မင်းကြီးအမျက်ရှစေမယ့်ဘေးက လွတ်နိုင်သလို သေဘေးကလည်း လွတ်မြောက်ပြီ.. ဒါကြောင့် ဖောင်တွေကို ချက်ချင်းဖျက်ကြတော့.. အချိန်ကြာရင် စစ်သည်တော်တွေရဲ့စိတ်က အင်အားခြင်းကွာဟတာကြောင့် စိတ်ဓာတ်ပျက်ပြားလာလိမ့်မယ်.."

စစ်သေနာပတိချုပ် ရှန်ဝမ် ၏စကားကြောင့် မိမိတို့အသက်ရှင်ဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်ကို သိလိုက်ပြီး စစ်ကဲအားလုံး အမိန့်အတိုင်း ဖောင်ဖျက်ဖို့၊ စစ်ချီဖို့ ထွက်သွားကြသည်။ ဖောင်ဖျက်ပြီးတော့ စစ်သေနာပတိချုပ်က စစ်ရေးသေနင်္ဂ ပရိယာယ်ကို အကွက်ကျကျ ဆောင်ရွက်တော့သည်။

"အခု ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူကို ရင်ဆိုင်ဖို့ ချီလင်လို မတွန့်ဆုတ်တဲ့ စိတ်ဓါတ်နဲ့ စစ်ထိုးရမယ်..  ဝမ်ဟော်က ဆင် 15 စီး၊ မြင်း 200၊ စစ်သည် 3000 နဲ့ လက်ယာကြောင်းကတိုက်ပါ.. လောဝ်က ဆင် 15 စီး၊ မြင်း 200၊ စစ်သူရဲ 4000 နဲ့ လက်ဝဲကြောင်းမှတိုက်မယ်.."

ထိုသို့စီစဉ်ပြီးနောက် စစ်သေနာပတိချုပ်ကိုယ်တိုင် အသန်မာဆုံးတိုက်ဆင်ကိုစီးကာ အလယ်ကြောင်းမှ ရွပ်ရွပ်ချွံချွံချီတက်ကာ တိုက်ခိုက်တော့သည်။

ကျူးကော်လျန့် ၏ စစ်သေနာပတိ ရှန်းလျန်က  တထန်တပ်က စစ်သည်အင်အား နည်းပါးစွာဖြင့် ချီတက်လာသည်ကိုတွေ့သော် အထင်သေးဟန်ဖြင့် ပြက်ရယ်ပြုကာ အားလုံး စိစိညက်ညက်ချေပစ်ဖို့ စစ်မျက်နှာဖြန့်ကာ ဆီးကြိုလိုက်သည်။ တပ်၂တပ် မျက်နှာချင်းဆိုင်မိတော့ ရှန်ဝမ်က တစ်ဖက်စစ်တပ်ထိပ်က ရှန်းချန် ၏ဆင်ဆီသို့ မာန်ဟုန်ပြင်းစွာ တရကြမ်းပြေးကာ တိုက်တော့သည်။

ရှန်ဝမ် ၏ ရဲရင့်သောထိုးဖောက်မှုကိုတွေ့တော့ လက်ယာ၊ လက်ဝဲမှ စစ်သူကြီးနှစ်ဦးက အတင်းဝင်ရောက် ထိုးခုတ်တိုက်ခိုက်တော့သည်။ ရှန်းလျန်သည် အစွယ်ဖွင့်ကာ တရကြမ်းပြေးဝင်သော တိုက်ဆင်ကြီးကို လည်းကောင်း၊ ဆင်ထက်က လှံဝင့်ကာ ဝင်လာသော ရှန်ဝမ် ကိုလည်းကောင်း ထိပ်တိုက်တွေ့စဉ် ရုတ်တရက်သတ္တိကြောင်လာ ကာ ဆင်ထက်မှဆင်းပြေးကာ မြင်းပေါ်ပြောင်းပြီးနောက် လုံခြုံရာကို ဆုတ်သွားတော့ သည်။ တကယ်တော့ ရှန်လျန်က တိုက်ရည်ခိုက်ရည် ကောင်းလှသည် မဟုတ်ပဲ ကျူးကော်လျန့် အချစ်ဆုံး မိဖုရား၏မောင် တစ်ဦးဖြစ်သောကြောင့် အတွေ့ကြုံရင့်သော စစ်သေနာပတိချုပ်ကြီးများကို ရှင်းပစ်ပြီးနောက် ထိုနေရာကို ရရှိလာသူဖြစ်သည်။


စစ်ပွဲအတွေ့ကြုံနည်းသည့်အပြင် ယခုနေရာကိုလည်း ကျူးကော်လျန့်မင်းကြီးကို အလိုလိုက် အကြိုက်ဆောင်ကာ ရာထူးခုန်တက်ပြီးရလာသဖြင့် တကယ့် သေရေးရှင်ရေး တိုက်ပွဲများတွင် သွေးကြောင်က ထွက်ပြေးဖို့ လုပ်တော့သည်။


 ရှန်ဝမ် က မြားဖြင့် တစ်ဖက်ဆင်ဦးစီးကို ပစ်ကာ ကြွေးကြော်လိုက်သည်။

"တိုက်.. ကျင်းပြည်ဘက်က စစ်ဦးစီးကျပြီ.. တိုက်ကြ.."

ရှန်ဝမ် က ရှန်လျန် ဆင်ထက်က ဆင်းပြေးသည်ကိုတွေ့တော့ ထိုသို့ဟစ်ကြွေးလိုက်သည်။ ကျင်းပြည်ဘက်က ဆင်ထက်ကိုလှမ်းကြည့်တော့ စစ်သေနာပတိချုပ် ရှန်းလျန်ကို မတွေ့သဖြင့် ရှန်ဝမ်  ပြောသည့်စကားကို တကယ်ထင်မှတ်ကာ ထိတ်လန့်သွားစဉ် တထန်ဘက်က စစ်သည်တော်များက စိတ်အားထင်မှတ်ကာ ထိတ်လန့်သွားစဉ် တထန်ဘက်က စစ်သည်တော်များက စိတ်အားတက်ကြွစွာ တရကြမ်းပြေးလာသဖြင့် အားလုံးကြောက်လန့်ကာ စစ်ရှိန်တန့်သွားတော့သည်။

နှစ်ဦးနှစ်ဖက်တပ်များ ဆင်ဆင်ချင်း၊ မြင်းမြင်းချင်း ထိပ်တိုက်တွေ့စဉ် ထိုနေရာတဝိုက် အော်သံဟစ်သံများညံကာ ပြင်းထန်သောတိုက်ပွဲကြီး စတင်တော့သည်။
တထန်တပ်သားများက သေမထူး၊ နေမထူးစိတ်ဖြင့် အသက်ရှင်ဖို့ အစွမ်းကုန်တိုက်ချိန်၊ ကျင်းပြည်ဘက်မှ စစ်သည်များက သွေးပျက်ခြောက်ခြားကာ ဟိုပြေးသည်ပြေးနှင့် နောက်ဆုံး တပ်က ၄စုကွဲသွားတော့သည်။

ကျင်းပြည်ဘက်မှ လက်ထောက် စစ်သေနာပတိချုပ်ဖြစ်သူ မုန့်ဖူက စစ်ပွဲအခြေအနေကို အကဲခတ်ကာ ရှန်ဝမ် ကို သတ်နိုင်လျှင် တထန်ဘက်က စိတ်ဓာတ်ကျမည်ကို သိသောကြောင့် လက်ရွေးစင်သူရဲကောင်းများကို ရှန်ဝမ် ၏ဆင်ကို ဝိုင်းပိတ်ဆို့ထားစေပြီး မုန်ဖူ ကိုယ်တိုင် လုပ်ကြံဖို့ဆုံးဖြတ်လိုက်သည်။

တထန်ဘက်မှ တိုက်ဆင် ၄စီးက ရှန်ဝမ်၏တိုက်ဆင်ကို ဝိုင်းပိတ်ဆို့ကာ ညှပ်ထားစဉ် မုန့်ဖူက သူ့ဆင်ထက်မှ ဓားကိုဝင့်ပြီး ကျင်းပြည်ဘက်မှ စစ်သူရဲ၄ဦးနှင့်တိုက်နေသည့် ရှန်ဝမ် ကို အနောက်ဘက်က ဓားနှင့်ပိုင်းဖို့ ပြင်လိုက်သည်။

"သေနာပတိချုပ်ကြီး.. သတိထား.."

တထန်ဘက်က စစ်သူကြီးများက မိမိတို့စစ်သေနာပတိချုပ်၏ အန္တရာယ်ကိုတွေ့တော့ အော်ဟစ်ကာ ဆင်ကိုတရကြမ်းနှင်လာပေမယ့် မမှီတော့ပေ။ ဓားသွားက ရှန်ဝမ် ၏ဇက်ကို ခုတ်ပိုင်းချလိုက်တော့သည်။

ထိုစဉ် မမျှော်လင့်ဘဲ အနောက်ဘက်မှ မြှားတစ်စင်းကလွင့်ပျံလာပြီး မုန့်ဖူ၏လည်ပင်းကို ဖောက်ထွင်းသွားခဲ့သည်။ ရှန်ဝမ် က ထိုအခါမှ မိမိသေဘေးက ကပ်လွတ်သွားတာ သိလိုက်သည်။ ငွေရောင်အမွှေးတပ်ထားသည့် မြားတွေက ရှန်ဝမ် ကို ဝိုင်းတိုက်နေသော ကျင်းပြည်စစ်သူကြီးများအားလုံးကို သတ်ဖြတ်ပစ်လိုက်သဖြင့် ကျင်းပြည်ဘက်က သွေးပျက်ကုန်ကြသည်။

ရှန်ဝမ် က ထိုငွေရောင်အမွှေးတပ်မြားကို တွေ့လိုက်တော့ ပြုံးလိုက်ပြီး တိုက်ပွဲကို ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက်စေသည်။ မိမိတို့တပ်ကဲစစ်သူကြီး ကျဆုံးသည်ကိုတွေ့တော့ ကျင်းပြည်တပ်များ ထွက်ပြေးသူကပြေး၊ အညံ့ခံသူကခံဖြင့် ချန်းပင်း တိုက်ပွဲကို တထန်ဘက်က အပြတ်အသတ် အောင်မြင်သွားခဲ့သည်။

ရှန်ဝမ် က ရန်သူဘက်မှ ဖမ်းဆီးရမိသော ဆင်၊ မြင်း၊ လက်နက်၊ စစ်သည်တော်များကို ကောက်သိမ်းစုစည်းကာ ချင်းရှီဟွမ် ၏ ဖောင်တော်ဆိုက်ရောက်သည်နှင့် ဆက်သဖို့ ပြင်ဆင်ထားခဲ့သည်။

ချန်းပင်း တိုက်ပွဲတွင် မိမိတို့ထက် စစ်သည်အင်အား ၈ဆသာသည့် ကျင်းပြည်တပ်ကို အောင်နိုင်သွားသဖြင့် တထန်တပ်မှ အိပ်မက်မက်နေသူလို ခံစားရပြီး စစ်သေနာပတိချုပ်အပေါ် ယုံကြည်မှု ပိုပြင်းထန်လာကြသည်။ အသက်ရှင်ဖို့ တစ်လမ်းသာကျန်ချိန်မှာ တထန်တပ်သားတို့က ဘာကိုမှမတွေးဘဲ ရဲရင့်စွာတိုက်ခိုက်နိုင်ခြင်းက ဒီတိုက်ပွဲကိုအောင်မြင်စေဖို့ အဓိကအချက်ဖြစ်သည်။ ဒါကြောင့် ဘယ်ကိစ္စကိုမဆို 'သေရင်မြေကြီး၊ ရှင်လျှင်ရွှေထီး' ဆိုသည့်စိတ်နှင့် လုပ်ဆောင်ပါက သေချာမုချအောင်မြင်မည်ဆိုတာ ဒီတိုက်ပွဲက သက်သေပြသွားလေပြီ။
•••••••••••*•••••••••

လှေတော်ဆိုက်ဆိုက်ချင်း တိုက်ပွဲမှရသည့် ပဏ္ဏာများနှင့် စောင့်ကြိုနေသော ရှန်ဝမ် ကိုတွေ့ရတော့ ချင်းရှီဟွမ် က ဒေါသနှင့်ပြောလိုက်သည်။

"မင်းက ငါကိုယ်တော်ကိုမစောင့်ဘဲ ရန်သူတပ်ကို တိုက်နှင့်တယ်.. ငါကိုယ်တော်ရဲ့ စစ်ပွဲကို တမင်ဖျက်တာမဟုတ်လား.."

ထိုစကားကိုကြားသော် ရှန်ဝမ် ၏ဘက်မှ စစ်မှူးများအားလုံး တုန်လှုပ်ကာ မော့ပင်မကြည့်ဝံ့တော့ပေ။ သွားပြီ.. မင်းကြီး စိတ်ဆိုးသွားလေပြီ..။

ချင်းရှီဟွမ် သည် သူ့ဆီပါသွားသည့် ဆင်၊ မြင်း၊ စစ်သည်က ချန်းပင်း ချောင်းတစ်ဖက်ကမ်းမှာ တပ်စွဲထားသည့် ကျင်းပြည်တပ်များနှင့် အင်အားချင်းကွာသည်ကို အထောက်တော်ထံမှ သိလိုက်ကတည်းက အဆောတလျင် ခြေမြန်တော်လွှတ်ကာ တားဆီးခဲ့ပါလျက် မိမိအမိန့်ကို လျစ်လျှူရှုကာ တိုက်ပွဲကိုတိုက်ထားနှင့်သည့် ချစ်သူကိုကြည့်ရင်း ဒေါသတို့ အလုံးအရင်း ထွက်လာခဲ့သည်။

သူလုပ်ကြံခံရဖို့ တည်းတည်းလေးသာလိုတော့သည့်သတင်းက ချင်းရှီဟွမ် ရင်ကို မီးနှင့်တိုက်သလို ပူလောင်သွားစေပြီး ညပင်မနားဘဲ ချက်ချင်း ၄ရက်ခရီးကို ၂ရက်နှင့် ဆန်တက်လာခဲ့ရသည်။ သူ၏ဇွတ်တရွတ်စိတ်ကိုသိလို့ မိမိ၏လက်ရွေးစင်မြား တပ်သားတစ်စုကို သူ့နောက်မှ လိုက်လံစောင့်ရှောက်ဖို့ အမိန့်ပေးမိတာ ကံကောင်းသည်။ မဟုတ်လျှင်...... သူ တိုက်ပွဲမှာကျသွားပါက မိမိနှလုံးသားလည်း တစ်စစီကြွေရတော့မှာ သေချာသည်။

သူက မိမိ၏ဒေါသစကားကိုကြားပေမယ့် စိုးထိတ်ခြင်းမရှိဘဲ ဒူးထောက်ကာ ရိုသေစွာလျှောက်ထားခဲ့သည်။ ဒီစကားကိုကြားရတော့ ချင်းရှီဟွမ် ၏ဒေါသအားလုံး လွင့်ပြယ်သွားကာ ပီတိတို့က ရင်ဘတ်ကြီးတစ်ခုလုံး ဘောင်ဘင်ခတ်ကာ ပြည့်လျှံသွားတော့သည်။

"ယခုချန်းပင်း တိုက်ပွဲက အရှင့်ဘုန်းတော်နှင့် ထိုက်တန်သောစစ်ပွဲမဟုတ်ပါ.. ကျွန်ကျွန်ချင်းတိုက်ရသော ပွဲဖြစ်သဖြင့် အရှင့်ကျွန်က အရင်တိုက်နှင့်ထားကြောင်းပါ.. နောင်မှာ တိုက်ပွဲများစွာကျန်ပါသေးတယ်.. ကျင်းပြည်ပြည့်ရှင်နှင့်တွေ့မှသာ အရှင်တိုက်တော်မူပါ.."

ဒီစကားများက ပုံမှန်ဘုရင်တစ်ပါးကို မြှောက်ပင့်သောစကားဟုထင်ရပေမယ့် ကျင်းပြည်ဘုရင်၏ အင်အားတစ်ဝက်တိတိကို ဘာကြောင့် သူတမင်အသေခံကာ ကြိုတိုက်ထားသည်ကို မိမိအသိဆုံးဖြစ်သည်။

"အရှင်လျှောက်မယ့်လမ်းက ဆူးငြှောင့်ခလုတ်များအားလုံးကို ကျွန်တော်မျိုး ရှင်းလင်းထားပါမည်။ အရှင်လိုလားတောင့်တသော လက်နက်နိုင်ငံတော်ကြီးကို အမြန်ဆုံး ထူထောင်နိုင်ဖို့ ကျွန်တော်မျိုး စိတ်အားကိုယ်အားရှိသမျှ ရှေ့ဆုံးမှ လမ်းထွင်ပေးပါမည်.."

ဒီစကားနှင့်အညီ သူက မိမိအန္တရာယ်ကင်းဖို့ မိမိအတွက် အချိန်ကုန်သက်သာစေဖို့ ချန်းပင်း တိုက်ပွဲကို စထားနှင့်ခဲ့သည်ကို ချင်းရှီဟွမ် အသိဆုံးဖြစ်သည်။ ရှန်ဝမ် ကို စိုက်ကြည့်ပြီး ချင်းရှီဟွမ်  တစ်ချက်ရယ်လိုက်မိသည်။ ချစ်သူက သူ့ကိုပေးထားသည့် ကတိနှင့်အညီ လုပ်ဆောင်ပေးတာသိရတော့ မပျော်ဘဲမနေနိုင်တော့ပေ။

ချင်းရှီဟွမ် ဘုရင်မင်းမြတ် ထံမှ ရယ်သံကိုကြားရမှ နှစ်ဖက်စစ်သူကြီးများ စိတ်သက်သာရာရသွားခဲ့သည်။

"ဒီသုံ့ပန်းနှင့်တိုက်ဆင်များ၊ မြင်းများက အရှင့်ဘုန်းတော်ကြောင့် ရရှိလာသော အရာများဖြစ်ကြောင်းပါ.."

ရှန်ဝမ် ၏ ပေးအပ်သောစာရင်းကို စာတော်ဖတ်က ကြေငြာပေးလိုက်သည်။ တပင်ရွှေထီးနှင့်အတူ ရေကြောင်းမှချီတက်လာသော စစ်ကဲ၊ စစ်သူကြီးများက မျက်လုံးမျက်ဆံပြူးကာ ရှန်ဝမ် ကို ဝိုင်းကြည့်လိုက်ရင်း တွေးလိုက်မိသည်။ "ဒီကောင်က တစ်နေ့ထက်တစ်နေ့ လက်စောင်းထက်လာတယ်၊ သူရှိရင် ငါတို့ အစွမ်းပြခွင့်တောင် ကျန်ပါဦးမလား" ဟူ၍ဖြစ်သည်။

ချင်းရှီဟွမ် သည် ထိုစာရင်းကြေငြာမှုအဆုံးမှာ အားလုံးအံ့အားသင့်စေမည့် အမိန့်ကို ကြေငြာခဲ့သည်။

"ရှန်ဝမ် သည် အောင်ပွဲများစွာကို ဆောင်ကြဉ်းပေးသည့် သူရဲကောင်းဖြစ်တယ်.. ဒါကြောင့် ငါ၏လက်ရုံးကဲ့သို့ ငါ၏ကိုယ်ပွားကဲ့သို့ အားကိုးယုံကြည်ရတဲ့ ရှန်ဝမ် ကို ငါကိုယ်တော်ဆင်မြန်းထားတဲ့ နန်းစဉ် လက်စွပ်ကို ဆုလာဘ်အဖြစ် ချီးမြှင့်မည်။  'ရှန်ဝမ် ' ကို ငါကိုယ်တော်၏နောင်တော် အဖြစ်သတ်မှတ်ပြီး 'ထိုက်ကျုံးနယ်စားကြီး' အဖြစ်ကို တိုးမြှင့်ခန့်အပ်စေ.."

"သင့်မြတ်လှကြောင်းပါဘုရား.."

မှူးမတ်စစ်ကဲအားလုံး တစ်ပြိုင်တည်းလျှောက်လိုက်ကြသည်။

"ထိုက်ကျုံးနယ်စားကြီး.. ရှေ့တော်ကိုတိုးစေ.."
  ရှန်ဝမ်က အရှင့်ကို အံ့အားသင့်မြတ်နိုးစွာကြည့်ကာ ရိုသေစွာရှေ့တိုးပြီး ခြေတော်ရင်းမှာ ဒူးတုပ်လိုက်သည်။

ချင်းရှီဟွမ် က လက်မှာဝတ်ထားသည့် နန်းစဉ် လက်စွပ်ကိုချွတ်ကာ ကိုယ်တော်တိုင် ဝတ်ဆင်ပေးလိုက်တော့သည်။

အရှင့်လက်နှင့် ကိုယ်တိုင်ဝတ်ပေးသော လက်စွပ်ကိုစိုက်ကြည့်ကာ စစ်ထူရှန့်ယွီ၏ နားရွက်ဖျားများ ရဲတက်လာအောင် ပီတိဖြစ်လာခဲ့သည်။

ဒါ ချစ်ခြင်းဖြင့်ပေးအပ်သော လက်စွပ်ပင်ဖြစ်သည်..။

👑💍👑💍👑💍👑💍👑💍

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now