မနွမ်းလေနှင့် ပန်းကြွေ(Unicode)

4.4K 232 9
                                    

ဒီရေလှိုင်းဖွေးဖွေးတို့သည် ကမ်းစပ်ဆီသို့် ပုတ်ခတ်ပြေးဝင်လာပြီး အမြှုပ်ဖြူဖြူတို့သည် သဲပြင်ထဲ မြှုပ်ဝင်၍ ပျောက်ကွယ်ကြကုန်၏။ ထို့အတူ သဲကဏန်းကောင်၊ ဝင်ကစွပ်ကောင်များသည် သောင်ပြင်တစ်လျှောက် ပြေးလွှား၍ သူတို့၏ အသိုက်အမြုံ အတွင်းပေါက်ထဲသို့ ဝင်ချည်ထွက်ချည်လုပ်ကြ၏။ စင်ရော်ဌက်တို့သည်လည်း ​အမြင့်ဆီ၌ အုပ်စုဖွဲ့ ပျံသန်းကြရင်း ခရီးဆက်ကြကုန်၏။ ဤသို့သော သဘာဝတရားများ၏အသံမှာ ဤနေ့ ဤအချိန် ဤမိန်းကလေးအတွက် နောက်ဆုံးနှုတ်ဆက်ခြင်းပေလော့။

ကျွန်မဘဝတွင် ရင်နှင့်အမျှ မြတ်နိုးရပါသော မိန်းကလေးတစ်ဦး ရှိခဲ့ဖူးသည်။ မြင်မြင်ချင်းအချစ်ဟုတ်သော်လည်း ချစ်ခြင်းအစ မျက်ဝန်းက ဟူ၍ မဆိုသာ ။ မေတ္တာနှင့်အိမ်နီးချင်းဖြစ်သော ဂရုဏာတရားမှ စတင်ခဲ့ခြင်းပေမို့တည်း ။

လွန်ခဲ့သော နှစ်နှစ်ခန့် နေခြစ်ခြစ်တောက် ပူနေသည့် နွေရာသီ မနက်ခင်းတစ်ခု၌ နေပူကြီးထဲ အမိုးအကာမပါဘဲ အပူဒဏ်ကို အံတု၍ လမ်းလျှောက်နေသော သူမကို စတင်တွေ့ခဲ့ရ၏။ သူမသည် နွမ်းဖတ်ဖတ် စိမ်းနုရောင်ရှပ်လက်တိုနှင့် လျှော်ရေကြိမ်များမှုကြောင့် အရောင်ဖျော့နေသည့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ထား၏။ သူမ၏ လက်တစ်ဖက်တွင် သတင်းစာ၊ စာစောင်အထပ်လိုက်ကို ပိုက်ထားပြီး အခြားလက်တစ်ဖက်တွင်မူ နီညိုရောင် တုတ်ကောက်တစ်ချောင်းကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်ထား၏။ သူမသည် လမ်းဘေးတွင် သတင်းစာရောင်း ၊ လက်ကမ်းစာစောင်ဝေနေသည့် ​မျက်မမြင်မိန်းကလေးတစ်ဦး ဖြစ်၏။ မီးပွိုင့်မိ၍ စီတန်းရပ်စောင့်နေရသော ကားတန်းကို အမှီပြုကာ သူမသည် သူမအလုပ်သူမ လုပ်နေရှာ​သည်။

"သတင်းစာဝယ်ဦးမလားရှင့် ၊ သတင်းထူး သတင်းဦးတွေပါတယ်''

အသံစာစာနှင့်အတူ ကျွန်မ၏ကားဆီသို့ ရောက်လာသည့်သူမသည် ကားမှန်ပြတင်းမှတစ်ဆင့် ကျွန်မဆီသို့ သတင်းစာစောင်ကို ကမ်းပေးနေလေ၏။ နေရောင်အောက်မှ သူမ၏ မျက်နှာသည် ဘုရားသခင်ကောင်းချီးပေးခံရသကဲ့သို့ ဝင်းလဲ့ပြုံးချိုနေပြီး လှုပ်ရှားမှုမရှိသော သူမ၏မျက်ဝန်းသည် သိပ်ကို နူးညံ့လှပလွန်းကြောင်း မြင်မြင်ချင်း ကျွန်မသတိထားမိခဲ့ရသည်။

Short Stories CollectionWhere stories live. Discover now